Latest News

Tuesday, June 13, 2017

ဘင်္ဂလားဒေ့ရှ်တွင် မုတ်သုံမိုးသည်းထန်မှုနှင့် မြေပြိုမှုများကြောင့် လူ ၆၀ နီးပါး သေဆုံး

ဘင်္ဂလားဒေ့ရှ်တွင် မုတ်သုံမိုးသည်းထန်မှုနှင့် မြေပြိုမှုများကြောင့်
လူ ၆၀ နီးပါး သေဆုံး

ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်းတွင် မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လူ ၅၇ ဦးထက်မနည်း သေဆုံးခဲ့ရပြီး အများစုသည် မြေပြိုမှုများကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ဖုန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးများ ပြတ်တောက်ခဲ့သော ဝေးလံခေါင်သီသော နေရာများသို့ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းများ ရောက်ရှိခဲ့ချိန်တွင် သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်ခြေရှိကြောင်း ရဲတပ်ဖွဲ့က သတိပေးထားသည်။

ရေကြီးမှုဒဏ် ခံစားခဲ့ရသော နေရာအများအပြားသို့ ကယ်ဆယ်ရေးများ မရောက်ရှိသေးကြောင်း၊ မိုးများစဲသွားချိန်တွင် ထိခိုက် ပျက်စီးမှု အနေအထားကို အလုံးစုံသိရှိရမည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား အပြည့်အ၀ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့် ခွဲရေးဌာနဥက္ကဋ္ဌ ရီဇက်အာမက်က ပြောကြားခဲ့သည်။

သေဆုံးခဲ့ရသူ အများအပြားသည် အိန္ဒိယ နယ်စပ်နှင့် နီးကပ်နေသော ဝေးလံခေါင်သီသည့် တောင်တန်းဒေသဖြစ်သော ရန်ဂါ မာတီခရိုင်ရှိ လူမျိုးစု အသိုက်အ၀န်းများမှဖြစ်ကြောင်း၊ ယင်းဒေသတွင် ရွှံ့မြေများက နေအိမ်များပေါ် ဖုံးလွှမ်းခဲ့မှုကြောင့် လူ ၃၅ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ရေဘေးဒုက္ခသည်အချို့အား ကယ်ဆယ်ပြီး ကျောင်းများနှင့် အခြားဘေးကင်းသည့် နေရာများသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ခရိုင်ရဲမှူး ဆေယက်တာရီကူဟာဆန်က ပြောကြားခဲ့သည်။

အနီးရှိ ဘန်ဒါဘန်းခရိုင်တွင် မြေပြိုမှုတစ်ခုအတွင်း နေအိမ်ထဲ၌ အိပ်နေသော မောင်နှမသုံးဦး သေဆုံးခဲ့မှု အပါအ၀င် စုစုပေါင်း လူခြောက်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ယင်းနှင့် ကပ်လျက်ရှိ စစ်တကောင်း ခရိုင်တွင်လည်း လူ ၁၆ ဦး သေဆုံးခဲ့သည်။ ယင်းဒေသတွင် ပြီးခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က ကြီးမားသော မြေပြိုမှုတစ်ခုကြောင့် လူ ၁၂၆ ဦး ထက်မနည်း သေဆုံးခဲ့ရသည်။ လူမျိုးစု သောင်းကျန်းတိုက်ခိုက်မှုများ ဆယ်စုနှစ်နှစ်ခုကြာ ဖြစ်ပွားခဲ့ပြီး အင်အားသုံး တိုက်ခိုက်မှုများ ကြုံတွေ့နေရဆဲဖြစ်သော ရန်ဂါမာတီခရိုင်၌ အစောပိုင်းမြေပြိုမှုကြောင့် လမ်းများပိတ်ဆို့ခဲ့မှုကို ရှင်းလင်းရန် စေ လွှတ်ခံခဲ့ရသည့် စစ်သားများအနက် လေးဦးထက်မနည်းသည် နောက်ထပ်မြေပြိုမှု တစ်ခုအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။

ဆိုင်ကလုန်းမိုရာသည် ဘင်္ဂလားဒေ့ရှ်  အရှေ့တောင်ပိုင်းသို့ ၀င်ရောက်တိုက်ခတ်ခဲ့ပြီး လူရှစ်ဦးထက်မနည်း သေဆုံးခဲ့ကာ နေအိမ်ထောင်နှင့်ချီ ပျက်စီးခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ်အကြာတွင် ယခုကဲ့သို့ မိုးကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းရှိ တောင်တန်းဒေသများတွင် မုတ်သုံမိုးများကြောင့် လူသေဆုံးမှုများရှိသော မြေပြိုမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

မြို့တော်ဒါကာနှင့် စစ်တကောင်းဆိပ်ကမ်းမြို့များတွင်လည်း မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုးရေချိန်မီလီမီတာ ၂၂၂ အထိ ရွာသွန်းခဲ့ရာ နာရီနှင့်ချီ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ရသည်။

Eleven Media Group

No comments:

Post a Comment