Latest News

Wednesday, June 28, 2017

ငါးလအတွင်း ရေပူစစ်ဆေးရေးဂိတ်မှာ မှောင်ခိုပစ္စည်း ကျပ် သန်းပေါင်း ၇၀၀၀ကျော်ဖိုး ဖမ်းဆီးရမိ

ငါးလအတွင်း ရေပူစစ်ဆေးရေးဂိတ်မှာ မှောင်ခိုပစ္စည်း ကျပ် သန်းပေါင်း ၇၀၀၀ကျော်ဖိုး ဖမ်းဆီးရမိ

ရန်ကုန်၊ ဇွန် ၂၈ – ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်ဟာ ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ အချိန်ကစပြီး ၅လကျော် အတွင်း တရားမ၀င်ကုန်ပစ္စည်း ကာလတန်ဖိုး ကျပ် သန်းပေါင်း ၇၀၀၀ကျော် အထိ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

“ တစ်ချို့နေ့တွေမှာ တစ်ရက်တည်း ကားကိုးစီး ဆယ်စီးလောက် ဖမ်းမိသွားရင် တစ်ခါတစ်လေ တစ်ပတ်လောက် အထိ ငြိမ်သွားတယ်” လို့ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်က ဒုညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ တန်ဖိုးတွေကိုသာ တွက်ထားတာ ဖြစ်ပြီး ဖျက်ဆီးပစ်တာတွေ၊ အစိုးရဘဏ္ဍာအဖြစ်အပ်တာတွေတော့ မတွက်ချက်ထားဘူးလို့ သူက ဆက် ပြောပါတယ်။ စစ်ဆေးရေးစခန်းကို ၂၀၁၇ခုနှစ် ဇန်န၀ါရီလ ၁၆ရက်နေ့ မှာ ပြန်လည် ဖွင့်လှစ်ခဲ့ပြီး သည်ကနေ့ထိ ဖမ်းဆီးရမိတဲ့ တန်ဖိုးဖြစ်တယ်လို့သိရပါတယ်။ ၂၀၁၇ဇွန်လအတွင်းမှာတော့ ကျောက်စိမ်း၊ သစ်နဲ့ အမဲသားခြောက်တွေကို အများဆုံး ဖမ်းဆီးရမိတယ်လို့ ပြောပါတယ်။

ဇွန်လ ၂၂ရက်နဲ့ ၂၃ရက် နှစ်ရက် ဆက်တိုက် တရားမ၀င် ကျောက်စိမ်းသယ်ဆောင်မှုတွေ ဖမ်းမိခဲ့သလို ၂၆ရက်နေ့ကလည်း ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၂၇ရက်နေ့မှာတော့ ဖမ်းဆီးရမိတာ ကျောက်စိမ်းတစ်မှု၊ အမဲသားခြောက်တစ်မှု၊ သစ် ငါးမှုနဲ့ မူးယစ်ဆေးဝါး တစ်မှု တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဇန်န၀ါရီလအတွင်း အမှု ၂၂မှု၊ ဖေဖော်ဝါရီလအတွင်း ၃၀မှု၊မတ်လမှာ ၁၀၄မှု၊ ဧပြီလမှာ ၇၃မှုနဲ့ မေလမှာ ၁၀ရက်နေ့အထိ ၃၅မှု စုစုပေါင်း ၂၆၄မှုအထိ ဖမ်းဆီးရမိတယ်လို့သိရပါတယ်။ မေလတစ်လအတွင်း ဖမ်းဆီးမိတာတွေတော့ မထုတ်ပြန်ရသေးဘူးလို့ သိရပါတယ်။ တစ်ချို့ကားတွေမှာ လိုင်စင်မဲ့ဖြစ်တဲ့အတွက် ရှာဖွေစစ်ဆေးရတာ လွယ်ကူပေမယ့် လိုင်စင်ကားတွေကတော့ ရှာဖွေစစ်ဆေးရတာ စစ်ဆေးသူအတွက်လည်း အန္တရာယ်ရှိတယ်လို့ဦးတက်ထွန်းအောင်ကပြောပါတယ်။

“ လိုင်စင်မဲ့ဆို ကားမှန်ရိုက်ခွဲလည်း ပြဿနာ သိပ်မရှိဘူး။ ဒါပေမယ့် သတင်းရသမျှတော့ မှားယွင်းတာ မရှိပါဘူး”လို့ သူကဆက်ပြောပါတယ်။ တရားမ၀င်သယ်ဆောင်တဲ့ သူတွေက ထင်မှတ်မထားတဲ့ နေရာတွေမှာ ပစ္စည်းတွေ သယ်ဆောင်တာ ဖြစ်တဲ့ အတွက် လွှစက်နဲ့ တိုက်ပြီး ရှာဖွေရတာတွေ ရှိတယ်လို့ သူကပြောပါတယ်။ သည်ကနေ့ ဇွန်လ ၂၈ရက်နေ့ မနက်အစောပိုင်းမှာလည်း တရားမ၀င် ဘီယာတွေ၊ ၀ိုင်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 အောင်လေး/Kumudra

No comments:

Post a Comment