Latest News

Wednesday, June 28, 2017

ဝေါမြို့နယ်တွင် ဆိုင်ကယ်နှင့် ၁၂ ဘီးကားတို့ မျက်နှာချင်းဆိုင် ပွတ်တိုက်မိရာမှ ဝေါမြို့နယ် ဒုတိယတရားသူကြီး သေဆုံး၍ တစ်ဦးပြင်းထန်ဒဏ်ရာရ

ဝေါမြို့နယ်တွင် ဆိုင်ကယ်နှင့် ၁၂ ဘီးကားတို့ မျက်နှာချင်းဆိုင် ပွတ်တိုက်မိရာမှ ဝေါမြို့နယ် ဒုတိယတရားသူကြီး သေဆုံး၍ တစ်ဦးပြင်းထန်ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး ဝေါမြို့ဝင် ဘီးခွန်ဂိတ်အနီးတွင် ဇွန် ၂၈ ရက်နေ့ နံနက်ပိုင်းက ဆိုင်ကယ်နှင့် ၁၂ ဘီးယာဉ်တို့ မျက်နှာချင်းဆိုင် ပွတ်တိုက်မိရာမှ ဆိုင်ကယ်မောင်းလာသူ ဝေါမြို့နယ် ဒုတိယတရားသူကြီး (၁) သေဆုံး၍ ဆိုင်ကယ်နောက်တွင် လိုက်ပါသူ ဒုတိယမြို့နယ် ဥပဒေအရာရှိမှာ ပြင်းထန်ဒဏ်ရာ ရရှိကာ ဆေးကုသမှု ခံယူခဲ့ရကြောင်း ဝေါမြို့မရဲစခန်းမှ သိရသည်။

“သေတာက တစ်ယောက်ပါခင်ဗျာ၊ တစ်ယောက်ကတော့ ရန်ကုန်ဆေးရုံကို လွှဲထားပါတယ်၊ ဒဏ်ရာအခြေအနေကတော့ အတွင်းလူနာနဲ့ ကုသနေရတယ်ဗျ၊ အလောင်းကတော့ သယ်မယ်လို့ ပြောပါတယ်ဗျ ကျွန်တော်တို့ ကတော့ ၃၀၄-က/၃၃၈ နဲ့ အမှုဖွင့်ထားပါတယ် နှစ်ယောက်လုံး ဖွင့်တာပါ” ဟု ဝေါမြို့မရဲစခန်းမှူး ဒုရဲမှူးတင့်ဆွေက ပြောကြားသည်။

ဖြစ်စဉ်မှာ ဇွန် ၂၈ ရက် နံနက် ၀၀း၃၀ နာရီခန့်က ဝေါမြို့နယ် ချမ်းမြသာစည်ရပ်ကွက်၊ မြို့ဝင်ဂိတ်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဝေါမြို့မရဲစခန်းမှ တာဝန်ရှိသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်အရ ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် ၇၀ မိုင် ၀ ဖာလုံနှင့် ၁ ဖာလုံအကြား ဘုရားကြီးမြို့ဘက်မှ ဝေါမြို့ဘက်သို့ ဦးသီဟလွင် ၂၈ နှစ် (ဘ) ဦးမောင်မောင်လွင် ဒုတိယမြို့နယ် တရားသူကြီး (၁) ဝေါမြို့နယ် တရားရုံး ၀န်ထမ်းအိမ်ရာ၊ ဝေါမြို့နေသူမှ ယာဉ်အမှတ် ၃၀ ယ/၂၉၄၇၇ SCOOPYI အမျိုးအစား အနက်ရောင် ဆိုင်ကယ်အား ဆိုင်ကယ်နောက်တွင် ဦးစိုင်းသီဟ ၂၈ နှစ်(ဘ)ဦးကျော်ဦး ဒုတိယမြို့နယ် ဥပဒေအရာရှိ (ဝေါမြို့နယ်) နေသူအား တင်ဆောင်မောင်းနှင်လာစဉ် ဝေါမြို့ဝင်ဘီးခွန် ဂိတ်အနီး၌ သထုံမြို့ဘက်မှ ဘုရားကြီးမြို့ဘက်သို့ ဦးသန်းထွန်း ၅၂ နှစ်(ဘ) ဦးကျော်ဝေ၊ ဘီအိုစီလမ်း၊ အောက်ကျင်းရပ်ကွက်၊ သထုံမြို့နေသူ မောင်းနှင်လာသော 6K/--- FUSO အမျိုးအစား ၁၂ ဘီးယာဉ်နှင့် မျက်နှာချင်းဆိုင် ရှောင်တိမ်းကြရာမှ ဆိုင်ကယ်နှင့် ၁၂ ဘီးကားတို့၏ ဦးခေါင်းဝဲဘက်ခြမ်းခြင်း ပွတ်တိုက်မှု ဖြစ်ပွားကာ ဆိုင်ကယ်နှင့် ဆိုင်ကယ်ပေါ် လိုက်ပါသူများမှာ လမ်းမပေါ်တွင် လွင့်ထွက်လဲကျ သွားခဲ့ခြင်းဖြစ်သည်။

ယာဉ်မတော်တဆမှုကြောင့် ၁၂ ဘီးယာဉ်မောင်းနှင့် ယာဉ်ပေါ်လိုက်ပါသူများတွင် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိသော်လည်း လမ်းမ၀ဲဘက်ခြမ်း လမ်းလယ်မျဉ်းနှင့် ၃ ပေခန့် အကွာတွင် လဲကျနေသော ဦးသီဟလွင်မှာ ဆိုင်ကယ်လက်ကိုင်နှင့် ဖင်ထိုင်ခုံကြားတွင် ခြေထောက် ၂ ချောင်းညှပ်လျှက် ပက်လက်အနေအထားဖြင့် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ နှာခေါင်း/ပါးစပ်/နား အတွင်းတို့မှ သွေးထွက်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး၊ ဆိုင်ကယ်နောက်တွင် လိုက်ပါသူ ဦးစိုင်းသီဟမှာ ဦးသီဟလွင် လဲကျသေဆုံးနေသည့် နေရာနှင့် ၁၀ ပေခန့်အကွာ လမ်းလယ်မျဉ်းအနီး၌ ၀ဲနားသွေးထွက်၊ ၀ဲဒူးခေါင်းပေါက်ပြဲ၊ ၀ဲတံတောင်နှင့် မေးစေ့တို့ ပေါက်ပြဲဒဏ်ရာများ ရရှိသွား၍ ဒဏ်ရာပြင်းထန်သောကြောင့် ဝေါမြို့ပြည်သူ့ဆေးရုံ မှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွဲပြောင်းကုသထားခဲ့ပြီး (အတွင်းလူနာ-စိုးရိမ်ရ) အခြေအနေဖြင့် ဆေးကုသမှု ခံယူခဲ့ရကြောင်း၊ ယာဉ်မတော်တဆမှုကြောင့် ရှေ့ခေါင်းပိုင်းနှင့် ဒူးကာများ ကြေမွပျက်စီးသွားခဲ့ပြီး ၁၂ ဘီးယာဉ်မှာ ၀ဲဘက်ဘန်ဘာ ပိန်ချိုင့်ပျက်စီးသွားခဲ့ကြောင်း၊ ဝေါမြို့မရဲစခန်း၏ ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်၍ လူသေဆုံးမှုနှင့် ထိခိုက်မှုဖြစ်ပွားအောင် ယာဉ်အား မဆင်မခြင် မောင်းနှင်သည့် ဆိုင်ကယ်မောင်းသူ ဦးသီဟလွင်နှင့် ၁၂ ဘီးယာဉ်မောင်းဖြစ်သူ ဦးသန်းထွန်း တို့အား ဝေါမြို့မရဲစခန်းမှ ယာဉ်(ပ)၃၃/၂၀၁၇၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဇော်ဝင်းချစ် (တောင်ငူ)

Eleven Media Group

No comments:

Post a Comment