Latest News

Wednesday, June 28, 2017

ပုသိမ်မြို့တွင် ခွေးများအား အဆိပ်ကျွေးသတ်ဖြတ်၍ အသားရောင်းချသူ(၂)ဦးကို ဖမ်းဆီးရမိ

ပုသိမ်မြို့တွင် ခွေးများအား အဆိပ်ကျွေးသတ်ဖြတ်၍ အသားရောင်းချသူ(၂)ဦးကို ဖမ်းဆီးရမိ

ပုသိမ်၊ ဇွန် ၂၈ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အိမ်မွေးခွေးများအား အဆိပ်ကျွေးသတ်၍ အသားများအား ရောင်းချသူ (၂)ဦးအား ဇွန်လ(၂၆)ရက်၊ နေ့လယ်ပိုင်းတွင် ရပ်ကွက်နေပြည်သူများက ၀ိုင်းဝန်းစောင့်ကြည့်ဖမ်းဆီး၍ ပုသိမ်နယ်မြေရဲစခန်းသို့ အပ်နှံခဲ့ကြောင်း သိရှိရသည်။

အမှတ်(၈)ရပ်ကွက်၊ ကျောက်စရစ်ကုန်းရှိ ကမ်းနီမရမ်းကုန်းကျောင်းတိုက်မှ မွေးထားသောခွေးများ အော်သံ ကြားသဖြင့် ကျောင်းထိုင်ဆရာတော်နှင့် အဖွဲ့က သွားရောက်ကြည့်ရာ ခွေး(၂)ကောင်သေဆုံးနေသည်ကိုတွေ့ရ ပြီး တစ်စုံတစ်ဦးက အဆိပ်ကျွေးသတ်ခြင်းဖြစ်နိုင်ကာ ခွေးအသေများကို လာယူနိုင်သေးကြောင်း မသင်္ကာ သဖြင့် စောင့်ဆိုင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဆရာတော်များနှင့် ကျောင်းသားများ၊ ဘုန်းကြီးကျောင်းဂေါပကအဖွဲ့နှင့် ရပ်ကွက်က စောင့်ကြည့်နေချိန်တွင် အဆိုပါရပ်ကွက်၊ အောင်မင်္ဂလာ(၄)လမ်းနေ သက်ဝေ(၃၆)နှစ်နှင့် စိုးရာဇာ(၁၈)နှစ်တို့မှ ခွေးများကို အိတ်ထဲ ထည့်နေစဉ် ဖမ်းဆီး၍ ပုသိမ်နယ်မြေရဲစခန်းသို့ အပ်နှံခဲ့ခြင်းဖြစ်သည်။

“ခွေးတွေလိုက်သတ်ပြီး ခိုးနေတဲ့သူတွေကိုဖမ်းမိလို့ အမှုဖွင့်ထားပါတယ်။ အခုကတော့ စစ်နေတုန်းပါ။ နောက် ဆက်တွဲတွေ ပေါ်မလား၊ မပေါ်ဘူးလားဆိုတာ မသိရသေးပါဘူး။ ရဲအရေးပိုင်တဲ့အတွက် ဆက်စစ်ရဦးမှာပါ။” ဟု ပုသိမ်နယ်မြေရဲစခန်းမှူး ရဲအုပ် အောင်ဝင်းမြင့်က ပြောသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူများကို အခြားနေရာများတွင် ခွေးများအား အလားတူသတ်ဖြတ်ခဲ့ခြင်းရှိ၊ မရှိ စစ်ဆေးနေပြီး အမှုတွဲ တည်ဆောက်ကာ ဥပဒေအကြံတောင်း၍ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပုသိမ်နယ်မြေ ရဲစခန်းမှ သိရသည်။

“အိမ်မွေးခွေးတွေ ညဖက်ဆိုပျောက်တာ တစ်ခါတစ်လေ အုပ်လိုက်ပဲ။ ခွေးတအားချစ်တဲ့ အိမ်တွေဆို သူတို့ခွေး ပျောက်လို့ဆိုပြီး ရပ်ကွက်ရုံးတွေတိုင်ကြ၊ ခွေးသေသလို သေပါစေဆိုပြီး ဆဲဆိုနေတာတွေ ဒီရက်အတွင်း မနက် ဆို ရပ်ကွက်ထဲကြားနေရတယ်။ အခု ဘုန်းကြီးမွေးထားတဲ့ခွေးတွေ သွားလုပ်တော့မှမိတာပါ။”ဟု ပုသိမ်မြို့၊ ကျောက်စလစ်ကုန်းရပ်ကွက်နေ ဦးသန်းဦးက ပြောသည်။

ဖြစ်စဉ်အရ ခွေးများအား အဆိပ်ကျွေးသတ်ပြီး အသားများရောင်းချသူ(၂)ဦးအား ပုသိမ်နယ်မြေ ရဲစခန်းက(ပ) ၁၃၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၂၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မျိုးမင်းထွန်း (မြစ်မခ)

No comments:

Post a Comment