မြင်းခြံမြို့က ဆယ်နှစ်သား ဂစ်တာသမား
အသက် ၁၀ နှစ်အရွယ်သာ ရှိသေးသော်လည်း ဂစ်တာကို ကျွမ်းကျင်စွာ တီးခတ်တတ်မြောက်နေသူတစ်ဦး မြင်းခြံတွင် ရှိသည်။
သူ့အမည်က ဥက္ကာဖြိုးဖြစ်သည်။ ဖခင်ဖြစ်သူမှာ မြင်းခြံမြို့၏ အပျော်တမ်း တီးဝိုင်းများတွင် ဂစ်တာ တီးခတ်သူတစ်ဦးဖြစ်ပြီး အတုမြင် အတတ်သင်ဆိုသကဲ့သို့ အသက် ခုနစ်နှစ်အရွယ်မှာပင် ဂစ်တာ တီးခတ်ခြင်းကို တတ်မြောက်ခဲ့သူ ဖြစ်သည်။
“ကျွန်တော် သူ့ကို သင်ပေးခဲ့တာ မဟုတ်ဘူး၊ သူ့ရဲ့ ပါရမီကိုက ထူးတာပါ။ ကျွန်တော်တို့ တစ်ပတ်လောက် လေ့ကျင့်ရတဲ့ဟာကို သူ့မှာ နာရီပိုင်းလောက်နဲ့ အဆင်ပြေသွားတယ်။ ရသွားတယ်”ဟု ဖခင်ဖြစ်သူ ကိုသဲအေးက ဂုဏ်ယူစွာ ပြောပြသည်။
ကိုသဲအေး (အမည်ရင်း ကိုသန်းနိုင်) သည် မြင်းခြံဇာတိဖြစ်ပြီး ဇနီးနှင့် သားသမီး လေးဦးရှိသည်။ ဥက္ကာဖြိုးက အကြီးဆုံးသား ဖြစ်သည်။
သူက မြင်းခြံမြို့ ဆန္ဒတော်ပြည့် ဘုရားအနီးတွင် နွေရာသီရောက်တိုင်း အအေးဆိုင်ဖွင့်သည်။ မိုးရာသီနှင့် ဆောင်းရာသီတွင်တော့ မြင်းခြံမြို့ရှိ တီးဝိုင်းငယ်လေးများတွင် ဝင်ရောက်တီးခတ်ကာ မိသားစုစားဝတ်နေရေး ဖြေရှင်းရသူ ဖြစ်သည်။ အနုပညာ အမည်ကော၊ အအေးဆိုင်အမည်ကော သဲအေးပင် ဖြစ်သည်။
ကိုသဲအေး၏ ဂီတသက်မှာ ၁၅ နှစ်ခန့်ပင်ရှိပြီ ဖြစ်ကာ မြင်းခြံတစ်မြို့လုံးက သူ့ကို ချစ်ခင်ကြသည်။ ကိုသဲအေး၏ အအေးဆိုင်ကို လိုက်ပို့ပါဟုဆိုလျှင် လိုလိုချင်ချင်ပင် လိုက်ပို့ကြသည်။
အသက် ၄၃ နှစ်သာ ရှိသေးသည့် ကိုသဲအေးတွင်လည်း လူငယ်တို့ဘာဝ အနုပညာအိပ်မက်များ ရှိခဲ့သည်။ နာမည်ကြီး အတီးသမားတစ်ယောက်၏ ဘဝကို သူခုံမင်ခဲ့ဖူးသည်။ ရည်မှန်းခဲ့ဖူးသည်။ သို့သော်လည်း သားသမီး လေးယောက်နှင့် မိသားစု၏ အနာဂတ်၊ မိသားစု စားဝတ်နေရေးကိုသာ ဦးစားပေးလိုက်ရတော့သည်။ ကိုယ့်ကိုယ်ကိုယ် နာမည်ကြီးရန် စိတ်ကူးမရှိတော့။
သို့သော် သူ့ရည်မှန်းချက်က သူ့သားတွင် ပြန်လည် ဖြစ်ပေါ်လာခဲ့သည်။ လွန်ခဲ့သည့် သုံးနှစ်ခန့်၊ ဥက္ကာဖြိုး အသက် ခုနစ်နှစ်အရွယ် ဂစ်တာစတင်တီး ခတ်တတ်လာသည်ကို သူတွေ့ရသည်။ သူကိုယ်တိုင်က အတီးသမား၊ ကလေးငယ်အချို့ကို ဂစ်တာ တီးသင်တန်းများ ပေးနေသော်လည်း သားဖြစ်သူမှာ ငယ်ရွယ်သေးသဖြင့် သင်ကြားပေးခြင်း မရှိသေး။
“ကလေးတွေ ဆယ်ယောက်လောက်ပေါ့။ ကျွန်တော်သင်ပေးတယ်။ သားက သူ့ကို သင်တာ မဟုတ်ဘူး။ လာကြည့်ပြီးတော့ တတ်သွားပြီ။ သူ့ပါရမီပေါ့၊ ကျွန်တော် ဂစ်တာ တီးနေတဲ့အချိန် ကျွန်တော် သိအောင်ကြည့်တယ်။ မသိအောင် ကြည့်တယ်။ အဲဒီလိုနဲ့ တတ်တယ်”ဟု ပြောပြသည်။
ဥက္ကာဖြိုး ငယ်စဉ်ကပင် ဟောလိုဂစ်တာ အသေးလေးတစ်လက်ကို ယူကိုင်လေ့ရှိကြောင်း၊ မတီးခတ်တတ်သော်လည်း ဂစ်တာကိုင်သည့် အနေအထားက အထာကျကျ ဖြစ်ကြောင်း၊ ဖခင်ဖြစ်သူ တီးခတ်ပြီးသည့် သီချင်းတစ်ပုဒ်ကို နားထောင်ကာ ဂစ်တာကိုယူ၍ အနီးစပ်ဆုံး သံစဉ်ဖြစ်အောင် တီးခတ်ပြနိုင်ကြောင်း ငယ်စဉ်ကအကြောင်းကို ပြောပြသည်။
“သီချင်းတစ်ပုဒ်ကို ကျွန်တော်တီးတယ်။ သူက ကျွန်တော့်ဂစ်တာကို ယူပြီးတော့ အဖေ ဒီမယ်လေ၊ ဒီမယ်လေဆိုပြီး တီးပြတယ်။ အနီးစပ်ဆုံး တီးပြနိုင်တယ်”ဟု ကိုသဲအေးက ပြန်ပြောင်းပြောပြနေသည်။
ယင်းကဲ့သို့ သားဖြစ်သူ၏ ထူးချွန်မှုကို ကိုသဲအေးတစ်ယောက် နှစ်သက်မိသဖြင့် ဖုန်းဖြင့် ဗွီဒီယိုဖိုင်ရိုက်ကာ သူ့ကိုယ်ပိုင် လူမှုကွန်ရက် စာမျက်နှာတွင် တင်ခဲ့သည်။ ယခင်ကတည်းက သူကိုယ်တိုင်လည်း ထိုသို့ ရိုက်တင်ခဲ့ဖူးသည်။
လွန်ခဲ့သည့် ဆယ်ရက်ခန့်မှစ၍ ဖြန့်ဝေသူ၊ တစ်ဆင့်ပြန်လည် တင်ကြသူများကြောင့် ဥက္ကာဖြိုး၏ ဂစ်တာတီးသည့် ဗွီဒီယိုဖိုင်များမှာ ပျံ့နှံ့သွားပြီး တဖြည်းဖြည်း လူသိများလာသည်။ ထိုဗွီဒီယိုဖိုင်နှင့်အတူ သားအဖနှစ်ယောက်၏ တယ်လီဖုန်းနံပါတ်လည်း ထည့်ပေးထားသဖြင့် ဖုန်းဖြင့် ဆက်သွယ်လာသူ၊ Chat box မှ ဆက်သွယ်လာသူ အများအပြား ရှိခဲ့သည်။
“သားဆီလာတဲ့ ဖုန်းတွေကတော့ သားကို ချစ်ခင်တဲ့အကြောင်း၊ ဘာလိုချင်လဲ၊ ဘာလုပ်ချင်လဲ အဲဒီလိုမျိုး မေးကြတယ်။ နောက် ကျွန်တော့်ဆီ ပြန်မေးတယ်။ ကျွန်တော်ဆီလာတဲ့ ဖုန်းကတော့ များသောအားဖြင့် ဒီကလေးအတွက် ဘာလိုအပ်လဲ၊ ဘာပစ္စည်းဖြစ်ဖြစ် ပံ့ပိုးချင်ပါတယ်လို့ ပြောကြတယ်။ ကျေးဇူး တကယ်တင်ပါတယ်။ ဘာယူလိုက်မယ်၊ ညာယူလိုက်မယ် အဲဒီလိုတွေ မရှိဘူး။ မယူရဲဘူးဗျ။ မယူရဲဘူးဆိုတာက ဘာဖြစ်မှာကြောက်လို့ ညာ ဖြစ်မှာကြောက်လို့ မဟုတ်ဘူး။ အားနာလို့”ဟု ကိုသဲအေးက ပွင့်ပွင့်လင်းလင်းပင် ပြောဆိုလိုက်သည်။
ယင်းအပြင် ရန်ကုန်ကို လာနေမလား၊ ဒါမှမဟုတ် လာခေါ်ရမလား၊ မည်သည့်သင်တန်း တက်လိုသနည်း စသည်ဖြင့် ဥက္ကာဖြိုးအတွက် ကျောင်းစရိတ်၊ နေစရိတ်၊ စားစရိတ် အကုန် တာဝန်ယူပါမည်ဟု ဆိုလာသူလည်း ရှိသည်။
“နာမည်တော့ မပြောဘူး။ ကျွန်တော်က ဘယ်မြူးဇစ်ဘန့်ကပါ။ ဘန့်နာမည်လည်း မပြောဘူး။ ကလေးအတွက် လိုအပ်တာကို ပြောပါ။ အဲဒီလိုပေါ့။ နောက် အဆိုတော်ပါ။ သူ့နာမည်ကို မပြောဘူး။ အမျိုးသမီးကော အမျိုးသားကော အစုံပေါ့။ တချို့ကလည်း အနုပညာ လုပ်တဲ့သူလို့ပဲ ပြောတယ်။ နာမည်တော့ ပြောမလာဘူးပေါ့လေ။ သူတို့နဲ့ မဆက်သွယ်ဖြစ်ရင် တစ်မျိုးဖြစ်မှာစိုးလို့ ထင်ပါတယ်”ဟု ကိုသဲအေးက တယ်လီဖုန်းဖြင့် ဆက်သွယ်လာသည့် အနုပညာရှင်အချို့ အကြောင်းကိုလည်း ပြောပြသည်။
လူမှုကွန်ရက် စာမျက်နှာထက်တွင် လူကြိုက်များနေသည့် ဥက္ကာဖြိုး၏ ဗီဒီယိုဖိုင်အချို့နှင့် ပတ်သက်၍လည်း ကိုသဲအေးက ယခုလို ပြောပြသည်။
“ကျွန်တော့်ဖုန်းနဲ့ ဒီအတိုင်းပဲ ဗီဒီယိုရိုက်ပြီး တင်လိုက်တယ်။ ကြိုရိုက်ထားတာ၊ အစီအစဉ် ဆွဲထားတာတွေ မရှိဘူး။ တချို့က ပြောကြတယ်။ ရုပ်နဲ့ အသံနဲ့ နည်းနည်းလေး ကွဲသွားတယ် ဆိုပြီးတော့၊ ကျွန်တော် အဲဒီလိုမျိုးတွေ မလုပ်တတ်ဘူးဗျ။ ပရိသတ်တွေ သိအောင်လို့ Live လွှင့်ဖြစ်တယ်။ ပထမလွှင့်တော့ အဆင် မပြေဘူးဗျ။ နောက်တစ်ခါမှ ပြေသွားတယ်”
သီချင်း၏ တီးခတ်ပုံ သဘောတရားကိုပဲ အနည်းငယ်ပြောပြကာ ဆိုသူ၏ မုဒ် ဘယ်လိုရှိသည်ကို သိရှိနိုင်ရန်အတွက် ထိုသီချင်းခွေကို နားထောင်ခိုင်းလိုက်ကြောင်း၊ ထိုအချိန်တွင် အနားတွင် ထိုင်မနေဘဲ လွတ်လွတ်လပ်လပ်ပင် နေစေခဲ့ကြောင်း၊ Live လွှင့်ခဲ့သည့် အဆိုတော် လေးဖြူ၏ ဒီရေဒီလှေ သီချင်းဆိုလျှင် အစိမ်းသက်သက် ဖြစ်သော်လည်း ထိုသီချင်းကို သင်ပေးပြီး နောက်တစ်နေ့တွင် Live လွှင့်ခဲ့ခြင်းဖြစ်ကြောင်း ကိုသဲအေးက ရှင်းပြနေသည်။
“အဲဒီသီချင်းကို ကျွန်တော်ကျင့်ရင် တစ်ပတ်လောက် ကျင့်ရမယ်ထင်တယ်။ သူတို့မှာ နာရီပိုင်းလောက်နဲ့ ရသွားတာ။ ပြောချင်တာက အထင်ကြီးစေချင်လို့ မဟုတ်ပါဘူး။ သူ့ရဲ့ ပါရမီကို ပြောချင်တာ”ဟု ၎င်းက ပြောသည်။
အချိန်ကာလ ဆယ်ရက်ခန့်အတွင်း ယခုကဲ့သို့ လူသိများလာမည့်အကြောင်းကို အိပ်မက်ပင် မမက်ရဲခဲ့ကြောင်း၊ လာရောက် ဆက်သွယ်သည့် သူများကိုလည်း လေးလေးစားစားပင် ပြန်လည် ပြောဆိုခဲ့ကြောင်း၊ တစ်ခါတစ်ရံ ည ၃ နာရီအချိန်ထိပင် တယ်လီဖုန်း ဆက်သူများရှိကာ အိပ်ပျော်နေသော်လည်း အသံကြားလျှင် ထကာ ပြောဆိုခဲ့ရကြောင်း၊ ဥက္ကာဖြိုး ရေချိုးနေစဉ် ဖုန်းလာလျှင်လည်း ကိုင်ခိုင်းကြောင်း ကိုသဲအေးက သူတို့မိသားစု၏ လက်ရှိ အခြေအနေကို ပြောပြသည်။
မိမိကိုယ်တိုင်လည်း ကျွမ်းကျင်သည့် အတီးသမား တစ်ယောက် မဟုတ်ဘဲ နားထောင်ဖြစ်ရုံ လုပ်ကိုင်စားသောက်ဖြစ်ရုံမျှသာ တတ်ကျွမ်းသူ ဖြစ်သည့်အတွက် သားဖြစ်သူကို သဘောတရားမျှသာ သင်ကြားပေးနိုင်ကြောင်း၊ ဒရမ်တီးခတ်သည့် သားအငယ် လရောင်သစ်ဆိုလျှင် သင်ပေးထားခြင်း မရှိဘဲ ကလေးချင်းဆော့ရင်း တီးချင်တာ တီးနေကြခြင်းဖြစ်ကြောင်း ကိုသဲအေးက ဆိုသည်။
“သားဖေဖေက သင်တော့ သင်ပေးပါတယ်။ ဟိုလိုကြီးတော့ မဟုတ်ဘူး။ ငယ်ငယ်ကတည်းက ဝါသနာပါတော့ သင်တန်းသားတွေကို ဖေဖေ သင်ပေးတာ ကြည့်ရင်းနဲ့ တတ်ခဲ့တာပါ။ သားတို့ ညီအစ်ကို ဂစ်တာတို့၊ ဒရမ်တို့က ကိုင်လာတာကြာပြီဆိုတော့ ဆော့ရင်းပြုရင်းနဲ့ တတ်သွားကြတာ”ဟု ဥက္ကာဖြိုးက သူတို့ ညီအစ်ကိုအကြောင်းကို ပြောသည်။
ဥက္ကာဖြိုးမှာ ဖခင်ဖြစ်သူ၏ သင်ကြားပြသမှု သေသေချာချာ မရှိခဲ့သော်လည်း မြင်းခြံမြို့၏ တီးဝိုင်းများတွင် ဝင်ရောက် တီးခတ်နေပြီး အနုပညာကြေးအချို့ကိုပင် ရရှိနေပြီ ဖြစ်သည်။ စင်ပေါ်တွင် ဖျော်ဖြေတိုင်းလည်း ပရိသတ်တို့၏ လက်ခုပ်သံ များစွာကို ရရှိနေသူ ဖြစ်သည်။ ဂစ်တာ စတင်တီးခတ်တတ်စဉ်က တီးခဲ့သည့်သီချင်းကို မမှတ်မိသော်လည်း စင်ပေါ်တွင် စတင်တီးခတ်ခဲ့သည့် သီချင်းက လင်းလင်း၏ ကျွန်တော်မြန်မာ (I am Mayanmar)ဆိုသည့် သီချင်းဖြစ်သည်ဟု ဥက္ကာဖြိုးက ပြောသည်။
သားဖြစ်သူအတွက် အကူအညီဆိုလျှင် ဂီတ Note ကလေးတစ်ခုကအစ လိုချင်မိပြီး သားဖြစ်သူမှလည်း တန်ဖိုးထားမည်ဖြစ်ကြောင်း၊ သို့သော် အခြားသူတစ်ဦးက ဥက္ကာဖြိုးအတွက် ဘာပေးလိုက်ရသည်၊ ညာပေးလိုက်ရသည်ဟုဆိုလျှင် မိမိတို့မှာ မနေတတ်ကြောင်း ရိုးရိုးသားသား ဖွင့်ဟပြောဆိုသည်။
“ကျွန်တော်တို့က နာမည်ကြီးတာ မကြီးတာထက် ဒီကလေးအတွက် နေရာကောင်း တစ်နေရာ ရချင်တယ်။ ဆရာကောင်း တွေ့ချင်တယ်။ အဲဒါပဲ။ လက်ရှိကတော့ သူက ဆရာချစ်စမ်းမောင်ကို အားကျတော့ သူ့ဆီ သွားချင်တယ်။ သင်ချင်တယ်။ ဆရာချစ်စမ်းမောင် ကိုယ်တိုင် စိတ်ဝင်တစားနဲ့ ခေါ်တာကို လိုချင်တယ်။ ကျွန်တော့်ဆန္ဒကို ပြောတာနော်။ အဲဒါမျိုးကို တန်ဖိုးထားတယ်။ မက်တာပေါ့”ဟု ဖခင်တစ်ယောက်၏ဆန္ဒကို ကိုသဲအေးက ပြောဆိုသည်။
လက်ရှိအချိန်တွင် ဥက္ကာဖြိုးသည် ဒီရေဒီလှေ၊ ကျွန်တော်မြန်မာ၊ မိတ်ကပ်မကြိုက်သော သီချင်းများ၊ ဗိုလ်အောင်ဒင် စသည့် သီချင်းများ အပါအဝင် အပုဒ်ရေ လေးဆယ်ခန့်ကို တီးခတ်တတ်နေပြီဖြစ်ပြီး သူ၏ ရည်မှန်းချက်မှာ ဘွဲ့လည်းရချင်သည်၊ ဂီတာလည်း တီးခတ်ချင်သည်ဟု ဖွင့်ဟသည်။
“အဆိုတော်တော့ သိပ်မဖြစ်ချင်ဘူး။ သားကတော့ ဘဘဆရာ ချစ်စမ်းမောင်ကို အားကျတာပေါ့ဗျာ။ သားက နိုင်ငံကျော်တဲ့အပြင် ကမ္ဘာကျော်တဲ့ နာမည်ကျော်ကြားတဲ့ အတီးသမားတစ်ယောက် ဖြစ်ချင်တာ”ဟု ဥက္ကာဖြိုးက သူ့ဆန္ဒကို ဆိုသည်။
ကိုသဲအေးသည် မိမိလက်ထက်တွင် မဖြစ်ခဲ့သည့် အိပ်မက်တစ်ခု သားဖြစ်သူထံ ဖြစ်ပေါ်လာသည့်အချိန်တွင် ပျော်ရွှင်မှုက မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍ မရကြောင်း၊ ထိုအကြောင်းကို တွေးမိတိုင်း ရင်ဘတ်ထဲ တင်းကျပ်နေကာ သားဖြစ်သူများကို သူ့အနားတွင် ခါတိုင်းထက် ပိုနေစေခဲ့သည်အထိ ပျော်ရွှင်မိကြောင်း ကိုသဲအေးက အပြုံးမျက်နှာဖြင့် ပြောပြလာသည်။
“ကျွန်တော် သိသလောက်နဲ့ သင်လိုက်ရင် အဲဒါနဲ့ပြီးသွားမှာ စိုးရိမ်တာ၊ ကျွန်တော် တတ်သလောက်ပဲ တတ်သွားမှာ စိုးရိမ်တာ”ဟု သားဖြစ်သူ၏ ခေါင်းကို ပွတ်သပ်ရင်း ကိုသဲအေးက ပြောလိုက်လေသည်။
မြတ်(ကလေး)
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment