Latest News

Wednesday, June 28, 2017

ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေကို သုံးရက်ကြာထိ လွှဲပြောင်းရရှိထားခြင်းမရှိဘူးလို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ပြော

ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေကို သုံးရက်ကြာထိ လွှဲပြောင်းရရှိထားခြင်းမရှိဘူးလို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ပြော

ရန်ကုန်၊  ဇွန်လ –  တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းထောက်သုံးဦးကို သုံးရက်ကြာတဲ့အထိ လွှဲပြောင်းရရှိထားခြင်းမရှိသေးဘူးလို့  ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)နဲ့  ဆက်သွယ်တယ်လို့  ဆိုကာ DVB သတင်းဌာနမှ သတင်းထောက်နှစ်ဦးနဲ့   ဧရာဝတီသတင်းဌာနမှ သတင်းထောက် တစ်ဦးတို့ကို ဇွန်လ ၂၆ ရက်ညနေ ၃ နာရီခွဲတွင် တပ်မတော်က ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေကိုလားရှိုးရဲစခန်းသို့ လွှဲပြောင်းအပ်နှံကာ လိုအပ်တဲ့ စုံစမ်းစစ်ဆေး မှုတွေ ပြုလုပ်နေတယ်လို့   တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပေမယ့် အဲသည်သတင်းထောက်တွေနဲ့ ပတ်သတ်တဲ့ အချက်လက်၊ ညွှန်ကြားချက် တစ်ခုမှ မရရှိထားသေးဘူးလို့  ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ မှ ဒုရဲမှူးကြီး စန်းဝင်းက ရှင်းပြပါတယ်။

” အခုချိန်အထိ ကျွန်တော်တို့ ဆီ တရားဝင်တင်ပြလာတာ ဘာမှ မရှိသေးပါဘူး။ ကျွန်တော်တို့ ဆီလည်း ရောက်မလာသေးတဲ့အတွက် အတည်ပြုလို့ မရနိုင်ပါဘူး။တရားဝင် တင်မလာသေးပါဘူး။ အဲဒီတော့ တရားဝင် မပြောနိုင်သေးဘူး။ ” ဒုရဲမှူးကြီး စန်းဝင်းက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို သတင်းစာ၊ဂျာနယ်၊ရေဒီယိုနဲ့ ရုပ်သံသတင်းတွေက ဖော်ပြထားတာတွေကိုသာ ကြားသိနေရတာဖြစ်တယ်လို့ သူကဆက်လက်ရှင်းပြပါတယ်။


”ဆက်သွယ်ဆောင်ရွက်လို့ ဖမ်းတယ်ဆိုရင်လည်း ဒါက ရဲအရေးပိုင်တဲ့ အမှုပါ။ ဒါပေမယ့် ရဲနဲ့ တရားဝင်ပြောလာတာမရှိတဲ့ အတွက်ပြောဖို့  ခက်ခဲပါတယ်။ အခုအခြေအနေက ရဲအနေနဲ့  ဘာမှ လုပ်လို့ မရသေးဘူး။ ကျွန်တော်တို့ ရဲတပ်ဖွဲ့ ဆီ တရားဝင် လွှဲလာ တယ်ဆိုရင် ကျွန်တော်တို့ ဆောင်ရွက်လို့ ရပါတယ်။ဒါပေမယ့် အခုက ဘာမှန်းမသိဘူး။ တရားဝင်တင်ထား တာမရှိသေးတော့ ကျွန်တော်တို့ မပြောနိုင်သေးဘူး။ အထောက်အထားနဲ့  စာနဲ့ တင်မှသာ ကျွန်တော်တို့ လည်း လုပ်လို့ ရနိုင်မှာပါ။ ” လို့  ဒုရဲမှူးကြီး စန်းဝင်းက ထပ်မံပြောဆိုပါတယ်။

သတင်းထောက် သုံးဦးအပါအ၀င် စုစုပေါင်း အမျိုးသား ၇ ဦးဟာ  TNLAနဲ့  ဆက်သွယ်ကာ ပြန်လည်ထွက်ခွာလာတာကို စုံစမ်းသိရှိရတာကြောင့် တရားဥပဒေနဲ့ အညီ ရေးယူဆောင်ရွက်နိုင်ဖို့   လားရှိုးမြို့နယ်ရဲစခန်းကို စနစ်တကျလွှဲပြောင်း အပ်နှံထားတယ်လို့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ကြေညာထားပါတယ်။

DVB သတင်းဌာနမှ အကြီးတန်းသတင်းထောက် ဦးအေးနိုင်နဲ့   ဦးပြည့်ဘုန်းနိုင်၊ ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးသိန်းဇော်(ခ) လဝီဝမ်တို့ ဟာ ရှမ်းပြည်နယ်မြောက် TNLA နယ်မြေအတွင်း အကြိမ် ၃၀ မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့  တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးများ ဖျက်ဆီးမှု အခမ်းအနား သွားရောက် သတင်းရယူရင်း တပ်မတော်က ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

လားရှိုးမြို့ နယ် မြို့ မရဲစခန်းမှ စခန်းမှူးဦးကျော်နိုင်က –

” လူမှုကွန်ယက်မှာတက်လာတာ  တွေ့ တယ်လေ။ လားရှိုးမြို့ နယ်ရဲစခန်းဆိုတော့ လားရှိုးမှာ မြို့ နယ်ရဲစခန်းဆိုတာ မရှိဘူးဗျ။ ကျွန်တော်တို့ ဆီမှာ မြို့ မ၊ နယ်မြေ ဒါပဲ ရှိတယ်။ဘယ်ရဲစခန်းမှာမှန်း ကျွန်တော်တို့ လည်း မသိဘူး။ကျွန်တော်တို့  ဆီကို လာရောက် အပ်နှံတာလည်း မရှိဘူး။ ”လို့  ပြောပါတယ်။

တပ်မတော်က ဖမ်းဆီးထားရတဲ့ သတင်းထောက်တွေကို ဘယ်နေရာမှာ ထိန်းသိမ်းထားကြောင်း မသိရတဲ့အပြင် အဆက်အသွယ်မရှိသေးတာကြောင့် စိုးရိမ်နေတယ်လို့  သက်ဆိုင်ရာသတင်းဌာနတွေက ဇွန်လ ၂၇ ရက်နေ့ မှာ အသီးသီးသတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်က စစ်ဆေးမေးမြန်းဖို့  ဖမ်းဆီးထားတဲ့ DVB သတင်းဌာနမှ သတင်းထောက် ၂ ဦးနဲ့  ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ၁ ဦးတို့ လွတ်မြောက်ရေး သက်ဆိုင်ရာမှ အမြန်ဆုံးကူညီဆောင်ရွက်ပေးဖို့ တပ်မတော်ကို  မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက မေတ္တာရပ်ခံကြောင်း သတင်းထုတ်ပြန်ကြောညာထားပါတယ်။

၂ဝ၁၄ ခုနှစ် သတင်းမီဒီယာဥပဒေ အခန်း (၃) သတင်းမီဒီယာများရဲ့ရပိုင်ခွင့် ပုဒ်မ (၇) အရ သတင်းသမားတစ်ဦးဟာ  စစ်မက်ဖြစ်ပွားရာဒေသ၊ အရေးအခင်း၊ အဓိကရုဏ်း၊ အများပြည်သူ ဆန္ဒပြရာနေရာဒေတွေမှာ သတင်းရယူစဉ်သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့ အစည်းတွေက ဖမ်းဆီးထိန်းသိမ်းခြင်းက ကင်းလွတ်စေရမယ်လို့  ပြဌာန်းထားပါတယ်။

 ချမ်းသာ/Kumudra


No comments:

Post a Comment