Latest News

Monday, June 5, 2017

ငပုတောမြို့နယ် မော်တင်စွန်းဘုရား ကမ်းခြေအနီးရှိ ကျေးရွာများတွင် ကြွက်ဝမ်းပူများ သောင်းနှင့်ချီ ၀င်ရောက်မှုဖြစ်ပွား

ငပုတောမြို့နယ် မော်တင်စွန်းဘုရား ကမ်းခြေအနီးရှိ ကျေးရွာများတွင် ကြွက်ဝမ်းပူများ သောင်းနှင့်ချီ ၀င်ရောက်မှုဖြစ်ပွား

ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ မော်တင်စွန်းဘုရားကမ်းခြေအနီးရှိ ဇီးချိုင်ကျေးရွာမှ ဂေါ်ရန်ဂျီကမ်းခြေအနီးရှိ ကျေးရွာများအထိ ဇွန် ၄ ရက် နံနက် ၁ နာရီခန့်တွင် ကြွက်ဝမ်းပူများ အကောင်ရေ သောင်း နှင့်ချီကာ ကျေးရွာများအတွင်းရှိ နေအိမ်များ အပင်များပေါ်သို့ ၀င်ရောက် နေထိုင်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

ဟိုင်းကြီးကျွန်းမြို့အပိုင် မော်တင်စွန်းဘုရား ကမ်းခြေအနီးရှိ ဇီးချိုင်ကျေးရွာမှ စတင်ကာ ဂေါ်ရန်ဂျီကမ်းခြေအနီးထိ ကျေးရွာပေါင်း ငါးရွာခန့်တွင် ဇွန် ၃ ရက် ည ၁၁ နာရီခန့်မှ စတင်ကာ အနီးရှိသစ်တောနှင့် ပင်လယ် အတွင်းမှ ကြွက်ဝမ်းပူများ အကောင်ရေ သောင်းနှင့်ချီကာ ကျေးရွာများအတွင်းသို့ ၀င်ရောက်လာခဲ့ကြောင်း၊ ကြွက်ဝမ်းပူများသည် လူနေအိမ်များ၊ လူအများ စိုက်ပျိုးထားသည့် စားပင် သီးပင်များကို ကိုက်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ပြီး နေအိမ်များနှင့် သစ်ပင်ဝါးရုံများပေါ်သို့ တက်ရောက်နေထိုင်နေကြကြောင်း၊ ဇွန် ၄ ရက် နံနက်ပိုင်းတွင် ကျေးရွာများမှ ဒေသခံများက ကြွက်များအား လိုက်လံရိုက်နှက် မောင်းနှင် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ကြွက် အများစုမှာ ကျန်နေဆဲဖြစ်ကြောင်း သိရသည်။

“ရွာတွေက အပင်တွေပေါ်မှာနေတဲ့ ကြွက်တွေကို ရွာသားတွေက ရိုက်သတ်ထားတာတင် အကောင်ရေ ထောင်ကျော်တယ်။ အနားက သစ်တောကနေ ၀င်ရောက်လာတာလို့ ထင်တယ်။ ကြွက်အသေတွေကို ကျွန်တော်တို့ ကျန်းမာရေးဌာနကိုပို့ပြီး စစ်ဆေးတော့ ရောဂါပိုးတော့ မရှိဘူး။ ကြွက်တွေကို မြေမြှုပ်ပြီး ဓာတ်ဆီလောင်း မီးရှို့ ခိုင်းလို့ ကျွန်တော်တို့လုပ်ထားတယ်။ ကြွက်တွေကတော့ ရွာသားတွေ ၀ိုင်းပြီးတော့ ရိုက်ကြလို့ ထွက်ပြေးတော့ သိပ် မရှိတော့ဘူး။ ဒီညတော့ ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်” ဟု ဟိုင်းကြီးကျွန်းမြို့ အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ ကြွက်ဝမ်းပူများ အကောင်ရေ သောင်းနှင့်ချီကာ ကျေးရွာများအတွင်းသို့ ၀င်ရောက်လာမှုကြောင့် ဒေသခံများအနေဖြင့် သဘာဝဘေးအန္တရယ်များ တစ်စုံတစ်ခုကျရောက်ခြင်း၊ အခြားသော ကူးစက်ရောဂါများ ဖြစ်ပွားခြင်းများ ကြုံတွေ့လာမည်ကို စိုးရိမ်ပူပန်နေလျက်ရှိကြောင်း သိရသည်။

မင်းသူဝင်းထွဋ်

Eleven Media Group

No comments:

Post a Comment