Latest News

Tuesday, June 13, 2017

ပေးကားပေး၏ မရ (သို့) ကျမ်းမာရေး ဆေးစစ်ချက်များ အသုံးချခြင်း(၃)


ပေးကားပေး၏ မရ
(သို့)
ကျမ်းမာရေး ဆေးစစ်ချက်များ အသုံးချခြင်း(၃)

“သားရေ ပြန်တော့မလို့လား”
“ဟုတ်ကဲ့ဖေဖေ။ ဒီနေ့တော့ ဖေဖေ့မြေးတွေ လာစောင့်အိပ်ကြမယ်ဆိုတော့ သားလည်း ဒီညတော့ အိမ်ပြန် အိပ်မလားလို့ပါ။
ဖေဖေဘာခိုင်းမလို့လဲ”
“ဘာမှတော့ မခိုင်းပါဘူးကွယ်။ ဖေဖေနားမလည်တာလေးတစ်ခု မေးမလို့ပါ”
“မေးလေဖေဖေ။ သားမပြန်သေးပါဘူး။
ပြီးတော့ အခုပြန်လည်း ရုံးဆင်ချိန်ဆိုတော့ ကားကျပ်နေဦးမှာမို့ မိုးချုပ်မှပဲ ပြန်မှာပါ”
“အေးအေး ဒါဆိုရင်တော့ကွယ်။
မင်းခဏခဏ ပြောနေတဲ့ နေထိုင်စားသောက်မှု စရိုက်အလေ့အကျင့်ကို ပြင်ရမယ်ဆိုတာ ဘာလဲကွ။ သိပ်တရားလွန် မစားနဲ့၊ ဆေးလိပ်မသောက်နဲ့၊ အရက်မသောက်နဲ့ ဆိုတာလောက်ကတော့ သိပါတယ်။
ဒါပေမဲ့ ပိုပြီး ဂဃနဏ သိချင်လို့ပါ”
“ဟုတ်ကဲ့ပါဖေဖေ။
ပထမဦးဆုံး ကိုယ့်ရဲ့ နေထိုင် စားသောက်မှု့က ဘယ်လိုဖြစ်နေသလဲဆိုတာ ကျမ်းမာရေး ဆေးစစ်ဆေးမှု ရှူထောင့်ကနေ ကြည့်ရအောင်လား ဖေဖေ”
“အေးကောင်းတယ်သား။
ကိုယ့်ကိုယ်ကို အရင်သိဖို့ လိုတယ်လေ။ ကဲပြောသား”
“ပထမဦးဆုံး မိမိ စားသောက်တဲ့ အစားအသောက်တွေဟာ သွေးချိုဓါတ်တွေတက်စေတဲ့ အစားအသောက်တွေ စားမိနေလေသလားလို့ စစ်ဆေးကြည့်စေချင်ပါတယ်။
ဒါမှ စားလိုက်တဲ့ အရာခြင်းတူပေမဲ့ ကောင်းကျိုးဆိုးကျိုးတွေ ဘယ်လို ရှိသလဲ သိရမှာမို့ပါ။
ကိုယ့်အစားအသောက် ဓလေ့ အကျင့်က ဘယ်လိုမျိုးလည်းဆိုတာ အခု စစ်ကြည့်စေချင်ပါတယ်။
၁) အချိန်မှန်မှန် စားသောက်ရဲ့လား။
သဘောကတော့ဖေဖေရယ် အချိန်မရလို့ နေ့လည်စာ၊ ညစာ ပေါင်းစားတတ်တာတို့။ ဒါမှမဟုတ် ဘာမှ မစားပဲ နေတတ်သလား ဆိုတာတွေပေါ့”
“ဟားဟား ဒါကတော့ ဖေဖေတို့လို အနုပညာသမားတွေ တော်တော်များများ လိုက်နာမယ်တော့ မထင်ပေါင်။ ဇာန်လေးဝင်သွားရင် တော်တော်နဲ့ လက်စသတ်ရမှာ နှမျှောတတ်တဲ့ လူစားတွေလေကွာ”
“ဟုတ်တော့ဟုတ်ပါတယ် ဖေဖေ။
ဒါပေမဲ့ မနေ့ညက ဖေဖေပြောသလို ကျမ်းမာခြင်းသည် လာဒ်ကြီး တစ်ပါးလို့ ပြောနိုင်အောင် ဒီလို အလွယ်ဆုံး အရာကလေးကစပြီး တိတိကျကျ လိုက်နာနိုင်အောင် ကျိုးစားပြီး  လုပ်သင့်ပါတယ် ဖေဖေ”
“အေးပါကွယ် ဖေဖေသိပါပြီ။
အခုလို ရက်ရှေလများ ဆေးရုံတက်ရလေလေ ကျမ်းမာရေးက အရေးကြီးတာကို ပိုသိလာသလို၊
အရင်တုံးက ကိုယ်နဲ့မဆိုင်ဘူးလို့ ထင်ထားတဲ့ ကျမ်းမာရေး ဗဟုသုတတွေလည်း ပိုပိုပြီး သိချင် လာလေပဲကွ”
“ဒါပေါ့ဖေဖေ။
သားလည်း ကိုယ့်မိဘနဲ့ ကိုယ့်မိသားစုတွေ မကျမ်းမာတော့မှ ကျမ်းတာရေးကို လေ့လာချင်သလို၊ ငယ်ငယ်တုံး ဥာဏ်ကောင့်ရဲ့နဲ့၊ အမှတ်ကောင်းရဲ့နဲ့ ဆေးတက္ကသိုလ်ကို သွားဖို့ မကြိုးစားမိတာကို နောင်တရခဲ့ဘူးပါတယ်။
စကားပြန်ဆက်ရရင်တော့……
၂) စားတဲ့အခါမှာလည်း တရားလွန် စားတတ်သလား။ မုန့်ပဲသားရေစာနဲ့ နေ့လွဲညစာ စားတတ်သလား ဆိုတဲ့ အချက်ပါပဲ”
“တစ်ကယ်လို့ အဲ့သလို စားသောက်မိရင် ဘယ်လိုဖြစ်နိုင်သလဲသားရေ”
“အချိန်အကြာကြီး အစာအိမ်ထဲမှာ ဘာမှမရှိပဲ နေပြီးတော့မှ စားတဲ့အခါ သွေးချို ပမာဏက ပိုပြီး တက်တတ်သတဲ့။
တစ်နေ့၃ကြိမ် စားတာထက်၊ တစ်နေ့ကို ၂ကြိမ် သို့မဟုတ် ၁ကြိမ်ပဲ စားတဲ့အခါ သွေးချိုပမာဏက ပိုများတယ်လို့ ပြောပါတယ်။
တစ်ခြားတစ်နေရာမှာတော့ ပိုပြီးတော့လည်း အဟာရတွေကို စုတ်ယူတတ်လို့ ဂျပန်နပန်းသမားကြီးတွေဟာ ၀ချင်လို့ ၂နပ်ပေါင်းစားတတ်သတဲ့။ အဲ့သလို ဆိုးကျိုး၊ ကောင်းကျိုးတွေကို သိထားတော့ ကိုယ်လိုသလို တွက်ဆပြီး စားလို့ရတာပေါ့ဖေဖေ။ မ၀ချင်တဲ့ သူတွေအတွက်တော့ တစ်နေ့၃ထပ် မှန်မှန်စားပြီး၊ တစ်ကြိမ်ကို အစာအိမ်ရဲ့ ၈၀%လောက်ပဲ စားသင့်တယ်လို့ ဂျပန် သက်ကြီးရွယ်အိုတွေ ပြောလေ့ပြောထရှိပါတယ်”
“၃) မြန်မြန်စားတတ်သလား၊ အစားသောင်းကြမ်းတတ်သလားတဲ့”
“ဘာလို့လဲ သားရဲ့”
“စားလိုက်တဲ့ အစာတွေကို ချေဖျက် အဟာရ အဖြစ်ပြောင်းလဲဖို့အတွက် ထုပ်ပေးတဲ့ အင်ဆူလင်တွေက အလျှင်မှီအောင် မချေဖျက်၊ မထုပ်လုပ်နိုင်လို့ သွေးချိုပမာဏတွေ ပိုတက်လာတယ်လို့ ဆိုပါတယ်”
“အော်ဒါ့ကြောင့် ဖေဖေ့ရဲ့ အဖိုးအဖွားတွေက ဟဲ့ကောင်လေး သေသေချာချား ၀ါးစားစမ်းလို့ ပြောတတ်ကြ တာကိုး”
“ဟုတ်မှာပေါ့ ဖေဖေရဲ့။
မြန်မာ့ရိုးရာ ဆေးပညာက ပေါ့သေးသေးမဟုတ်ဘူးနော်။
၎) အရက်တရားလွန်သောက်တတ်သလား ဆိုတဲ့ မေးခွန်းကလေးပါပဲ။
အရက်သောက်တာများတော့ အစားအသောက်တွေ ပျက်တတ်ပါတယ်။
လူကြီးလူကောင်းသောက်ဆိုတာထက် ကျွဲသောက်နွားသောက် ဆိုတာမျိုး သောက်တတ်သူတွေကျတော့ ကျတ်ကျတ် သတိထားရမယ်။
အရက်ကြောင့် အသည်းမာလာတဲ့အခါ အင်ဆူလင် ခုခံမှူတွေမှာ လာပြီး ဒုက္ခပေးနိုင်လို့ သွေးချိုပမာဏကို ချလို့ ခက်တယ်လို့ ဆိုပါတယ်”
“အေးပေါ့ကွယ်။
အစထဲကမှ မကောင်းဘူးလို့ ပြောထားတဲ့ အရက်ကို အတိုင်းအဆမရှိ သောက်ကြတော့ ပိုဆိုးတာပေါ့”
“၅) ကတော့ အပြင်စာတွေ စားလွန်းသလား ဆိုတဲ့မေးခွန်းပါပဲ။
ကိုယ်ဆိုင်ကို မကြာခဏလာစားရလေအောင် သူ့ထက်ငါ ပိုအရသာရှိအောင် အချိုမှုန့်တွေသုံး၊ ကယ်လိုရီများတဲ့ ထမင်းဟင်း ပမာဏတွေ တစ်အားထည့်၊ အချိုတွေထည့် တတ်ကြတယ်။
ကြုံလို့ပြောရဦးမယ်။ တရုပ်ပြည်မှာ လူတစ်ယောက်က ကားတိုက်မှုဖြစ်သတဲ့။ သူကို မူးပြီးများ ကားမောင်း လာသလားဆိုပြီး ဆီးစစ်ကြည့်တော့ ဆေးခြောက်သုံးနေမှန်း သိသွားကြသတဲ့။
ဒါနဲ့ပဲ သူ့အိမ်ကို သွားရှာကြသတဲ့။ တစ်လက်စထဲ သူ့ဇနီးသည်ကိုပါ ရှာဖွေကြ၊ ဆေးစစ်ကြလုပ်သတဲ့။
အဖြေက သူ့မိန်းမလည်း ဒီလိုပဲ ဆီးထဲမှာ ဆေးခြောက်သုံးနေတာကို တွေ့ရပြန်တယ်။
ဒီလိုနဲ့ နောက်ဆုံးမှာသိလိုက်ရတာက သူတို့လင်မယား သွားစားနေကြ ခေါက်ဆွဲပြုတ်ဆိုင်က သူ့ဆီ ဖေါက်သည်တွေ အမြဲလာနိုင်စေဖို့ ဟင်းချိုထဲ ဆေးခြာက်တွေ ထည့်ပြုတ်သတဲ့။ အဲ့တာကို မသိပဲ စားကြတဲ့ ဖေါက်သည်တွေဟာ သူ့ဆီက ခေါက်ဆွဲကိုမှ မစားရရင် မနေနိုင်အောင်ဖြစ်လာကြတာပေါ့ ဖေဖေ။
ဒီကြားထဲ ဘယ်လောက်ပဲ သန့်ရှင်းပါတယ်ဆိုတဲ့ ဆိုင်ပဲပြောပြော ကိုယ်အိမ်မှာ ကိုယ်ချက်စားတာလောက် တော့ မသန့်နိုင်ပါဘူး”
“ဟုတ်တယ်သား။
အဲ့သလို မသန့်တဲ့ကိစ္စကို အသာထား၊ သားပြောသလို ကယ်လိုရီတွေ များတယ်၊ အဆီတွေများတယ် ဆိုတာကတော့ အမှန်ပဲ။
ဒီတော့ သားဖတ်ဘူးတဲ့ စာအုပ်ထဲမှာ ရေးထားတဲ့၊ မေးထားတဲ့ အရာလေး ဖေဖေသဘောပေါက်ပါပြီကွာ”
“၆) တစ်လက်စထဲ စုပြီးဆက်မေးထားတာကတော့
အချိုဓါတ်တွေ ဖြစ်စေတဲ့ ကာဗွန်ဟိုက်ဒရိတ် ကစီဓာတ်တွေ များတာကို စားလွန်းသလား၊ ဒါမှမဟုတ် သူ့ကြီးပဲ စားတတ်သလား။
ဖိုင်ဘာအမျှင်ပါတဲ့ အစားအစာတွေကို တတ်နိုင်သလောက် ရှောင်တတ်တဲ့သူလား။
သကြားတွေများတဲ့ အချိုမုန့်တွေ အစားများသလား လို့ မေးထားပါတယ်”
“သကြားဓါတ်များတဲ့ မုန့်တွေစားသလားလို့ မေးတဲ့ မေးခွန်းကတော့ ဖေဖေနားလည်ပါတယ်။
ဒါပေမဲ့ သားပြောတဲ့ ကာဗွန်ဟိုက်ဒရိတ်ဆိုလား၊ အဆီလား၊ ဖေဖေတော့ မခေါ်တတ်ပါဘူးကွာ။
အဲ့တာကတော့ ဖေဖေသိပ်မသိဘူးကွ”
“ဒီလိုပါဖေဖေ။
အစားအစာကို စားပြီးတဲ့အခါ သွေးချိုဓါတ်ကို အတက်စေဆုံးက ကာဗွန်ဟိုက်ဒရိတ်ဆိုတဲ့ အစားအစာပါ။ အဲ့သည့်အထဲမှာလည်း သွေးချိုလွယ်လွယ်ကူကူ တက်စေနိုင်တဲ့ အမျိုးအစားနဲ့ သိပ်ပြီးမတက်တဲ့ အမျိုးအစား ဆိုပြီးတော့ အမျိုးမျိုး ရှိပါတယ်။
သွေးချို အတက်မြန်တာကတော့ ထမင်းလို အဓိက အစားအစာတွေပေါ့။
သည်အထဲမှာတောင်မှ အနည်းအများ ကွဲနေပြန်သေးတယ် ဖေဖေ”
“ဘယ်လို ကွဲနေတာလဲကွဲ့”
“ဥပမာ ထမင်းကို ၁၀၀%၊ စံလို့ သပ်မှတ်ရင် ဆံပြုတ်က ၉၉တဲ့။
မထင်မှတ်ပဲ နည်းနေတာက ပေါင်မုန့်ပေါ့။
 သူကတော့ ၉၂ပဲရှိတယ်”
“တို့တစ်တွေ ဘိုလိုစားရမယ်နဲ့တူတယ်ကွ။
ဟားဟားဟား”
“နည်းနိုင်သလောက် နည်းတာကတော့ ကောင်းတာပေါ့ဖေဖေ။
ဒါပေမဲ့ ဆန်ဖြူဆန်ကောင်း မဟုတ်ရင်တောင် လူး၊ဆပ်၊ ဂျုံတွေကို စားသင့်ပါတယ်။
သူတို့ကတော့ ၆၅ လောက်ပဲရှိသတဲ့။
နန်းကြီးတို့ ခေါက်ဆွဲတို့ကတော့ ၅၀ကျော်ကျော်၊ ၆၀တောင်မှ မပြည့်ဘူးတဲ့။
ဒါ့ကြောင့် တစ်ချို့ဆရာဝန်ကြီးတွေက ထမင်းလျှော့စား၊ ထမင်းလျှော့စားလို့ ပြောတာပေါ့ ဖေဖေ”
“မင်းပြောပြတော့မှ နည်းနည်းတော့ သဘောပေါက်လာပြီကွ”
“ဒါဆို ဆက်ပြောပြမယ်ဖေဖေ။
ဖေဖေများ မှတ်မိမလား မသိ၊ သားအသိ ဆရာဝန်ကြီး တစ်ယောက်က သားကို မင်းတိရိစ္ဆာန်လို နေစမ်းကွာဆိုတဲ့ စကား”
“အေးအေး မှတ်မိတာပေါ့သားရယ်။ ၀မ်းအပြင် အိပ်မရှိစေနဲ့။
တို့လူတွော တိရိစ္တာန်တွေနဲ့ ကွာခြားပြီး စားစရာများတွေ့ရင်၊ ရှိရင် အိပ်လို့ မပြောဘူးလို့ ပြောရ လောက်အောင် ……….
မဆာလည်းစား၊ ဆာလည်းစား။
နှမျှော်လည်းစား၊ အားနာလည်းစားကြလို့
ရောဂါထွေပြား ဒုက္ခရောက်ပုံလေးတွေလေ”
“ဟုတ်တယ်ဖေဖေ။
သူပြောချင်တာက တိရိစ္ဆာန်ဆိုတဲ့ အထဲမှာတောင် အသီးအရွက်စားပြီး အကောင်ကြီးတဲ့ နွားတွေ၊ ဆင်တွေ ကို ဆိုလိုတာပါ။
အသီးအရွက်တွေမှာက ကယ်လိုရီနည်းပေမဲ့ လိုအပ်တဲ့ ဗီတာမင်ဓါတ်တွေ၊ သံဓါတ်တွေ အပြည့်အ၀ပါနေတဲ့ အပြင် ကင်ဆာလိုရောဂါတွေ၊ အ၀လွန်သူတွေအတွက် ကာကွယ်နိုင်သလို၊ ရောဂါကျဆင်းစေတယ်လို့လည်း ကျမ်းမာရေး သုသေသန စာတန်းတွေ ထဲမှာ ဖတ်ဘူးပါတယ်”
“ဒါဆို ဒို့လည်း စားသင့်တာပေါ့။
ဒါ့ထက် ဘယ်လောက်စားကြရမှာလဲ”
“တစ်နေ့ ကို ဟင်းသီးဟင်းရွက် ၃၅၀ဂရမ်လောက် အနည်းဆုံး စားသင့်သတဲ့။
ပြီးတော့ ပါဝင်တဲ့ သတ္တိတွေက မတူလို့ စားတဲ့နေရာမှာလည်း သတိပြုပြီး အမျိုးအစားစုံအောင် သတိထားပြီး စားသောက်သင့်သတဲ့”
“ဘယ်လို သတိပြုရမှာလဲကွဲ့”
“ဒီလိုပါ ဖေဖေ။
မုံလာဥနီလို အရောင်ရင့်တဲ့ အ၀ါရောင်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို တစ်နေ့ ၁၂၀ ဂရမ်လောက် အနည်းဆုံး ထားပြီး စားသင့်သလို၊ ကျန်တဲ့ ၂၃၀ ဂရမ်လောက်ကတော့ အရောင်ဖျော့ သစ်သီးဝလံတွေကို စားသင့် တယ်လို့ ဆိုပါတယ်။
ဥပမာ ဂေါ်ဖီထုပ်လို ဟာမျိုးပေါ့။
သားလည်း သိပ်မကျွမ်းကျင်ပေမဲ့ ဆလတ်ရွက်တို့၊ မုံလာဥတို့၊ ကြည်သွန်ဥတို့လည်း အတူတူပဲလို့ ထင်ပါတယ်”
“အေးအေး ဒါဆို တို့တစ်တွေ ဟင်းသီးဟင်းရွက်တွေ များများစားမှ ဖြစ်တော့မယ်”
“ကောင်းတာပေါ့ ဖေဖေ။
ဒါပေမဲ့ ဒီနေရာမှာလည်း သတိထားရမှာ တစ်ခုရှိတယ်။
အဲ့တာကတော့ အစားအသောက် စားတဲ့အခါ ဟင်းသီးဟင်းရွက်ကို အရင်ဆုံး စားသင့်သတဲ့။
ဟင်းသီးဟင်းရွက်ကို အရင်စားတဲ့အခါ အစားအသောက်စား စားလိုက်လို့ တတ်လာတတ်တဲ့ သွေးချိုကို ရုတ်တစ်ရက် မတက်အောင် ပြုလုပ်ပေးလို့ပါ။
ပြီးတော့ ခန္တာကိုယ်အတွက် ကောင်းတဲ့ အရာတွေကို အရင်စားပြီး ဗိုက်ပြည့်သွားလို့ရှိရင်လည်း၊ ထမင်းလို တစ်ခြား အရာတွေကို သိပ်စားစရာမလိုလို့ အစားလွန်တာ တွေလည်း မဖြစ်တော့ဘူးပေါ့ ဖေဖေ”
“အေးဟုတ်တယ်သားရေ။
အရာရာကို သိပြီးမှ လုပ်တာကတော့ ပိုပြီး အကျိုးရှိတာပေါ့။
အဲ့သလိုမှ မဟုတ်ရင် တို့တစ်တွေ ဆင်ကန်းတောတိုး သလိုဖြစ်နေတော့မှာ။
ဖေဖေလည်း နားလည်ပါပြီကွယ်။
ဒီနေ့တော့ မိုးလဲချုပ်ပြီ။
ကဲကဲ ပြန်တော့ သားရေ”

သုခ(သား)

No comments:

Post a Comment