မန္တလေးရုံးဌာနအသီးသီးမှ ဘုရားစင်များ ဖြုတ်သိမ်းရန် ညွန်ကြားချက်ထွက်နေသည့်သတင်း မဟုတ်မှန်ကြောင်း မန်းဝန်ကြီးချုပ်ပြော
ယခုရက်သတ္တပတ်အတွင်း အင်တာနက်လူမှုကွန်ရက်စာမျက်နာတွင် ပျံ့နှံ့နေသော မန္တလေးမြို့ရှိ အစိုးရရုံး /ဌာနနှင့် ဆေးရုံများ၊ ကျောင်းများမှ ဗုဒ္ဓဘာသာဘုရားစင်များပြု လုပ်ကိုးကွယ်ခြင်းကို အမြန်ဆုံးဖြုတ်ချဖျက်သိမ်းရန် တာဝန်ရှိသူအဆင့်ဆင့် ညွှန်ကြားနေသည်ဆိုသောသတင်းမှာ မဟုတ်မှန်ကြောင်း မန္တလေးတိုင်းဒေသ ကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကပြော သည်။
“ဒီကိစ္စနဲ့ပါတ်သက်ပြီကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဌာနဆိုင်ရာများ ၊ဆေးရုံနဲ့ ကျောင်းများကို ဘုရားစင်များမထားဖို့နဲ့ ဖြုတ်ချခိုင်းတယ်ဆိုတဲ့သတင်းဟာ အမှားကြီးပါ။ ကျွန်တော်တို့တိုင်းဒေသကြီးအစိုးရကိုယ်တိုင် ဘာတစ်ခုမှမသိရဘဲ အွန်လိုင်းကနေ လျှောက်ရေးနေကြတာ ဖြစ်ပါတယ်။ အမှားတွေပါ။ မဟုတ်တာတွေပါ။ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအနေဖြင့် အရေးကြီးတာ တွေလုပ်နေချိန်မှာ မလိုလားသူ များက အမှားတွေရေးတင်တာဖြစ်ပါလိမ့်မယ်” ဟုမန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
အထက်ပါကိစ္စနှင့်ပါတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဆေးရုံများနှင့် ကျောင်းများသို့ လိုက်လံ စုံစမ်းမေးခဲ့ရာ တရားဝင်ဖြုတ်ချခိုင်းခြင်း၊ တာဝန်ရှိသူ အဆင့်ဆင့် ညွှန်ကြားချက်ဖြင့် ဖြုတ်ချခိုင်းခြင်းမရှိကြောင်းနှင့် အင်တာနက်စာမျက်နှာပေါ်တွင် ရေးသားထားချက်မှာ မဟုတ်မှန်ကြောင်း ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။
လူမှုကွန်ရက် အင်တာနက်စာမျက်နာပေါ်တွင် ယခုရက်သတ္တပတ်အတွင်း အစိုးရရုံး/ဌာန/ဆေးရုံများတွင် ဘုရားစင်များပြုလုပ်ကိုးကွယ်ခြင်းကို အမြန်ဆုံးဖြုတ်ချဖျက်သိမ်းရန် ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားချက်များထွက်ပေါ်လာကြောင်း၊ ရုံးစာဖြင့် တရားဝင်ညွှန်ကြားခြင်းမဟုတ်ဘဲ တာဝန်ရှိသူအဆင့်ဆင့် ညွှန်ကြားခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မန္တလေးဆေးရုံးနှင့် ပြည်မြို့ရှိ အခွန်ဌာနတို့တွင် ဘုရားစင်များဖြုတ်ချပေးခဲ့ရကြောင်းနှင့် ၀န်ထမ်းများက ဆန္ဒပြရန်စီစဉ်နေကြောင်းတို့ကို ရေးသားဖော်ပြထားသည်။
လူမှုကွန်ရက်ပေါ်၌ ဘာသာရေး၊ လူမျိုးရေးသွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ရာတွင် ကောလာဟလများကို ဖြန့်ဝေလေ့ရှိခြင်းကြောင့် ပြည်သူလူထုအနေဖြင့် ကြားသိရသည့် အရပ်သတင်းများ၊ အင်တာနက်လူမှုကွန်ရက်မှ အကျိုးအကြောင်းမခိုင်လုံသည့် သတင်းများကို စဉ်းစားချင့်ချိန်၍ ယုံကြည်သင့်ကြောင်း အမုန်းစကားဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများက မှတ်ချက်ပြုပြောဆိုသည်။
စိုင်းထူးခန့် 
News Watch
Monday, June 5, 2017
မန္တလေးရုံးဌာနအသီးသီးမှ ဘုရားစင်များ ဖြုတ်သိမ်းရန် ညွန်ကြားချက်ထွက်နေသည့်သတင်း မဟုတ်မှန်ကြောင်း မန်းဝန်ကြီးချုပ်ပြော
မန္တလေးရုံးဌာနအသီးသီးမှ ဘုရားစင်များ ဖြုတ်သိမ်းရန် ညွန်ကြားချက်ထွက်နေသည့်သတင်း မဟုတ်မှန်ကြောင်း မန်းဝန်ကြီးချုပ်ပြော
Reviewed by Ar Ti
on
6:24 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment