Latest News

Wednesday, June 7, 2017

သင်္ဘောဖျက် ခရုစ်ဒုံးကျည်အချို့ မြောက်ကိုရီးယား စမ်းသပ်

သင်္ဘောဖျက် ခရုစ်ဒုံးကျည်အချို့ မြောက်ကိုရီးယား စမ်းသပ်

မြောက်ကိုရီးယားသည် သင်္ဘောဖျက် ခရုစ်ဒုံးကျည်အချို့ စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဇွန် ၈ ရက် မနက်ပိုင်းက အရှေ့ဘက်ကမ်းလွန် ပင်လယ်ပြင်သို့ မြောက်ကိုရီးယား ဒုံးကျည်များ စမ်းသပ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က အတည်ပြုခဲ့သည်။ ဝမ်ဆန်းမြို့အနီးမှ ပစ်ခတ်ခဲ့သော ဒုံးကျည်များသည် မြေပြင်အခြေစိုက် ရေပြင်ပစ် တာတို အမျိုးအစား ဖြစ်နိုင်ကြောင်း တောင်ကိုရီးယား အာဏာပိုင်များက ပြောကြားခဲ့သည်။

ဒုံးကျည်များသည် ကီလိုမီတာ ၂၀၀ မျှ ပျံသန်းပြီးနောက် ပင်လယ်ပြင်သို့ ကျရောက်သွားခဲ့သည်။ ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများ ပိုမိုတင်းကျပ်လာသည့်တိုင် မြောက်ကိုရီးယား အနေဖြင့် ဒုံးကျည် စမ်းသပ်မှုများကို ဆက်လက် အရှိန်မြှင့် ဆောင်ရွက်နေကြောင်း ယခုကိစ္စက ထင်ရှားစေခဲ့သည်။

နိုင်ငံတကာ လက်နက်ပညာရှင်များက မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးကျည် နည်းပညာ တိုးတက်မှုများကြောင့် နျူကလီးယား ထိပ်ဖူးများကို ဒုံးကျည်တွင် တပ်ဆင်နိုင်သည့် အဆင့်ထိ ရောက်ရှိလာမည်ကို စိုးရိမ်နေကြသည်။

ဇွန် ၈ ရက် မြောက်ပိုင်း သင်္ဘောဖျက် ဒုံးကျည်များ စမ်းသပ်ခြင်းက ကိုရီးယား ကျွန်းဆွယ်အနီး အမေရိကန် ရေတပ်၏ အင်အားပြ လှုပ်ရှားမှုများ အပြီးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ မြောက်ကိုရီးယားက ၎င်းတို့သည် အမေရိကန်၏ လေယာဉ်တင် သင်္ဘောကြီးများကို ပစ်ခတ် နှစ်မြှုပ်နိုင်စွမ်း ရှိနေကြောင်း ခြိမ်းခြောက် ကြွေးကြော်ဖူးသည်။

တောင်ကိုရီးယား စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ ရိုဂျေချောင်းက ယခုနောက်ဆုံး ဒုံးကျည်စမ်းသပ်မှုသည် အကြီးစား စစ်သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ကြောင်း မြောက်ကိုရီးယားက စွမ်းရည် ပြသလိုသည့် သဘော ဖြစ်လိမ့်မည်ဟု သုံးသပ်ခဲ့သည်။

“မြောက်ကိုရီးယားဟာ ကွဲပြားတဲ့ ဒုံးကျည်အမျိုးအစားတွေကို စမ်းသပ်ပြနေပြီး အဲဒီလုပ်ရပ်က အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ ဆက်ဆံမှုမှာ အသာစီး အနေအထား ရစေမယ်လို့ ယူဆနေပုံ ပေါ်ပါတယ်”ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

သင်္ဘောဖျက် ခရုစ်ဒုံးကျည်များ၊ ပဲ့ထိန်းဒုံးကျည်များသည် အများအားဖြင့် ရေပြင်ပေါ် လျှပ်ပြေး၍ ရွေ့လျားလေ့ ရှိသည်။ မြောက်ကိုရီးယားသည် ၂၀၁၂ ခုနှစ်က Styxဟု အမည်ပေးထားသည့် ယင်းလက်နက် အချို့ကို ထုတ်ပြဖူးသည်။ သို့သော် ယခင်က မြောက်ကိုရီးယား သင်္ဘောဖျက်ဒုံးကျည် စမ်းသပ်မှုများမှာ အောင်မြင်ခြင်း မရှိခဲ့ကြောင်းလည်း သိရှိရသည်။

7Day News

No comments:

Post a Comment