Latest News

Wednesday, June 14, 2017

မိသားစုအရေး အငြင်းပွားမှုတွင် စင်ကာပူဝန်ကြီးချုပ် အာဏာအလွဲသုံးစားပြုဟု မောင်နှမများက စွပ်စွဲ

မိသားစုအရေး အငြင်းပွားမှုတွင် စင်ကာပူဝန်ကြီးချုပ် အာဏာအလွဲသုံးစားပြုဟု မောင်နှမများက စွပ်စွဲ

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းသည် ကွယ်လွန်သူဖခင်၏ နောက်ဆုံးဆန္ဒကို မနာခံဘဲ အာဏာအလွဲသုံးစားပြုကြောင်း မွေးချင်း နှစ်ဦးက လူသိရှင်ကြား စွပ်စွဲခဲ့ပြီးနောက် စင်ကာပူကို တည်ထောင်သူ လီကွမ်ယု၏ သားသမီးများကြား အငြင်းပွားမှုသည် ဇွန် ၁၄ ရက်တွင် အရှိန်မြင့်တက်လာခဲ့သည်။

လီကွမ်ယုသည် မြို့ပြနိုင်ငံ စင်ကာပူအား ဆင်းရဲသော ဗြိတိန်ကိုလိုနီအဖြစ်မှ ကမ္ဘာတွင် အချမ်းသာဆုံးနှင့် အတည်ငြိမ်ဆုံးသော လူ့အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲနိုင်မှုအတွက် ချီးကျူးခံရသူဖြစ်သည်။ သူ၏အကြီးဆုံးသား လီရှန်လွန်းသည် ၂၀၀၄ ခုနှစ်တွင် စင်ကာပူ၏ တတိယမြောက် ၀န်ကြီးချုပ်ဖြစ်ခဲ့ပြီး အာဏာရ People's Action Party (PAP) ကို ဦးဆောင်နေသည်။

“ရှန်လွန်းက သူ့ရဲ့ ပုဂ္ဂိုလ်ရေးအစီအစဉ်ကို တွန်းအားဖြစ်ဖို့ တင်ဖို့ စင်ကာပူအစိုးရနဲ့ အေဂျင်စီတွေအပေါ် သူ့ရဲ့ရာထူးနဲ့ သြဇာကို အလွဲသုံးမှုကြောင့် ကျွန်ုပ်တို့ ထိတ်လန့် တုန်လှုပ်မိပါတယ်”ဟု ညီငယ်ဖြစ်သူ လီရှန်ယန်းနှင့် ညီမဖြစ်သူ လီဝေလင်းတို့က အွန်လိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေးသဘောထား ကွဲလွဲမှုများကို ငြိမ်သက်စေရန် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဟန့်တားထားပြီး ကန့်ကွက်ဆန္ဒပြမှုများကို တင်းကျပ်သည့် ဥပဒေများဖြင့် ထိန်းချုပ်ထားသည့် စင်ကာပူတွင် နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်ကို လူသိရှင်ကြား ဝေဖန်မှုသည် အလွန်တရာ ထူးခြားသော ဖြစ်ရပ်တစ်ခုဖြစ်သည်။ လီမောင်နှမများ၏ အငြင်းပွားမှုသည် ကွယ်လွန်သူဖခင်၏ မိသားစုနေအိမ်ပေါ်တွင် အဓိက အခြေတည်နေသည်။

လွန်ခဲ့သည့် နှစ်နှစ်က ကွယ်လွန်ခဲ့သော လီက သူ၏ အမွေအကြွင်းအကျန်နှင့် ပတ်သက်၍ ပုဂ္ဂိုလ်ရေး ကိုးစားမှုကို မ,တည်ထောင်ရန် သတိပေးထားသည်။ အကယ်၍ ယင်း ဘန်ဂလို နေအိမ်ကို မဖျက်ဆီးဖြစ်ပါက ပြတိုက်အဖြစ် ပြောင်းလဲပစ်မည်ကို လီက စိုးရိမ်နေခဲ့သည်။ အစ်ကိုကြီးဖြစ်သူ လီရှန်လွန်းသည် ယင်းနေအိမ်ကိုဖြိုချရန် ဖခင်ဖြစ်သူ၏ ညွှန်ကြားချက်များကို အာခံခဲ့ကြောင်း မွေးချင်း မောင်နှမနှစ်ဦးက ပြောကြားခဲ့သည်။

လီရှန်လွန်းနှင့် ဇနီး ဟိုချင်းသည် ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်များအတွက် လီကွမ်ယု၏ အမွေကို အသုံးချလိုနေကြောင်း သိရှိထားသည်ဟု မောင်နှမနှစ်ဦး၏ ကြေညာချက်က ဖော်ပြခဲ့ပြီး လီရှန်လွန်း ဇနီးမောင်နှံသည် ၎င်းတို့၏ သားတစ်ဦးအတွက် နိုင်ငံရေးရည်မှန်းချက် ထားရှိနေကြောင်းလည်း ယင်းကြေညာချက်က စွပ်စွဲခဲ့သည်။ ယခင်က ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်သော ဟိုချင်းသည် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှု အေဂျင်စီ တီးမားဆက်၏ အမှုဆောင်ချုပ်ဖြစ်သည်။

နိုင်ငံရပ်ခြားတွင် အားလပ်ရက် အပန်းဖြေခရီး ထွက်နေသော ၀န်ကြီးချုပ်လီက ကြေညာချက် ပြန်လည်ထုတ်ပြန်ခဲ့ပြီး ကံမကောင်းစွာဖြင့် စွပ်စွဲခံရမှုများကြောင့် အလွန်ဝမ်းနည်းရကြောင်း လီရှန်လွန်းက ပြောကြားခဲ့သည်။

သားဖြစ်သူအတွက် နိုင်ငံရေး ရည်မှန်းချက်ရှိကြောင်း ရယ်ရွှင်ဖွယ် စွပ်စွဲချက်အတွက် ငြင်းဆိုကြောင်း လီက ပြောကြားခဲ့သည်။ အစ်ကိုဖြစ်သူကဲ့သို့ပင် ဗိုလ်မှူးချုပ်ဟောင်း တစ်ဦးဖြစ်သော လီရှန်ယန်းက မိသားစုအရေး သဘောထားကွဲလွဲမှုကြောင့် မကြာမီ စင်ကာပူမှ ထွက်ခွာမည်ဖြစ်ကြောင်း ထပ်မံ ပြောကြားခဲ့သည်။

လီရှန်ယန်းသည် Singapore Telecom နှင့် အဖျော်ရည်ယမကာ လုပ်ငန်းကြီး Fraser & Neave တွင် ထိပ်တန်းတာဝန်များ ထမ်းဆောင်ပြီးနောက် လောလောဆယ်တွင် စင်ကာပူ ပြည်သူ့လေကြောင်း အာဏာပိုင်အဖွဲ့ဥက္ကဋ္ဌဖြစ်သည်။ လီဝေလင်းသည် ဆရာဝန်ဖြစ်ပြီး စင်ကာပူ National Neuroscience Institute တွင် အကြီးတန်း အကြံပေးတစ်ဦး ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment