Latest News

Tuesday, June 27, 2017

ရန်ကုန်တိုက်ခန်းဈေး ငါးနှစ်အတွင်း ၃၀ ရာခိုင်နှုန်းခန့် ကျဆင်း

ရန်ကုန်တိုက်ခန်းဈေး ငါးနှစ်အတွင်း ၃၀ ရာခိုင်နှုန်းခန့် ကျဆင်း
Photo - FB
ရန်ကုန်မြို့တွင်း တိုက် ခန်းဈေးသည် ငါးနှစ်အတွင်း ၃၀ ရာခိုင်နှုန်းနှင့်အထက် ပြန်လည်ကျဆင်းလာပြီး ၂၀၁၇ တွင် ကျဆင်းမှုအများဆုံးဖြစ်လာကြောင်း အိမ်ခြံမြေအကျိုးဆောင်အချို့က ပြောသည်။

၂၀၁၁ ကစတင်ပြီး ဈေး ကွက်အတွင်း အပြိုင်အဆိုင်တည်ဆောက်သည့် ကန်ထရိုက် တိုက်ခန်း များပြားလာပြီး ၀ယ်ယူသူနည်းပါးသဖြင့် ဈေးလျှော့ချရောင်းချလာရခြင်း ဖြစ်သည်ဟု ရွှေရည်အိမ်ခြံမြေအကျိုးဆောင်  လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးအေးဆောင်က ပြောသည်။

  ‘‘တကယ်နေမယ့်သူတွေ ၀ယ်တဲ့ အချိန်ရောက်ပြီ။ အခန်း တွေ အများကြီးကိုင်ထားတဲ့သူ တွေက ဈေးလျှော့ရောင်းရင်ရောင်း၊မရောင်းရင် အငှားဘက်ကိုပဲ လှည့်နေကြရတာ’’ဟု ဦးအေးဆောင်က ပြောသည်။

၂၀၁၃ က အိမ်ခြံမြေဈေးကွက် အကောင်းဆုံးဖြစ်ခဲ့ပြီး ယခု ၂၀၁၇ နှင့် နှိုင်းယှဉ်ပါက တိုက်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ မှ ၁၅၀ အထိ ဈေးနှုန်းကျဆင်းလာပြီး အရောင်းအ၀ယ်လည်း ထင်သလောက် မရှိကြောင်း  သိရသည်။

‘‘ဈေးကျနေတယ်ဆိုတာ လူ တိုင်းလည်းသိပါတယ်။ အရောင်း အ၀ယ်က မရှိသလောက်ကို ဖြစ် လာတာ။ ၂၀၁၅ ကနေ အခုအချိန် ထိကြည့်မယ်ဆိုရင် ၃၀ ရာခိုင်နှုန်း လောက်အထိ ကျသွားတာ။ ဒီ ထက်လည်းဈေးကျလာနိုင်သေး တယ်’’ဟု ရန်ကုန်တိုင်းအိမ်ခြံမြေ ၀န်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးစိုင်း ခွန်နောင်က ပြောသည်။

၂၀၁၅ က သင်္ဃန်းကျွန်းမြို့နယ်ကဲ့သို့ ကန်ထရိုက်တိုက် အများဆုံး တည်ဆောက်ရာ မြို့ နယ်များရှိ ရပ်ကွက်များတွင် ၁၂ ပေ×ပေ ၅၀ တိုက်ခန်းတစ်ခန်း လျှင် ကျပ်သိန်း ၂၅၀ ၀န်းကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့သော် လည်း ၂၀၁၇ တွင် အဆိုပါ ပေအကျယ်အ၀န်းရှိ အခန်းသည် ကျပ်သိန်း ၁၆၀ အထိပင် ဈေးလျှော့ရောင်းနေရကြောင်း ထွန်းကမ္ဘာဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းသော်က ပြောသည်။

ပေ ၂၀ × ပေ ၃၀ အကျယ် အဆင့်မြင့် တိုက်ခန်းအဆင့်ရှိ သော ကြည့်မြင်တိုင်မြို့နယ်မှ ပန်း လှိုင်အိမ်ရာ သုံးလွှာသည် ၂၀၁၅ က ကျပ်သိန်း ၈၀၀ ၀န်းကျင်ဖြင့် ရောင်းချရာ ၀ယ်ယူသူမရှိသော် လည်း လက်ရှိတွင် ကျပ်သိန်း ၆၅၀ ၀န်းကျင်ဖြင့် အရောင်းအ ၀ယ်ဖြစ်ခဲ့ကြောင်း ၎င်းက ပြော ကြားသည်။

၂၀၁၃ က စမ်းချောင်းမြို့နယ် မင်းလမ်း ငါးလွှာ (၁၃ပေ×ပေ ၅၀) အကျယ်တိုက်ခန်းသည် ကျပ်သိန်း ၈၅၀ အထိ ဈေးကောင်းခဲ့ပြီး လက်ရှိတွင် ကျပ်သိန်း ၆၀၀ ခန့်ဖြင့် ရောင်းချနေသော်လည်း ၀ယ်သူမရှိ ဖြစ်နေကြောင်း စမ်းချောင်းမြို့နယ်ရှိ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောကြားသည်။

ဆောက်လုပ်ရေး လောက တွင် ကြိုပွိုင့် တိုက်ခန်းများကို ရောင်းချနေသည့် အခြေအနေမှ ဆောက်လုပ်ပြီးစီးသော အခန်း များကို အရစ်ကျပုံစံဖြင့် ပြောင်း လဲရောင်းချလာကြောင်း အာရှ ဆောက်လုပ်ရေးလုပ်ငန်းအထွေ ထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။

 ဈေးထပ်မံကျဆင်းရန် မဖြစ်နိုင်သော်လည်း အမှန်တကယ်နေထိုင်ရန် ၀ယ်ယူသူများ အဆင်ပြေစေရေး အရစ်ကျစနစ်ကို ပုံစံအမျိုးမျိုးဖြင့် ရောင်းချနိုင်ရန် ထည့်သွင်းစဉ်းစားလာရကြောင်း ဦးရန်အောင်က ဆိုသည်။

ကန်ထရိုက် တိုက်ခန်းများ ဈေးနှုန်းကျဆင်းနေခြင်းနှင့်အတူ ရန်ကုန်မြို့စွန်များရှိ ကျူးကျော်များကို ရှင်းလင်းနေသည်ဆိုသော ဂယက်ကြောင့် ရောင်းမှား၊ ၀ယ်မှားဖြစ်မည်ကို စိုးရိမ်ပြီး အရောင်းအ၀ယ်အေးစက်နေသည်။

7Day News

No comments:

Post a Comment