Latest News

Tuesday, June 27, 2017

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှ ကျပ်(၃၃၇)ဘီလီယံခန့် အရှုံးပေါ်

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှ ကျပ်(၃၃၇)ဘီလီယံခန့် အရှုံးပေါ်

Photo - FB
နေပြည်တော်၊ ဇွန် ၂၇ ရက်။

မြန်မာတစ်နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း နိုင်ငံ တော်ဘဏ္ဍာငွေကျပ်(၃၃၇)ဘီလီယံခန့် အရှုံးပေါ်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။

“နိုင်ငံပိုင်နှင့် ပုဂ္ဂလိကစက်ရုံများမှထုတ်လုပ်သော ဓာတ်အားတစ်ယူနစ်ကုန်ကျစရိတ်မှာ (၉၁.၉၂)ကျပ်ခန့်ရှိ သော်လည်း ဓာတ်အားတစ်ယူနစ်အတွက် ပြန်လည်ကောက်ခံရရှိငွေသည် ပျမ်းမျှ(၆၉.၂၆)ကျပ်သာဖြစ်ပါ၍ နိုင် ငံတော်ဘတ်ဂျတ်မှ ဓာတ်အားတစ်ယူနစ်တိုင်းအတွက် (၂၂.၆၆)ကျပ်ခန့် စိုက်ထုတ်ပေးရသည့်အခြေအနေဖြစ် သဖြင့် ၂၀၁၆-၁၇ ခုနှစ်တွင် စုစုပေါင်း(၃၃၇)ဘီလီယံကျပ်ခန့် အရှုံးခံစိုက်ထုတ်ခဲ့ရပါတယ်။”ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ကပြောသည်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၊ ပဉ္စမပုံမှန်အစည်းအဝေး၊ (၂၁)ရက်မြောက်ကို ဇွန် ၂၆ ရက်တွင် ကျင်းပရာ ပုလောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းခင်၏ မေးခွန်းနှင့်ပတ်သက်၍ ဒုတိယဝန်ကြီးက ယင်းကဲ့သို့ဖြေဆိုခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်ဓာတ်အားခကို အိမ်သုံးနှင့် စီးပွားရေးသုံး၊ စက်မှုလုပ်ငန်းသုံးဟူ၍နှစ်မျိုးခွဲထားပြီး အိမ်သုံးဓာတ်အားတစ် ယူနစ်လျှင် အနိမ့်ဆုံး(၃၅)ကျပ်မှ အမြင့်ဆုံး(၅၀)ကျပ်၊ စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းသုံးဓာတ်အားတစ်ယူ နစ်လျှင် အနိမ့်ဆုံး(၇၅)ကျပ်မှ အမြင့်ဆုံး(၁၅၀)ကျပ်ဖြင့် နှုန်းထားများသတ်မှတ်ထားကြောင်း သိရသည်။

“မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ကောက်ယူနေသော လျှပ်စစ်မီတာခကို သင့်တင့်မျှတသောဈေးနှုန်းဖြင့် ပြောင်းလဲ သတ်မှတ်ပေးနိုင်ရန် မေးမြန်းရခြင်းဖြစ်ပါတယ်။”ဟု ပုလောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းခင်ကပြောသည်။

လျှပ်စစ်စွမ်းအားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်မှ စိုက်ထုတ်ကျခံသုံးစွဲရမှု လျှော့ချနိုင်ရေးနှင့် သင့်လျော် သော ဓာတ်အားခနှုန်းထားတစ်ခု သတ်မှတ်နိုင်ရေးတို့အတွက် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း၍ Tariff Policy ကိုရေး ဆွဲခြင်း၊ လျှပ်စစ်ဓာတ်အားခနှုန်းထားများနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဝေဖြိုး (မြစ်မခ)

No comments:

Post a Comment