Latest News

Wednesday, June 14, 2017

ပျက်ကျခဲ့သည့် Y - 8 လေယာဉ်အား ဆက်လက်ရှာဖွေလျက်ရှိပြီး ဇွန် ၁၄ ရက်အထိ ရုပ်အလောင်း ၉၀ ဆယ်ယူရရှိထား

ပျက်ကျခဲ့သည့် Y - 8 လေယာဉ်အား ဆက်လက်ရှာဖွေလျက်ရှိပြီး
ဇွန် ၁၄ ရက်အထိ ရုပ်အလောင်း ၉၀ ဆယ်ယူရရှိထား

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ကမ်းရိုးတန်း၌ ဇွန် ၇ ရက်က အဆက်အသွယ်ပြတ်တောက်၍ ပျက်ကျသွားသော တပ်မတော် - လေမှ Y- 8 အမျိုးအစား လေယာဉ်အမှတ် ၅၈၂၀ ကို ဇွန် ၁၄ ရက် ညနေ ၆ နာရီအထိ ရုပ်အလောင်း ၈၇ လောင်းအထိ ဆယ်ယူရရှိထားပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် မြေပြင်၌ ဆယ်ယူရရှိထားသော ရုပ်အလောင်းများအား ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ရောက်ရှိထားသည့် စာရင်းအရ ဇွန် ၁၃ ရက် ည ၁၂ နာရီအထိ ရုပ်အလောင်း ၈၈ လောင်း ရှိပြီဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရပြီး ဇွန် ၁၄ ရက် နံနက် ၁၀ နာရီ ခန့်တွင်လည်း ရေဖြူမြို့နယ် မယင်းကြီးကမ်းခြေအနီးရှိ ဘ၀ါကမ်းခြေတွင် ကျား/ မ ခွဲခြား၍မရသော ကလေးငယ်ရုပ်အလောင်းနှစ်ခု ထပ်မံဆယ်ယူရရှိထားကြောင်း ထားဝယ်ရေနက်ဆိပ်ကမ်း နယ်မြေရဲကင်းမှ ရဲအုပ်ကျော်ကျော်သန့်က ပြောကြားသည်။

လေယာဉ်ပျက်ကျပြီးနောက် ဆယ်ယူရရှိထားသော ရုပ်အလောင်းများအနက် ဇွန် ၁၃ ရက်အထိ ရုပ်အမည်ခွဲခြားနိုင်သည့် ရုပ်အလောင်း ၄၈ လောင်းကို ထားဝယ်မြို့ရှိ ဇဟာသုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ပြီး ဇွန် ၁၄ ရက်တွင် အမျိုးအမည် ထပ်မံခွဲခြားနိုင်သည့် ရုပ်အလောင်း ၂၃ လောင်းအား ထားဝယ်မြို့ရှိ ဇဟာသုသာန်၌ ကောင်းမွန်စွာသင်္ဂြိုဟ်ကြောင်း၊ ဇွန် ၁၄ ရက်အထိ အမျိုးသားရုပ်အလောင်း ၃၅ လောင်း၊ အမျိုးသမီးရုပ်အလောင်း ၂၈ လောင်း၊ ကလေးရုပ်အလောင်း ရှစ်လောင်း စုစုပေါင်းရုပ်အလောင်း ၇၁ လောင်းအား ရုပ်မည်ခွဲခြားမှုပြုလုပ်နိုင်နိုင်ကာ ကောင်းမွန်စွာ သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်က ဘုတ်ပြင်းတပ်ကပါ။ အဲဒီနေ့က သံတောင်ကြီး (ကရင်ပြည်နယ်) ဘက်ကို စစ်ဆင်ရေးနဲ့ ရှေ့တန်းထွက်နေတာ။ ကျွန်တော့်မိန်းမနဲ့ နောက်ဆုံးအဆက်အသွယ်ရခဲ့တာက အဲဒီနေ့ (လေယာဉ်ပျက်ကျသည့် ဇွန် ၇ ရက်) မွန်းတည့် ၁၂ နာရီလောက်က။မိန်းမက မကွေးကို ခွင့်ရက်ပြန်တာ။ သူတို့ သားအမိသွားဆိုပြီး ဖုန်းဆက်တယ်။ ကလေးကလည်း ဖေကြီးသားကို ရှေ့တန်းကပြန်ရင် လာခေါ်ဆိုပြီး ပြောသွားသေးတယ်။ ကျွန်တော်က တောင်ပေါ်တက်ပြီး ဖုန်းဆက်နေရတော့ မနက်ကျမှဆက်တော့မယ်ဆိုပြီး တောင်အောက်ဆင်းလာ၊ ရေမိုးချိုးပြီးတော့ ညနေပိုင်းမှာ ထမင်းစားဖို့ လုပ်နေတုန်း တပ်ရင်းမှူးကခေါ် လို့သွားတာ။ တပ်ရင်းမှူးက ကျွန်တော့်ကို စိတ်ငြိမ်ငြိမ်ထားနော်လို့ပြောပြီး ပြောပြတာပါပဲ။ သတင်းကြားကြားချင်း ဆင်းလာခဲ့တာ။ အခုဒီနေ့ သားလေးရဲ့ ရုပ်အလောင်းကို သင်္ဂြိုဟ်တယ်။ မိန်းမကတော့ အခုထိမရသေးဘူး” ဟု တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်ရှိ  ခမရ (၄၃၂) မှ တပ်ကြပ်ကြီးတစ်ဦးက ပြောကြားသည်။

လေယာဉ်ပျက်ကျခဲ့သည့် လောင်းလုံးမြို့နယ် ကမ်းရိုးတန်းတစ်လျှောက်နှင့် ပင်လယ်ပြင်အတွင်း ဇွန် ၁၄ ရက် ညနေ ၆ နာရီ အထိ မည်သည့်ရုပ်အလောင်းမျှ ရှာဖွေဆယ် ယူရရှိခဲ့ခြင်းမရှိကြောင်း လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောကြားပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ ညနေ ၆ နာရီအထိ ရရှိထားသော စာရင်းများအရ ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံသို့ တင်ပို့လာသည့် ရုပ်အလောင်း ၉၀ ရှိပြီဖြစ်ကြောင်း သိရသည်။

ဇွန် ၁၄ ရက်နံနက်ပိုင်းတွင် ပင်လယ်ပြင်အတွင်း လှိုင်းအမြင့်မီတာ ၁ ဒသမ ၅ မီတာနှင့် လေတိုက်နှုန်းတစ်နာရီလျှင် ၁၆ မိုင်မှ ၁၈ မိုင် အကြားရှိပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်သည့် နေရာတစ်ဝိုက်တွင် လှိုင်းအမြင့် တစ်မီတာနှင့် လေတိုက်နှုန်း တစ်နာရီလျှင် ၁၀ မိုင်နှင့် ၁၅ မိုင်အကြားသာရှိ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ ပျက်ကျလေယာဉ်အားလည်း ဆိုနာစနစ်တပ်ဆင်ထားသည့် တပ်မတော် (ရေ) ၏ စစ်ရေယာဉ်များဖြင့် နေရာဖြန့်ခွဲ၍ ရှာဖွေခြင်း၊ ရေငုပ်ကျွမ်းကျင် စစ်သည်များဖြင့် ရေငုပ်ရှာဖွေခြင်းများ လုပ်ဆောင်လျက်ရှိသည်ဟု တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ထားသည်။

ထို့ပြင် ရုပ်အလောင်းစတင်တွေ့ရှိခဲ့သည့် လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှ ၁၄ မိုင်ခန့်အကွာရှိ ပင်လယ်ပြင်နေရာ အနီးတွင်လည်း လေယောဉ်ဆီအကွက်များ တွေ့ရှိရသဖြင့် တပ်မတော်မှ ဆိုနာနည်းပညာဖြင့် ရှာဖွေခြင်းနှင့်ရေငုပ်ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။

                           
Eleven Media Group

No comments:

Post a Comment