Latest News

Tuesday, June 13, 2017

ရုရှားနိုင်ငံတစ်ဝန်းတွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် နာဗာညီ ထောင်ကျပြီး လူ ၁၅၀၀ ကျော်အဖမ်းခံရ

ရုရှားနိုင်ငံတစ်ဝန်းတွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် နာဗာညီ ထောင်ကျပြီး လူ ၁၅၀၀ ကျော်အဖမ်းခံရ

ရုရှားနိုင်ငံတစ်ဝန်းတွင် ဇွန် ၁၂ ရက်က အစိုးရအဖွဲ့၏ ခြစားမှုများကို ဆန့်ကျင်သော ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ရုရှားအတိုက်အခံ နိုင်ငံရေးသမား အလက်ဇီနာဗာညီသည် ရက် ၃၀ ထောင်ကျပြီး ၎င်းအားထောက်ခံသူ ၁၅၀၀ ကျော်ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။
   
ဇွန် ၁၂ ရက် ဆန္ဒပြပွဲများမတိုင်မီ မတ်လအတွင်းကလည်း နာဗာညီ၏ဆော်သြမှုကြောင့်ပင် ဆန္ဒပြပွဲကြီးများ ဖြစ်ပွားခဲ့သေးသည်။ လာမည့်နှစ်ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ၀င်အရွေးခံမည်ဟု ကြေညာထားသော နာဗာညီသည် အွန်လိုင်းပေါ်၌ စည်းရုံးမှုများကို မနားမနေလုပ်ဆောင်နေသလို လမ်းပေါ်ထွက်ဆန္ဒပြရန် မျိုးဆက်သစ်များကိုလည်း ဆွဲဆောင်လျက်ရှိသည်။
   
မော်စကိုတရားရုံး၌ ဇွန် ၁၂ ရက်နှောင်းပိုင်းက ပြုလုပ်ခဲ့သော ရုံးချိန်းတွင် အသက် ၄၁ နှစ်အရွယ် နာဗာညီသည် တရားမ၀င်ဆန္ဒပြပွဲများအား စီစဉ်မှုဖြင့် အပြစ်ရှိကြောင်း ပြစ်မှုထင်ရှားခဲ့သဖြင့် ၎င်းကို ရက် ၃၀ ကြာထိန်းသိမ်းရန် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း နာဗာညီ၏ ပြောခွင့်ရပုဂ္ဂိုလ် ကီယာယာမက်စ်က Twitter ၌ရေးသားခဲ့သည်။
   
နိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများအတွင်း နာဗာညီထောက်ခံသူ ၁၅၀၀ ကျော်ဖမ်းဆီးခံရကြောင်း၊ ယင်းတို့အနက် ၈၂၃ ဦးမှာ မော်စကိုတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး လုံထိန်းများက ဆန္ဒပြလူအုပ်ကိုခွဲရန် ကြိုးပမ်းကြရင်း နံပါတ်တုတ်များဖြင့် ရိုက်ခံရသူများလည်းရှိကြောင်း OVD-info အခွင့်အရေးတက်ကြွလှုပ်ရှားသည့်အဖွဲ့က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။ လုံထိန်းများသည် ဆန္ဒပြသူများကို ဖမ်းဆီးပြီးရဲကားများပေါ်တင်နေစဉ် အခြားဆန္ဒသူများက ‘ရှက်ဖွယ်’၊ ‘သူခိုးပူတင်ဟူ၍ ဟစ်ကြွေးခဲ့ကြသည်။ စိန့်ပီတာစဘတ်မြို့တွင်မူ ဆန္ဒပြသူ ၆၀၀ ခန့်ဖမ်းဆီးခံခဲ့ရသည်။ ဇွန် ၁၂ ရက်ဆန္ဒပြပွဲများတွင် ပါဝင်ကြသူ ထောင်ပေါင်းများစွာအနက် အလွန်ငယ်ရွယ်သူများပါဝင်ကြပြီး “ပူတင်မပါတဲ့ရုရှား” ဟူ၍ သံပြိုင်ဟစ်ကြွေးခဲ့ကြကြောင်း သိရသည်။
   
အဆိုပါဆန္ဒပြပွဲ ဖမ်းဆီးမှုများကို အမေရိကန်က အပြစ်တင်ခဲ့သည်ဟုသိရသည်။ ယင်းသည် ကရင်မလင်နှင့် လူအခွင့်အရေး ချိုးဖောက်မှုတို့အပေါ် ဒေါ်နယ်ထရန့် အစိုးရ၏ ရှားရှားပါးပါး ဝေဖန်မှုတစ်ခု ဖြစ်လာခဲ့သည်။ အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ရှောင်စပိုက်ဆာကလည်း ရုရှားနိုင်ငံတစ်ဝန်းတွင် ငြိမ်းချမ်းစွာဆန္ဒပြခဲ့သူများ အားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန် ရုရှားအစိုးရကို တိုက်တွန်းခဲ့သည်။
   
နာဗာညီသည် မော်စကိုဆန္ဒပြပွဲသို့ အသွားလမ်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ အချို့သောသတင်းများတွင် ဖော်ပြချက်အရ အာဏာပိုင်တို့သည် တက္ကသိုလ်ကျောင်းသားများကို ဆန္ဒပြပွဲများတွင် ပါဝင်ပါက ကျောင်းထုတ်မည်ဟု ခြိမ်းခြောက်မှုများပင်ရှိခဲ့ကြောင်း သိရသည်။
   
နာဗာညီ၏ ခြစားမှုဆန့်ကျင်ရေးဗီဒီယိုများသည် ရုရှား၏အခွင့်ထူးခံ အုပ်ချုပ်ရေးလူတန်းစာကို ဆွပေးနေသကဲ့သို့ဖြစ်ခဲ့ပြီး ပူတင်ကသမ္မတအဖြစ် တတိယအကြိမ် ပြန်လည်ရွေးကောက်ခံခဲ့ရသည့် ၂၀၁၂ ခုနှစ်နောက်ပိုင်း မကြုံစဖူးကြီးမားသည့် ပူတင်ဆန့်ကျင်ရေး လမ်းပေါ်ထွက် ဆန္ဒပြမှုများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။  

Eleven Media Group

No comments:

Post a Comment