Latest News

Friday, June 2, 2017

ဒူဘိုင်းမြို့မှာ စတင်တာဝန် ထမ်းဆောင်နေပြီဖြစ်တဲ့ စက်ရုပ်ရဲ

ဒူဘိုင်းမြို့မှာ စတင်တာဝန် ထမ်းဆောင်နေပြီဖြစ်တဲ့ စက်ရုပ်ရဲ

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ပြည်သူတွေရဲ့လုံခြုံရေးအတွက် ကင်းလှည့်စောင့်ကြည့်ပေးမယ့် စက်ရုပ်ရဲတစ်ဦးကို ပထမဆုံးအနေနဲ့ တာဝန်ရှိသူတွေက စတင်ထုတ်ဖော်လိုက်ပြီ   ဖြစ်ပါတယ်။

ရဲဦးထုပ်ဆောင်ထားပြီး ဘီးတပ်ရွေ့လျားနိုင်တဲ့ အဆိုပါ စက်ရုပ်ရဲရဲ့ ရှေ့ဝမ်းဗိုက်တည့်တည့်မှာ ကွန်ပြူတာမျက်နှာပြင်တစ်ခု တပ်ဆင်ပါရှိမှာဖြစ်ပါတယ်။

ယင်းကွန်ပြူတာကနေတဆင့် ပြည်သူတွေအနေနဲ့ အမှုအခင်းတွေ တိုင်ကြားတာ၊ ဒါမှမဟုတ် လိုအပ်တဲ့ သတင်းအချက်အလက်တွေ မေးမြန်းတာတွေကို လုပ်ဆောင်လို့ ရနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် စက်ရုပ်ဗိုက်ပေါ်က ကွန်ပြူတာကနေတဆင့် ရရှိတဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ ရဲဌာနဆီ အချိန်နဲ့တပြေးညီ ပေးပို့သိရှိစေမှာလည်း ဖြစ်ပါတယ်။

ဒူဘိုင်းရဲတပ်ဖွဲ့မှာတော့ ခုလိုမျိုး စက်ရုပ်ရဲကို လုပ်ငန်းတာဝန်တွေ ထမ်းဆောင်စေတာ ဒါပထမဆုံး ဖြစ်ပါတယ်။ လာမယ့် ၂၀၃၀ မတိုင်ခင် မြို့ရဲတပ်ဖွဲ့ စုစုပေါင်းအင်အားရဲ့ ၂၅ ရာခိုင်နှုန်းကိုလည်း သက်မဲ့စက်ရုပ်တွေနဲ့ အင်အားဖြည့်တင်းသွားဖို့ တာဝန်ရှိသူတွေက ရည်မှန်းထားတယ်လို့ သိရပါတယ်။

" ကျွန်တော်တို့မှန်းထားတာကတော့ လာမယ့် ၂၀၃၀ မတိုင်ခင် ရဲတပ်ဖွဲ့အင်အား လေးပုံ ပုံတစ်ပုံလောက်ကို စက်ရုပ်တွေနဲ့ ဖြည့်တင်းဖို့ ဖြစ်ပါတယ်" လို့ ရဲတပ်ဖွဲ့အကြီးအကဲ ခါလက် အယ်လ်ရက်ဇူးချီက ပြောပါတယ်။

အဆိုပါ စက်ရုပ်ရဲကိုတော့ မြို့တွင်းက ခရီးသွားတွေ စည်ကားရာနေရာတွေမှာ ချထားပေးမှာ ဖြစ်ပါတယ်။ ယင်းစက်ရုပ်မှာ တပ်ဆင်ထားတဲ့ ကင်မရာတစ်ခုကနေ ဖမ်းယူရရှိတဲ့ live ပုံရိပ်တွေကို သက်ဆိုင်ရာ ထိန်းချုပ်စခန်းကို အချိန်နဲ့တစ်ပြေးညီ ပေးပို့ပေးနေမှာ ဖြစ်တယ်လို့ သိရပါတယ်။  အလားတူ ရဲတပ်ဖွဲ့က အလိုရှိနေသူတွေကိုလည်း ယင်းစက်ရုပ်ရဲက ခွဲခြားသိမြင်နိုင်စွမ်း ရှိမယ်လို့ သိရပါတယ်။

Mizzima

No comments:

Post a Comment