Latest News

Saturday, June 3, 2017

နဂါးကိုက်နေသော ရန်ကုန်

နဂါးကိုက်နေသော ရန်ကုန်

''လသားကလေးငယ်ကို နို့တိုက်နေရင်း မိခင်က ဂိမ်းဆော့နေသည့် မြင်ကွင်းက တော်တော်ဆိုးဝါးတယ်ဗျာ။ အဲဒီ ကလေးမိခင်က ၀တ်စားထားတာလည်း တော်တော်စုတ်တီးစုတ်ချာနဲ့ သူကသာ ကလေးနို့တိုက်ရင်း ဂိမ်းဆော့နေတာ သူ့ရဲ့ ကလေးအကြီးတွေက မီးပွိုင့်တို့၊ ဈေးဆိုင်တို့လမ်းတကာလှည့်ပြီး တောင်းခိုင်းထားတာ'' ဟု ဂိမ်းဆိုင်အတွင်း ၀င်ရောက်ဂိမ်းကစားရင်းတွေ့ရှိခဲ့သည့် မြင်ကွင်းအား ကိုမင်းသူရမှ ပြန်၍ဖောက်သည်ချနေခြင်းဖြစ်သည်။

သူ၏ ပြောပြချက်အရ ကလေးကစားကွင်း အမည်ခံ ဂိမ်းဆိုင်များတွင် ယင်းကဲ့သို့ တောင်းရမ်း စားသောက်သူများသာမက လူတန်းစားအလွှာစုံ ၀င်ရောက်ကစားနေကြသည်ဟုဆို၏။ ကိုမင်းသူရပင်လျှင် အဖော်ကောင်း၍ ကလေးကစားကွင်းအမည်ခံ ဂိမ်းဆိုင်သို့ ငါးကြိမ်ထက်မနည်းရောက်ခဲ့ဖူးပြီး အကြိမ်တိုင်းတွင် ကျပ်တသောင်းမှ သုံးသောင်းအထိ အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရသည်ဟုဆိုသည်။ ၎င်း၏မိတ်ဆွေ များသည်လည်း ကလေးကစားကွင်းအမည်ခံ ဂိမ်းဆိုင်များသို့ အပျော်သဘောဖြင့်သွားလာရင်းမှ တဖြည်း ဖြည်းစွဲလမ်းလာခဲ့ရာ အနိုင်ရခြင်းထက် အရှုံးစာရင်းသာ များပြားလာခဲ့သည်ဟု ဆိုသည်။

''အရင်က သူ့ဆီသွားရင် အမြဲတွေ့တယ်။ ခု ကိုဇော်ကြီးရှိလားလို့မေးရင် ကိုဇော်ကြီးက နဂါးကိုက်နေပြီ။ ခုလည်း နဂါးသွားတိုက်နေပြီဆိုပြီးပဲ ကြားရတာ သူ့ကိုတွေ့ရင် ဂိမ်းဆိုင်လိုက်သွားမှ တွေ့ရတော့တယ်''ဟု အဆိုပါ ဂိမ်းလောင်းကစားခြင်းသည် စွဲလမ်းတတ်ကြောင်း ကိုမင်းသူရက ပြောပြသည်။ ထိုဂိမ်း အရှုံးအနိုင်သည် ရာဂဏန်း၊ ထောင်ဂဏန်းမှ တရက်တည်းနှင့် သောင်းကြီးပိုင်းမှစ၍ သိန်းရာချီကာ ရှိနိုင်သည်ဟုလည်း ပြောကြသည်။

''တန်ကြေးသိပ်မများတဲ့ နှုန်းထားနဲ့ ကစားရင်ကို လူတယောက် ရှစ်သောင်း၊ တသိန်းနာရီပိုင်း အတွင်းကုန်နိုင် တယ်''ဟုဆိုသည်။ လက်ရှိခေတ်စားနေသော နဂါးဂိမ်းတွင် အနည်းဆုံးငွေကျပ် ၄၀ မှစ၍ ၉၀ ကျပ်၊ ၁၃၅ ကျပ်၊ ၁၈၀ ကျပ်၊ ၂၅၀ ကျပ်နှင့် ၄၅၀ ကျပ်အထိ ကစားနိုင်ကြောင်း သိရသည်။ နဂါးဂိမ်းကစားမည့်သူသည် ငွေကျပ်တသောင်းပေးသွင်းလျှင် မိမိကစားမည့်စက်တွင် အမှတ် ၁၀၀၀ ပါသည့် ဂဏန်းတခုရောက်လာသည်။ ယင်း ၁၀၀၀ ထဲမှ မိမိစိတ်ကြိုက်တပွဲလျှင် ၄၀ ကျပ်မှ ၄၅၀ အထိ ကစားနိုင်သည်ဟုဆိုသည်။

''တပွဲက ငါးစက္ကန့်လောက်ပဲ ကြာတာလေ၊ ၄၅၀ ဂိမ်းကစားရင် တသောင်းက ဘာမှမကြာဘူး''ဟု ပြောသည်။

ယင်းဂိမ်းတွင် ပါဝင်သည့် အရုပ်များတွင် ပုဆိန်ရုပ်၊ ဓားရုပ်၊ လှံရုပ်၊ သိုင်းသမားနှစ်ဦး၊ အရက်မူးသမားလူဝကြီး၊ တရုတ်စာတန်းပါသည့် ဆိုင်းဘုတ်နှစ်ခုပါဝင်သည်ဟု ဆိုသည်။

''စုစုပေါင်း ၈ ကွက် ရှိတယ်။ အဲဒီအထဲက နဂါးဆိုတာက ဂျော်ကာပဲ''ဟု ဆိုသည်။

ဂိမ်းကစားရာတွင် မိမိကြိုက်သည့်ငွေဖြင့် ပိုင်းဖြတ်ကစားပြီး ခလုတ်တချက်နှိပ်လိုက်ရုံဖြင့် အရုပ်များ တန်းစီပေါ်လာခြင်းဖြစ်သည်။ ယင်းပေါ်လာသည့် အရုပ်များထဲမှ သုံးရုပ်၊ လေးရုပ်တန်းခြင်း၊ ငါးရုပ်တန်း ခြင်းအပေါ် ဆတိုးနှင့် အရှုံးအနိုင်ပိုင်းဖြတ်ခြင်းဖြစ်သည်။

 ''ရှုံးတာနိုင်တာက ကိုယ့်စာရင်းထဲမှာ ၀င်နေတယ်။ ဥပမာ-အရုပ်က ဓားနှစ်လက်နဲ့ နဂါးနဲ့တန်းရင် နဂါးက ဂျော်ကာဆိုတော့ သုံးခုတန်းတယ်။ ကိုယ်က နိုင်တယ်။ ဒီလိုပဲ လေးခုတန်း၊ ငါးခုတန်းဆိုရင် ဆတိုးနဲ့ နိုင်တာလေ။ နဂါးက ဂျော်ကာဖြစ်တဲ့အတွက် နဂါးဂိမ်းလို့ လူတွေက ခေါ်ကြတာ။ အရင်လို အကြွေစေ့နဲ့ ကစားတာ မဟုတ်တော့ဘူး။ ဒီဂျစ်တယ်ခေတ်ဆိုတော့ အကြွေစေ့တောင်မလိုတော့ဘူး'' ဟု ဆိုသည်။

ယင်းကစားနည်းတွင် ငွေကျပ် ၄၅၀ ဖြင့် ကစားသူသည် သိန်းဆယ်ချီ၍ အရှုံးအနိုင်ရှိနိုင်ပြီး ၁၃၅ ကျပ်ဖြင့် ကစားလျှင်ပင် တနေကုန် တသိန်း၊ တသိန်းခွဲရှုံးနိုင်သည်ဟု ဆိုသည်။

 ''ကိုယ်က တသောင်းထည့်ပြီး ထိုင်ပြီး နှိပ်နေရုံပဲ၊ ၄၅၀ နဲ့ကစားရင် နာရီဝက်မကြာဘူး ကုန်သွားနိုင်တယ်''ဟု ဆိုသည်။

အလျော်အစားသည် ဒီဂျစ်တယ်စနစ်ဖြင့် အလိုအလျှောက် လုပ်နေသောကြောင့် မိမိငွေပမာဏ မကုန်မချင်း ထိုင်၍ ခလုတ်နှိပ်ကာ ကစားရခြင်းဖြစ်သည်။ အကယ်၍ အမှတ်များကာ အနိုင်ရခဲ့လျှင် ကောင်တာသို့ ငွေကြေးသွားထုတ်ရပြီး အကောက်ငါးရာခိုင်နှုန်းပေးရကြောင်း သိရသည်။

ကလေးသူငယ်နှင့် မိခင်များ ၀င်ရောက်နိုင်ရန် ကလေးကစားကွင်းဟု အမည်ခံထားသော်လည်း နဂါးဂိမ်းဆိုင်တခုသည် ကလေးပါသော မည်သူမဆို ၀င်ရောက်ကစားခွင့်မရှိဆိုသော တားမြစ်ချက်စာများကို ထင်သာမြင်သာ ဖော်ပြီးနောက်ပိုင်းတွင် ကလေးများလုံး၀၀င်ခွင့်မပြုဟု တရားဝင်စာကပ်ထားသည့် ဂိမ်းဆိုင် အများအပြားကို ရန်ကုန်မြို့၏ အချက်အချာကျသည့် နေရာတိုင်းတွင် တွေ့မြင်လာရသည်။

ထိုကဲ့သို့ ရန်ကုန်မြို့၏ အချက်အချာကျသည့် နေရာများတွင် ကလေးကစားကွင်းအမည်ခံ ဂိမ်းဆိုင်များမှာ ရဲစခန်းနှင့်မလှမ်းမကမ်း၌ အများအပြားရှိနေသော်လည်း မည်သည့်ရဲမှ မဖမ်းခြင်းမှာ အဆိုပါ ဂိမ်းဆိုင်များ အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်တက်လာချိန်မှစ၍ ယခု လက်ရှိအချိန်အထိ ကလေးကစားကွင်းအမည်ခံအကြွေစေ့ဂိမ်းဆိုင်နှစ်ဆိုင်အား ဖမ်းဆီးခဲ့ဖူးသည်။

ပထမဆိုင်သည် ပန်းဆိုးတန်းအထက်ဘလောက်ရှိ မီးရထားခုံးကျော်တံတားအဆင်း Top Speed ဂိမ်းဆိုင်ဖြစ်သည်။ ပိုင်ရှင်ဖြစ်သူ တရုတ်နိုင်ငံသားသည် အာမခံကျပ်သိန်း ၁၀၀ ပေးကာ ထွက်ပြေးသွားခဲ့ပြီး ယခုအချိန်အထိ ဖမ်းဆီးနိုင်ခြင်းမရှိဘဲ ၀န်ထမ်းမိန်းကလေး ခုနစ်ယောက်မှာ ထောင်ကြီးချုပ်ဖြင့် ယခုတိုင် အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။ ယင်း Top Speed ဂိမ်းဆိုင်ဖမ်းဆီးခြင်းမှာ ၂၀၁၆ မေ ၂၀ ရက် ကျော်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် တနှစ်ပြည့်ပြီဖြစ်သော်လည်း အမှုပြီးပြတ်ခြင်းမရှိသလို ပိုင်ရှင်ကိုလည်း မဖမ်းနိုင်တော့ပေ။

ဒုတိယဖြစ်စဉ်မှာ ယခုနှစ် ဇန်န၀ါရီ ၁၀ ရက်တွင် ပန်းဘဲတန်း ရဲစခန်းအနီး ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ City Center ဒုတိယထပ်၌ ဖွင့်လှစ်သည့် ဂိမ်းဆိုင်ကို ဖမ်းဆီးခြင်းဖြစ် သည်။ ယင်းဖမ်းဆီးမှုတွင် ၀န်ထမ်းအမျိုးသား၊ အမျိုးသမီး ၁၉ ဦးနှင့် လာရောက်ကစားများ အပါအ၀င် စုစုပေါင်း ၆၇ ဦးဖမ်းဆီးခံခဲ့ရသည်။ ပိုင်ရှင်ဖြစ်သူကိုမူ ယနေ့တိုင် ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။ ထိုကဲ့သို့ ကလေးကစားကွင်း အမည်ခံဂိမ်းဆိုင် အများအပြားရှိသော်လည်း ဆိုခဲ့သည့် နှစ်ဆိုင်ကိုသာ ဖမ်းခြင်းသည် ဥပဒေကွက်ကျားမိုးဖြစ်နေပြီး ပိုင်ရှင်များကို မဖမ်းနိုင်ဘဲ မရှိဆင်းရဲသား ၀န်ထမ်းများသာ အကျဉ်းကျခံရခြင်း မှာလည်း မေးခွန်းထုတ်စရာဖြစ်နေသည်။

ထိုဂိမ်းဆိုင်များကြောင့် လူပေါင်းများစွာ နေ့စဉ်သိန်းချီ၍ ရှုံးခြင်းနိုင်ခြင်းအကြောင်း ခပ်စိတ်စိတ်ကြား နေရသော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများက မသိချင်ယောင်ဆောင်နေသည်မှာ အံ့သြဖွယ်လည်း ကောင်းလှသည်။

လောင်းကစားဆိုသည်မှာ မည်သည့်လောင်း ကစားပင်ဖြစ်စေ လူသည် အရှုံးများလျှင် မထူးဇာတ် ခင်းတတ်သည့် သဘောရှိသည်။ စီးပွားပျက်၊ ဘ၀ပျက်ဖြစ်လာလျှင် အနိမ့်ဆုံး ခိုးဆိုးနှိုက်မှစ၍ လုယက်မှု၊ ဓားပြမှုအထိ ဖြစ်နိုင်သည်မှာ ငြင်း၍မရသော အခြေခံအချက်ဖြစ်သည်။ ထိုကဲ့သို့ ဒုစရိုက်မှုများ၏ အခြေခံဖြစ်သော လောင်းကစားဆိုင်များသည် ပွဲတော်ကြီးအလား ပေါ်ပေါ်ထင်ထင်ဖွင့်နေသော်လည်း မည်သူမျှ အရေးယူခြင်းမရှိ ၊ အရေးယူသော်လည်း ၀န်ထမ်းနှင့် ထိုးသားများသာ ဥပဒေအရ အရေးယူခံကြရပြီး ပိုင်ရှင်များကို မဖမ်းနိုင်ခြင်းကြောင့် ဂိမ်းဆိုင်များ၏ နောက်ကွယ်မှ အရှိန်အ၀ါသြဇာမှာ စိတ်ဝင်စားစရာကောင်းသော အချက်ဖြစ်နေသည်။ နောက်ကွယ်ကလူများအား မည်သည့်အတွက်ကြောင့် အရေးမယူရဲသည်ကို မသိရသော်လည်း သေချာပြောနိုင်သည့်အချက်မှာ ရန်ကုန်သည် နဂါးကိုက်ခံ နေရပြီဆိုသော အချက်ပင် ဖြစ်ပါတော့သည်။

ကိုခက်

NewsWatch

No comments:

Post a Comment