Latest News

Wednesday, June 28, 2017

အောင်ချက်အမြင့်ဆုံး မွန်ပြည်နယ်၏ လျှို့ဝှက်ချက်

အောင်ချက်အမြင့်ဆုံး မွန်ပြည်နယ်၏ လျှို့ဝှက်ချက်

ဇွန်လ ၁၇ ရက်က ထုတ်ပြန်ခဲ့သော ပြည်နယ်နှင့် တိုင်းဒေသအလိုက် တက္ကသိုလ်ဝင် အောင်စာရင်းအရ မွန်ပြည်နယ်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်ချက်အမြင့်ဆုံး ပထမဖြစ်ခဲ့သည်။

 ပြည်နယ်အတွင်း ဖြေဆိုသူ ၂၂,၆၁၈ ဦး ရှိသည့်အနက် ၉,၃၀၁ ဦး အောင်မြင်ပြီး အောင် ချက် ၄၁ ဒသမ ၁၂ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက် အမြင့်မားဆုံးဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံး ၂၀၁၇ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ခုနစ်သိန်းကျော်ရှိပြီး နှစ်သိန်းလေးသောင်းကျော် အောင်မြင်ခဲ့ သည်။ မန္တလေးတိုင်းသည် အောင် ချက်အမြင့်ဆုံး ဒုတိယရရှိပြီး မကွေးတိုင်းသည် တတိယအောင်ချက်အကောင်းဆုံး ရရှိခြင်းဖြစ် သည်။

 မွန်ပြည်နယ်သည် ၂၀၁၆ တွင် အောင်ချက် ၃၉ ဒသမ ၃၇ ရာခိုင်နှုန်းဖြင့် အောင်ချက်အကောင်းဆုံးရရှိပြီး ယခုနှစ်နှင့်ဆိုပါက ၂ နှစ်ဆက်တိုက် အောင် ချက်အကောင်းဆုံး ရရှိခြင်းလည်းဖြစ်သည်။

၂၀၁၀ ပြည့်နှစ်တွင် အောင် ချက် ၄၂ ဒသမ ၀၈ ရာခိုင်နှုန်း၊ ၂၀၁၁ တွင် ၄၃ ဒသမ ၃၃ ရာခိုင် နှုန်း၊ ၂၀၁၂ တွင် ၅၂ ဒသမ ၂၀ ရာခိုင်နှုန်း၊ ၂၀၁၃ တွင် ၄၇ ဒသမ ၃၈ ရာခိုင်နှုန်း၊ ၂၀၁၄ တွင် ၄၆ ဒသမ ၇၅ ရာခိုင်နှုန်းတို့ဖြင့် ငါးနှစ် ဆက်တိုက် တစ်နိုင်ငံလုံး အောင် ချက်အမြင့်ဆုံး ရရှိခဲ့သည်။

၂၀၁၅ တွင် ဧရာဝတီတိုင်း ဒေသကြီးက အောင်ချက်အမြင့် ဆုံး ရရှိခဲ့သော်လည်း မွန်ပြည်နယ်သည် ဒုတိယနေရာတွင် ရှိခဲ့ သည်။

 ထို့ကြောင့် ၂၀၀၉-၁၀ ပညာသင်နှစ်မှ ၂၀၁၆-၁၇ ပညာသင်နှစ်အထိ ရှစ်နှစ်အတွင်း ခုနစ်ကြိမ်တွင် အောင်ချက်အမြင့်ဆုံးနှင့် တစ်ကြိမ်တွင် ဒုတိယနေရာ၌ ရပ်တည်ခဲ့ခြင်းဖြစ်၏။

သို့သော် ယခုနှစ်တွင် ဂုဏ် ထူးထွက်သူဦးရေ ယခင်နှစ်ထက် နည်းသွားသည်။ ဘာသာစုံဂုဏ်ထူးရှင် ၁၁ ဦး၊ ငါးဘာသာဂုဏ် ထူးရှင် ၄၇ ဦး၊ လေးဘာသာဂုဏ် ထူးရှင် ၁၅၅ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၂၀၉ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၃၃၅ ဦးနှင့် တစ်ဘာ သာဂုဏ်ထူးရှင် ၁,၈၆၂ ဦးရှိ သည်။

ရွှေ့ပြောင်းလုပ်သား အများ စုရှိပြီး ဖွံ့ဖြိုးဆဲ ပြည်နယ်တစ်ခု ဖြစ်သော မွန်ပြည်နယ် အောင်မြင်ရခြင်းသည် အစိုးရကျောင်းများက သတ်မှတ်ချိန်ထက် အချိန်ပိုယူ သင်ကြားခြင်း၊ အပတ်စဉ် စာမေးပွဲများ စစ်ဆေးခြင်း၊ အချို့ကျောင်းများတွင် တစ်ပတ်ကျောင်းတက်ရက် ခြောက်ရက် သတ်မှတ် သင်ကြားခြင်းတို့ ကြောင့် ဖြစ်ပါသည်။

 မွန်ပြည်နယ်သည် ၂ နှစ်ဆက်တိုက် အောင်ချက်အကောင်း ဆုံးအဖြစ် ရပ်တည်နိုင်ခြင်းသည် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများ ကြိုးစားအားထုတ်မှုကြောင့် အောင်မြင်ခြင်းဖြစ် ကြောင်း မွန်ပြည်နယ် ပညာရေး မှူးရုံး ညွှန်ကြားရေးမှူး ဦးမျိုးတင် အောင်က ပြောသည်။

‘‘ပြောရရင်တော့ ဆရာ၊ ဆရာမတွေ၊ ကျောင်းသားမိဘ တွေ၊ ကျောင်းသူ၊ ကျောင်းသား တွေ ဒီသုံးဦး သုံးဖလှယ်က တက် ညီလက်ညီရှိမှု တစ်ယောက်နဲ့တစ် ယောက် ပူးပေါင်းဆောင်ရွက်ပေး မှုတွေကြောင့် အခုလို အောင်မြင် မှု ရနေတာပေါ့။ ဒီအောင်ချက် မြင့်အောင် ကြိုးစားအားထုတ်ခဲ့တဲ့အပေါ်မှာ မှတ်ကျောက်တင် လောက်အောင် အောင်မြင်မှုရနေ တဲ့အတွက် ဆရာတို့ ဂုဏ်ယူ တယ်။ ဝမ်းလည်းသာတယ်။ ဒါ က ကြိုးစားအားထုတ်မှုကို အသိ အမှတ်ပြုခဲ့တယ်ဆိုတဲ့ အသွင် ဆောင်တာပေါ့နော်’’ဟု ဦးမျိုး တင်အောင်က ပြောသည်။

မွန်ပြည်နယ်သည် ဖွံ့ဖြိုးဆဲ ပြည်နယ်တစ်ခုဖြစ်ပြီး အလုပ်လုပ် နိုင်သည့် လူဦးရေ သုံးပုံနှစ်ပုံသည်တစ်ဖက်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသူများ ဖြစ် သည်။ ကျောင်းသားမိဘအချို့ သည် တစ်ဖက်နိုင်ငံတွင် အလုပ် လုပ်နေသော်လည်း ကျောင်းနေ အရွယ် ကလေးများ၏ ပညာသင်ကြားရေးကို ကြိုးကြိုးစားစား အားပေးကူညီမှုများ ပြုလုပ်ခြင်း ကလည်း မွန်ပြည်နယ် အောင် ချက်အမြင့်ဆုံးဖြစ်ရခြင်းတွင် အချက်တစ်ချက်ဖြစ်သည်။

‘‘ကိုယ်က ပညာမတတ်တော့ ပင်ပင်ပန်းပန်း လုပ်စားရတယ်။ ကိုယ့်သားသမီးကို ကိုယ့်လိုမဖြစ် စေချင်ဘူး။ ဒါကြောင့် ပညာတတ် ရင်ပြီးရော ပိုက်ဆံဘယ်လောက် ကုန်ကုန် ပညာရေးကို ဦးစားပေး ခဲ့တယ်။ သူ့အဖေက တစ်ဖက်နိုင် ငံမှာ ငွေပို့ပေးတယ်။ ကိုယ်က ဒီ ကနေ ထိန်းကျောင်းပေးတယ်။ အခု နှစ်ချင်းပေါက် အောင်သွား တယ်’’ဟု ပေါင်မြို့မှ တက္ကသိုလ် ဝင်တန်း အောင်မြင်ခဲ့သည့် ကျောင်းသား၏မိခင် ဒေါ်နှင်းအေးက ပြောသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်းတွင် မုဒုံမြို့နယ်သည် ၅၅ ဒသမ ၄၃ ရာခိုင်နှုန်းဖြင့် အောင် ချက်အကောင်းဆုံး၊ သံဖြူဇရပ်မြို့ နယ်က ၄၇ ဒသမ ၈၇ ရာခိုင်နှုန်းဖြင့် ဒုတိယအောင်ချက်အကောင်း ဆုံးနှင့် မော်လမြိုင်မြို့နယ်သည် ၄၅ ဒသမ ၅၂ ရာခိုင်နှုန်းဖြင့် တတိယ အောင်ချက်အကောင်းဆုံး အသီးသီးရရှိခဲ့သည်။

 ‘‘ကလေးကို ကျူရှင်နဲ့ ကျောင်းမှာပဲ အချိန်ပေးကုန် တယ်။ စိတ်မလေအောင် ဘာအလုပ်မှ မခိုင်းဘူး။ စာပဲ ပေးကျက်တယ်။ တစ်ပတ်တစ်ခါ အတန်းပိုင်ဆရာမကို တွေ့ဆုံတယ်။ ကိုယ့်ကလေး စာလိုက်နိုင်လား၊ အခြေအနေ ဘယ်လိုရှိလဲ အမြဲဂရုစိုက်တယ်။ ဘဝအတွက် ဆုံးဖြတ်ပေးမယ့် အတန်းတင်စာမေးပွဲကို အမှတ်များများနဲ့ အောင် ချင်လို့ မိဘက ဘေးကနေ ဝိုင်းကူ ပေးတယ်’’ဟု မော်လမြိုင်မြို့မှ နှစ်ဘာသာဂုဏ်ထူးရှင်၏ မိခင် ဒေါ်ခင်မြင့်က ပြောသည်။

မွန်ပြည်နယ်အတွင်း အစိုးရ အထက်တန်းကျောင်း ၁၀၃ ကျောင်းနှင့် ကိုယ်ပိုင်အထက် တန်းကျောင်း ကိုးကျောင်းရှိပြီး ပြည်နယ်ရှိ အချို့တက္ကသိုလ်ဝင်တန်းကျောင်းများတွင် တစ်ပတ်လျှင် ခြောက်ရက်အထိ ကျောင်း တက်ရခြင်း၊ အစိုးရသတ်မှတ် ထားသည့် နာရီထက် တစ်နာရီ စာပိုသင်ကြားရခြင်း၊ တစ်ပတ် လျှင်တစ်ကြိမ် စာမေးပွဲကျင်းပခြင်းများ ပြုလုပ်ပေးနေသည်။

‘‘ကျောင်းသားနဲ့ တီချယ်တို့ ကြားမှာ အပေးအယူရှိလို့ ဒီလို အောင်ချက်ကောင်းတယ်။ လို အပ်တဲ့ ကျောင်းသားတွေကို ကျောင်းမှာပဲ အချိန်ပိုယူပြီး သင် ကြားပေးတယ်။ ကျူရှင်ကို အား မကိုးခိုင်းဘူး။ ကျောင်းသားမိဘ တွေလည်း ပညာရေးကိစ္စ ဆောင် ရွက်မှု အားကောင်းတော့ ကလေး တွေ စိတ်အားထက်သန်တယ်’’ဟု မော်လမြိုင် အမှတ် (၉) ကျောင်းမှ ဒသမတန်း မြန်မာစာသင်ကြား သည့် အထက်တန်းပြဆရာမ ဒေါ်ပန်းနွယ်က ပြောသည်။

‘‘နားမလည်တဲ့ စာတွေကို ပြန်မေးဆိုပြီး ဂရုစိုက်စွာနဲ့ သင် ကြားပေးရတယ်။ ကျွန်မအိမ်မှာ လည်း နားမလည်တဲ့စာတွေကို လာမေးလို့ရတယ်။ အခမဲ့ပါ။ ကျူ ရှင်မသင်ဘူး။ ပိုက်ဆံမရှိတဲ့ ကလေးတွေက ပညာလိုချင်တဲ့သူ များတော့ အခမဲ့သင်ပေးတယ်။ စာမေးပွဲနီးပြီဆိုရင် ပိုတောင် ဂရု စိုက်ပေးတယ်။ အဓိက ကျောင်း အုပ်ဆရာမကြီး လမ်းညွှန်မှု ကြောင့်လည်းပါတယ်’’ဟု မော် လမြိုင်မြို့နယ်မှ အထက်တန်းပြ ဆရာမတစ်ဦးက ပြောသည်။

မွန်ပြည်နယ်သည် ၂ နှစ် ဆက်တိုက် အောင်ချက်အကောင်း ဆုံး ရရှိခဲ့ခြင်းကြောင့် ကျောင်း သား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို ဂုဏ်ပြုသင့် ကြောင်းနှင့် ပြည်နယ်လွှတ်တော် က ဝမ်းသာကြောင်းအဆိုတစ်ခုကို ဇွန်လ ၂၁ ရက်တွင် ကျင်းပခဲ့သည့် မွန်ပြည်နယ် လွှတ်တော်အစည်း အဝေး၌ ပေါင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော် ဇော်ထူးက တင်သွင်းပြီး ယင်း အဆိုကို လွှတ်တော်က အတည်ပြု မှတ်တမ်းတင်ခဲ့သည်။

‘‘ကျောင်းချိန်အပြီး ကလေး ကို အိမ်စာပေးတယ်။ မုန့်စားချိန်မှာ ကျောင်းသားဆယ်ဦးကို ဆရာမတစ်ယောက်နှုန်း (အုပ် ထိန်းမှုစနစ်)နဲ့ စာမေးတယ်။  ပုံမှန် တစ်လတစ်ကြိမ်ဖြေတဲ့ စာ မေးပွဲအဖြေတွေအရ စာမလိုက် နိုင်တဲ့ ကလေးတွေကို စာကို နား မလည်တဲ့ ကလေးတွေကို အချိန် ပိုယူပြီး သင်ကြားတယ်။ ကုစားမှု စနစ်နဲ့ သင်ကြားတယ်။ ကျောင်း တွေတိုင်း အောင်ချက်ကောင်း အောင် ဘယ်လိုသင်ပါဆိုပြီး ညွှန် ကြားတာမရှိဘူး။ ကိုယ့်ရဲ့ တီထွင် ကြံဆမှုနဲ့ တိုးတက်အောင် သင်ဆို ပြီး တွန်းအားပေးတာပဲရှိတယ်’’ဟု ဦးမျိုးတင်အောင်က ပြောသည်။

မွန်ပြည်နယ်ရှိ တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်ချက် ကောင်းမွန်လာအောင် တစ်လ တစ်ကြိမ် စာမေးပွဲကျင်းပခြင်း၊ နှစ်ဝက်စာမေးပွဲပြုလုပ်ခြင်း၊ မြို့ နယ်အဆင့် စာမေးပွဲ၊ ခရိုင်အဆင့် စာမေးပွဲနှင့် ပြည်နယ်အဆင့် စာ မေးပွဲကို ကျင်းပလေ့ရှိကြောင်း ၎င်းကဆိုသည်။

မွန်ပြည်နယ်အတွင်း ဒသမ တန်း သင်ကြားသည့် ဆရာ၊ ဆရာမများသည် လုပ်သက်ရင့်သူ များနှင့် အတွေ့အကြုံများသူများ ဖြစ်၍ စာသင်ကြားမှုတွင် အရည် အသွေးရှိသဖြင့် ကျောင်းသားများ အခက်အခဲမရှိ စာသင်ကြားနိုင် ကြောင်း ဦးမျိုးတင်အောင်က ဆို သည်။

 ‘‘မွန်ပြည်နယ်က ၂၀၁၀ ပြည့်နှစ်ကနေ ခုနစ်နှစ်အတွင်း အောင်ချက်အမြင့်ဆုံး ခြောက် ကြိမ်ရတာပါ။ ၂၀၁၅ မှာ ဧရာဝတီ က တစ်ကြိမ်ရလိုက်တယ်။ မနှစ် က ဧရာဝတီက တော်တော်ကျ သွားရာကနေ ဒီနှစ်တော့ အလယ် အလတ်လောက် ပြန်ရောက်လာ တာ တွေ့တယ်။ မွန်ကတော့ အမြဲ အောင်ချက်အကောင်းဆုံး ပေါ့။ အစိုးရဘက်က ပံ့ပိုးပေးမှု အပိုင်းကတော့ အားလုံးအတူတူ ပါပဲ။ မေးကြည့်သလောက်တော့ သူ့ဒေသက မိဘတွေရဲ့ ပံ့ပိုးနိုင်မှု ကတော့ ညီတယ်။ ဆင်းရဲတဲ့ မိဘ လည်း သားသမီးကို ကျောင်း ရောက်အောင်ပို့ကြတယ်။ ဆယ်တန်းလေးတော့ ပြီးအောင်ထားကြတယ်။ သူတို့ရဲ့ ပညာရေးအပေါ် မြင်တဲ့စိတ် ကွာတာကြောင့်လို့ ယူဆပါတယ်’’ဟု ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးတစ်ဦးက သုံးသပ်ပြောကြားသည်။

 
7Day News

No comments:

Post a Comment