Latest News

Saturday, June 3, 2017

KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မူဆယ်မြို့၊ တောင်ရပ်ကွက်ရှိ CB ဘဏ်သို့ ခြိမ်းခြောက်ဆက်ကြေးကောက်ခံသည့် စာတစ်စောင်ပေးပို့

KIA  အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မူဆယ်မြို့၊ တောင်ရပ်ကွက်ရှိ CB ဘဏ်သို့ ခြိမ်းခြောက်ဆက်ကြေးကောက်ခံသည့် စာတစ်စောင်ပေးပို့

နေပြည်တော် ဇွန် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ တောင်ရပ်ကွက်ရှိ CB ဘဏ်သို့ ဇွန် ၁ ရက် နံနက် ၈ နာရီခွဲခန့်တွင် အသက် ၃၀ ခန့်ရှိ အမျိုးသားတစ်ဦးရောက်ရှိလာပြီး CB ဘဏ်ရှိ ဘဏ်ဝန်ထမ်းတစ်ဦးထံသို့ “အခွန်ထမ်းဆောင်ရန် အသိပေးအကြောင်းကြားခြင်း”ခေါင်းစဉ်ပါ KIA  အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့၏ ခြိမ်းခြောက်ဆက်ကြေး ကောက်ခံသည့် စာတစ်စောင်ပေး၍ ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။

အဆိုပါ ခြိမ်းခြောက်စာတွင်  “အခွန်ထမ်းဆောင်ရန် အသိပေးအကြောင်းကြားခြင်း၊ အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ CB ဘဏ်အား အသိပေးလိုက်သည်၊ K.I.O/K.I.A (တောင်ပိုင်းတိုင်း)သည် ဒေသအတွင်းစီးပွားရေးလာရောက်လုပ်ကိုင်သောလုပ်ငန်းရှင်များ၊ အစုအဖွဲ့များ၊ ကုမ္ပဏီတို့တွင် အခွန်စည်းကြပ်ကောက်ခံသည်မှာ နှစ်စဉ်နှစ်တိုင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ CB ဘဏ်သည်လည်း အများနည်းတူ သတ်မှတ်ထားသည့်အခွန်တော်ငွေ ထမ်းဆောင်ရမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားလိုက်သည်။

မှတ်ချက်။
၁။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ထမ်းဆောင် ရမည့်အခွန်ငွေမှာ ကျပ် ၆၀၀၀၀၀၀၀(သိန်း ခြောက်ရာကျပ်) တိတိဖြစ်သည်။

၂ ။ အခွန်ငွေကို အခွန်ဌာနခွဲ (K.I.O တောင်ပိုင်းတိုင်း)ရုံးတွင် လာရောက်ပေးဆောင်ရမည်။

၃ ။ ဤကိစ္စနှင့်ပတ်သက်၍ စာအမှတ်၊ 51/R-1/S.Div/Rev.Br/၂၀၁၇ နေ့စွဲ။ ၂၀၁၇ ခုနှစ်၊ မေလ (9)ရက်ဖြင့် တစ်ကြိမ်အကြောင်းကြားပြီးဖြစ် သော်လည်း အကြောင်းပြန်လာရောက်ပေးဆောင်ခြင်းမရှိသဖြင့် နောက်ဆုံးအကြိမ်ဖြင့် အသိပေး အကြောင်းကြားလိုက်သည်။

၎။(၁၀.၆.၂၀၁၇)ရက်နေ့ နောက်ဆုံးထားပေးဆောင်ရမည်”ဟု ခြိမ်းခြောက် ဆက်ကြေးတောင်းခံထားသည်ကို တွေ့ရှိရသည်။

KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် မတ် ၈ ရက်တွင် မူဆယ်မြို့ရှိ မြ၀တီဘဏ်သို့လည်းကောင်း၊ မေ ၂၇ ရက်တွင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ ပင်လုံ(၄)လမ်းရှိကုန်သည်တစ်ဦးပိုင်ဆိုင်သော ပြောင်းဖူး ဂိုဒေါင်သို့လည်းကောင်း ခြိမ်းခြောက်ဆက်ကြေးတောင်းခံသည့် စာများပေးပို့ခဲ့ဖူးပြီး ယခုလည်း CB ဘဏ်သို့ ခြိမ်းခြောက်အကြောင်းကြားစာပေးပို့လာရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အဆိုပါနေရာတစ်ဝိုက်၌ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment