တင်ဒါ နောက်ကျမှုကြောင့် မွန်ပြည်နယ် မူလတန်း ဗလာစာအုပ်ကို ဇွန် ၂ ရက်ထိ ထုတ်ပေးနိုင်ခြင်း မရှိသော်လည်း၊ သင်ကြားရေးကာလအတွင်း ဇွန် ၁၀ ရက်မတိုင်မီ ရရှိရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မွန်ပြည်နယ်ပညာရေးမှူး ဦးမျိုးတင်အောင်က ဇွန် ၂ ရက် ညနေပိုင်းတွင် ပြောကြားသည်။
“ဟုတ်ကဲ့ မှန်တယ်။ တင်ဒါခေါ်တယ်။ တင်ဒါစိစစ်ရေးအဖွဲ့က တင်ဒါဖောက်သည့် အချိန်နည်းနည်း နှောင်းခဲ့တယ်။ နှောင်းတော့ တင်ဒါတင်ကုမ္ပဏီ နှစ်ရှိပါတယ်။ ကုမ္ပဏီနှစ်ခု က လိပ်စာတစ်ခုတည်းပါ။ ကုမ္ပဏီတစ်ခုတည်း ဖြစ်တော့ ရွေး၊ ဆစ်စရာ မရှိပါဘူး၊ တို့ဖောက်တဲ့အချိန် ဆရာတို့လိုချင်တာက ကျောင်းအပ်နှံကာလအတွင်းမှာ ရစေချင်တာပေါ့၊ ဆရာကြီးရယ် ကျွန်တော် မပေးနိုင်တော့ဘူး။ ကရင်မှာလည်း အဲဒီကုမ္ပဏီပဲ။ ဒီမှာလည်း အဲဒီ ကုမ္ပဏီပဲ။ အဲဒီလိုမျိုးဖြစ်တဲ့ခါ ဆရာကတော့ ၀န်ကြီးရယ်။ ဒီလိုဒီလို အခြေနေရှိသွားပြီ။ ကျွန်တော်တို့ဘက်ကတော့ ကျောင်းအပ်နှံတဲ့ ကာလအတွင်းမှာတော့ နည်းနည်းလောက် သူက အချိန်ကာလလည်း ဆိုင်းလာပြီး သူပြောတဲ့အတိုင်းပဲ လက်ခံလိုက်ရတယ်။ ကျွန်တော်တို့က စည်းမျဉ်း စည်းကမ်းအရပေါ့။ အချိန်ကာလက နည်းနည်းလောက် နောက်ကျသွားတယ်။ ဒါကလည်း ၀န်ကြီးချုပ်၊ ၀န်ကြီးကို အသိပေးပြီးတော့ ဆောင်ရွက်ရပါတယ်”ဟု ဦးမျိုးတင်အောင်က ပြောကြားသည်။
မော်လမြိုင်မြို့နယ် မြို့လယ်၊ မြို့စွန် ရပ်ကွက်တို့တွင် ကျောင်းအပ်နှံသော အုပ်ထိန်းသူများက ဇွန် ၂ ရက်အထိ မူလတန်း ဗလာစာအုပ် မရရှိခြင်းအပေါ် မော်လမြိုင်မြို့နယ် ပညာရေးမှူးရုံးသို့ ဆက်သွယ်မေးရာ ဒုမြို့နယ်ပညာရေးမှူး ဦးအောင်နိုင်က “အရင်နှစ်က မေ ၂၅ ရက်တွင် ရရှိခဲ့သော်လည်း၊ ယခုနှစ်တွင် ပြည်နယ် ထုတ်မပေးရသေးကြောင်း၊ လာမည့်အပတ်တွင် လာပို့မည်ဟု ပြောကြားပါသည်။ ယင်းပြောကြားချက်အရ မွန်ပြည်နယ် ပညာရေးမှူးထံ သွားရောက်စုံစမ်းရာ အထက်ပါအတိုင်း ပြောကြားသည်။
ဦးမျိုးတင်အောင်က ဆက်လက်ပြောကြားရာ “လတ်တလော အဆင်ပြေစေရန် မော်လမြိုင်၊ သထုံခရိုင်တို့တွင် အရံထားရှိသော စာအုပ်များကို မြို့နယ်၊ ကျေးရွာများသို့ ဖြန့်ဝေပေးထားပါကြောင်း၊ သင်ကြားရေးကာလ၊ ဇွန် ၁၀ ရက်အတွင်း ရရှိအောင် ဆောင်ရွက်သွားပါမည် ဖြစ်ကြောင်း၊ မိမိတို့ ရသင့်သည်များကို ရရှိမည်ဖြစ်ကြောင်းနှင့် ယင်းအခြေနေများကို မိဘများသို့ မေတ္တာရပ်ခံချက် အနေဖြင့် ကြေညာထားပြီး ပူးပေါင်းဖြေရှင်းရန်အတွက် ရှင်းလင်းပြောကြားရန်လည်း ကျောင်းအုပ်ကြီးများကို မှာကြားထားသည်။
စတုတ္ထတန်း တက်သူ ကျောင်းသားအုပ်ထိန်းသူ တစ်ဦးက ပြောကြားရာ “မနှစ်က မေ ၂၅ ကျောင်းအပ်တာနဲ့ တစ်ခါတည်းရတယ်။ နှစ်စဉ် ကျောင်းဖွင့်ချိန်က ပုံမှန်အတိုင်း သွားနေတာ။ ဒီနှစ်မှာ မရတာက သံသယဖြစ်တာပေါ့။ ဒီလိုအခက်ခဲကြောင့် နောက်ကျမယ် ဆိုတာလည်း ပွင့်ပွင့်လင်းလင်း ပြောရမှာပေါ့၊ သိတဲ့အတိုင်း ကျောင်းတွေမှာ ကျောင်းအပ်ရဖို့ မမေးရဲ၊ မမြန်းရဲ၊ လက်မှတ်ထိုးဆို ကွက်လပ်လည်း ထိုးပေးရပါတယ်။ ကိုယ့်ကလေး မျက်နှာထောက်ပြီး ဘာမှမပြောလိုပါဘူး။ ပုံမှန်ဖြစ်နေတဲ့ဟာ တစ်ခုကို ဘာကြောင့် အဆင်ပြေအောင် မလုပ်နိုင်တာလဲဆိုတာ မေးခွန်းထုတ်စရာပါ”ဟု ဆိုသည်။
မွန်ပြည်နယ်တွင် ကျောင်းဝင်ရောက်မှု ၉၀ ရာခိုင်နှုန်း ကျော်နိုင်ပြီး၊ အခြေခံပညာကျောင်း (ထက်၊လယ်၊မူ) ပေါင်း ၁၄၉၀ ရှိကြောင်း၊ ယခင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် စာရင်းအရ မူလတန်းကျောင်းသား ၁၈၈၂၈၄ ရှိခဲ့ရာ၊ ယခုနှစ်တွက် နှစ်ရာခိုင်နှုန်း ဆောင်း၍ အခမဲ့ပေးမည့် စာအုပ်များအတွက် ခွင့်ပြုငွေ ကျပ်သန်း ၁၈၈ ဒသမ၂၁၄ ဖြင့် တင်ဒါကို ၂၀၁၇ ခုနှစ် ဧပြီလ တတိယပတ်တွင် ခေါ်ယူ ဖွင့်လှစ်ခဲ့ကြောင်း၊ မွန်ပြည်နယ်ပညာရေးမှူး ရုံးက သိရသည်။
မောင်မောင်ရွှေမြိုင်
Eleven Media Group
No comments:
Post a Comment