Latest News

Tuesday, June 27, 2017

စပိန်ကမ်းခြေ တစ်ခုတွင် ငါးမန်းတစ်ကောင် ချဉ်းကပ်လာသဖြင့် လူအများ အထိတ်တလန့်ဖြစ်ခဲ့

စပိန်ကမ်းခြေ တစ်ခုတွင် ငါးမန်းတစ်ကောင် ချဉ်းကပ်လာသဖြင့် လူအများ အထိတ်တလန့်ဖြစ်ခဲ့

စပိန်နိုင်ငံ၊ မာယော့ကာမြို့ရှိ လူအများ စည်ကားနေရာ ကမ်းခြေသို့ ငါးမန်းတစ်ကောင် ချဉ်းကပ်လာသဖြင့် ထိတ်လန့်တကြား အခြေအနေများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကာလာမေဂျာနှင့် ကန်ပါလစ္စတာ ကမ်းခြေများအနီး ရေတိမ်ပိုင်းထိ ရောက်ရှိလာသော ငါးမန်းပြာ တစ်ကောင်ကို လူအများက သတိပြုမိပြီးနောက် ရေထဲမှ ကြောက်လန့်တကြား တက်ပြေးခဲ့ကြသည်။

ကမ်းခြေစောင့် လုံခြုံရေး ဝန်ထမ်းများက အဆိုပါ နေရာကို အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီးနောက် ငါးမန်းကို ပင်လယ်ပြင်ဘက် ပြန်လည် မောင်းထုတ်ရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် စစ်ဆေးကြည့်ရှုခဲ့သည့်နောက် ထိုငါးမန်းသည် ဦးခေါင်းတွင် ဆိုးဆိုးရွားရွား ဒဏ်ရာ ရထားသည်ကို တွေ့ရှိရသည့်အတွက် ဝေဒနာ သက်သာစေရန် ၎င်းကို ဇီဝိန်ခြွေ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကမ်းခြေမှ လူအများကို ရှင်းလင်းပြီးနောက် ကျွမ်းကျင်သူများက လှေဖြင့်လိုက်ပါကာ ငါးမန်းကို ဖြန့်ကျက် ရှာဖွေခဲ့ကြသည်။ ပယ်လ်မာ ငါးပြတိုက်မှ အဏ္ဏဝါဗေဒ ပညာရှင်များက ငါးမန်းသည် သေအံ့မူးမူးဖြင့် ဝေဒနာ ခံစားနေရကြောင်း အတည်ပြုခဲ့ပြီးနောက် ၎င်းကို ဇီဝိန်ခြွေပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ငါးမန်းအနေဖြင့် မည်သည့် အကြောင်းရင်းကြောင့် ဒဏ်ရာရလာသည် ဆိုခြင်းကို တိတိကျကျ မသိရသေးချေ။ မျက်မြင်များက ငါးမန်း၏ အရွယ်အစားသည် ၆ ပေနှင့် ၈ ပေကြားမျှ ရှိမည်ဟု ခန့်မှန်းကြသည်။

ငါးမန်းပြာများသည် အရှည် ၁၂ ပေ ကျော်ကျော်မျှထိ ကြီးထွားနိုင်ပြီး ငါးငယ်များနှင့် ကင်းမွန်များကို အဓိက ဖမ်းယူ စားသောက်လေ့ ရှိသည်။ အဆိုပါ ငါးမန်းမျိုးစိတ်သည် လူကို တိုက်ခိုက်မှု အလွန်ရှားပါပြီး ၁၅၈၀ ပြည့်လွန်နှစ်များမှ ၂၀၁၃ ခုနှစ်ထိ အတောအတွင်း ငါးမန်းပြာက လူကို ရန်ပြုမှု ၁၃ ကြိမ်သာ မှတ်တမ်းရှိခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့သည်။ ကမ္ဘာအနှံ့ ငါးမန်းဖမ်း လုပ်ငန်းများအတွင်း နှစ်စဉ် ငါးမန်းပြာ ကောင်ရေ ၁၀ သန်းမှ သန်း ၂၀ ကြား သတ်ဖြတ်ခြင်း ခံနေရကြောင်းလည်း သိရသည်။
Ref: Telegraph
7Day News Journal

No comments:

Post a Comment