Latest News

Tuesday, June 27, 2017

ကျောက်မျက်ဥပဒေ အတည်ပြုပြီးပါက လုပ်ကွက်သစ်များ ချပေးရန် စီစဉ်မည်

ကျောက်မျက်ဥပဒေ အတည်ပြုပြီးပါက လုပ်ကွက်သစ်များ ချပေးရန် စီစဉ်မည်

ရန်ကုန်၊ ဇွန် ၂၆

လက်ရှိပြင်ဆင်ဖြည့်စွက်နေသော ကျောက်မျက်ဥပဒေကို အတည်ပြုပြီးပါက ရွှေ၊ ကျောက်စိမ်း၊ ကျောက်မျက်ရတနာ မြေများတွင် လုပ်ကွက်အသစ်များ ချထားပေးရေးအတွက် ပြန်လည် စဉ်းစားပေးမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။

“အခု ပြင်နေတဲ့ဥပဒေထဲမှာ တွင်းထွက် သယံဇာတတွေနဲ့ ပတ်သက်လို့ တိုင်းနဲ့ ပြည်နယ် အစိုးရတွေကို လုပ်ပိုင်ခွင့်တွေ ခွဲပေးထားတာတွေ ပါတယ်။ အဲဒီတော့ သူ့ဒေသနဲ့သူ လုပ်ကိုင်နိုင်မယ်။ လုပ်ငန်းရှင်တွေရဲ့ လုပ်နိုင်ကိုင်နိုင်တဲ့အပေါ်ကြည့်ပြီး သက်တမ်းတိုးဖို့နဲ့ လုပ်ကွက်အသစ်တွေ ချပေးဖို့ကို စဉ်းစားပေးမယ်”ဟု ၎င်းကပြောဆိုသည်။

ပြည်တွင်းတွင် ကျောက်စိမ်း၊ ကျောက်မျက် အကြမ်းထည်များကိုသာ ရောင်းချနိုင်ပြီး အချောထည်များကို ရောင်းချနိုင်ခြင်း မရှိသည့်အတွက် အစိုးရ အနေနှင့် Gems Trade Center များကိုဖွင့်လှစ်ရန် ဆောင်ရွက်နေကြောင်း၊ ယင်းစင်တာများကို မြို့ကြီးငါးမြို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိအနေအထားတွင် သက်တမ်း ကုန်ဆုံးသွားသည့် ကျောက်စိမ်း၊ ကျောက်မျက်လုပ်ကွက်များ သက်တမ်းတိုးမပေးမီ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (Environ- mental Management Plan) ရေးဆွဲစေပြီး ကျောက်စိမ်း လုပ်ကွက်သစ်များကို လုပ်ကိုင်ခွင့်ပေးရန် အစီအစဉ် မရှိသေးကြောင်း၊ သက်တမ်း ကုန်သွားသည့် အချို့ကုမ္ပဏီများကို သက်တမ်းတိုးပေးခြင်းများ ဆောင်ရွက်နေကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။

ကျောက်စိမ်း အများဆုံး ထွက်သည့် ဖားကန့်၊ လုံးခင်းဒေသတွင် ကျောက်စိမ်းလုပ်ကွက်ပေါင်း ၇၄၀ဝ ကျော်ရှိပြီး ကျောက်စိမ်း တူးဖော်သည့် ကုမ္ပဏီပေါင်း ၈၀ဝ ကျော်ရှိကာ လက်ရှိတွင် သက်တမ်း ကုန်ဆုံးသည့် ကျောက်စိမ်း၊ ကျောက်မျက် လုပ်ကွက်များမှာ သုံးထောင်နီးပါးရှိကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

“သယံဇာတ ပြုန်းတီးတယ်ဆိုပြီး လုပ်ကွက်တွေကို ပိတ်ပစ်လို့မရဘူး။ တစ်ဖက်မှာလည်း နိုင်ငံစီးပွားရေးဆိုတာလည်း ရှိသေးတယ်။ ဒီတော့ ဝန်ကြီးဌာနအနေနဲ့ လုပ်ကွက်ကနေ အလွန်အကျွံ ကျောက်စိမ်းထုတ်တာတွေကို အရေးယူရမယ်”ဟု ကျောက်မျက်လုပ်ငန်းရှင် ဦးသောင်းထွန်းက ပြောကြားသည်။
The Voice

No comments:

Post a Comment