Latest News

Tuesday, June 27, 2017

ကျောင်းကုန်းမြို့နယ်ရှိ ကားလမ်းဘေးဝဲယာ ကျူးကျော်များ စာရင်း စတင်ကောက်ယူ

ကျောင်းကုန်းမြို့နယ်ရှိ ကားလမ်းဘေးဝဲယာ ကျူးကျော်များ စာရင်း စတင်ကောက်ယူ

မော်လမြိုင်ကျွန်း၊ ဇွန် ၂၇ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ကားလမ်းဘေးရှိ ကျူးကျော်များစာရင်း အတိအကျရရှိရန် ၂၀၁၇ ခုနှစ် ဇွန် ၂၆ ရက်မှစတင်၍ စစ်ဆေးစာရင်း ကောက်ယူနေကြောင်း ကျောင်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။

အဆိုပါစာရင်းကောက်ယူခြင်းကို ကျောင်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှတစ်ဦး၊ မြို့နယ်လမ်းဦးစီး ဌာနမှတစ်ဦး၊ ဒေသခံကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဦးနှင့် စာရေးဝန်ထမ်းတစ်ဦးတို့က စစ်ဆေးကောက်ယူနေ ကြောင်း သိရသည်။

”ကျူးကျော်ဆိုတာကတော့ လမ်းနှုတ်ခမ်းနဲ့ ခြံစည်းရိုးကြားမှာရှိတဲ့ ကျုးကျော်အဆောက်အဦးများကို ဆိုလိုပါ တယ်။ လက်ရှိဆောက်နေသူများရှိသလို အသစ်ထပ်မံဆောက်လုပ်ခြင်းမရှိဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးက တား မြစ်ပေးဖို့လိုအပ်ပါတယ်။ ပထမဆုံးအနေနဲ့ စာရင်းကောက်ယူရေးအစီအစဉ်ကို လုပ်ရမှာဖြစ်ပါတယ်။ နှုတ်နဲ့ တားလို့ရချင်ရ၊ မရရင် စာနဲ့တင်ပြမှာဖြစ်ပါတယ်။”ဟု ကျောင်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းကပြောသည်။

ကျူးကျော်စာရင်းစစ်ဆေးကောက်ယူခြင်း ပထမအစီအစဉ်ကို အိုးဘို-ဗြိတ်ကြီး- ကျောင်းကုန်းလမ်း၊ အိမ်မဲလမ်း၊ သုံးခွလမ်း၊ ပုသိမ်-မုံရွာလမ်း၊ ကျောင်းကုန်း-ကျုံပျော်လမ်း၊  ဒါးက-အိမ်မဲလမ်း စသည့်လမ်းဘေးဝဲယာများတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

”ကျူးကျော်စာရင်းတွေကို အတိအကျလိုက်ကောက်မယ်လို့ သိရတယ်။ လိုက်ကောက်တာ့လည်း ဘာတတ်နိုင် မလဲ၊ လိုက်ကောက်ပေါ့။ ကိုယ်ရဲ့အခြေအနေအမှန်ကို တာဝန်ရှိ ပုဂ္ဂိုလ်တွေ တွေ့သွား၊ သိသွားရမှာပဲလေ။ ကိုယ်တွေကလည်း လမ်းဘေးမှာ နေချင်လို့နေတာမဟုတ်ပါဘူးဗျ။ မဖြစ်မနေ နေစရာမရှိလို့ နေနေရတာပါ။ ကူ ညီထောက်ပံ့ပေးမှု မရှိဘဲ စစ်ဆေးစာရင်းကောက်ခြင်းလုပ်ငန်းလုပ်မယ်တော့ မထင်ပါဘူး။”ဟု ကျောင်းကုန်းမြို့ နယ်အတွင်း ကားလမ်းဘေးကျူးကျော်နေထိုင်သူတစ်ဦးက ပြောသည်။

လမ်းအလယ်ဗဟိုမှ တစ်ဘက်(၇၅)ပေစီနှင့် အကျယ်ပေ(၁၅၀)အတွင်း ဆောက်လုပ်ထားသည့် ကျူးကျော်နေ ထိုင်သူစာရင်းမှာ လပွတ္တာ-မြောင်းမြ-အိမ်မဲ-ကျောင်းကုန်း-ကျုံပျော်လမ်း မိုင်တိုင် (၉/၃) မှ (၉၇/၃)အထိ (၈၈) အိမ်၊ အောင်ဆန်းလမ်း၌(၅၀)အိမ်၊ အိမ်မဲ – ဒါးကလမ်းတွင်(၇၀)အိမ်၊ ကျုံပျော်-သုံးခွ-အင်း မလမ်းတွင် (၉၃) အိမ်၊ ဟင်္သာတ-အသုတ်- ကျောင်းကုန်းလမ်းတွင်(၆၁)အိမ်၊ ပုသိမ်-မုံရွာလမ်းတွင်(၃၆)အိမ်နှင့် ကျောင်းကုန်း- ပန်းတနော်လမ်းတွင်(၁၁၂)အိမ်ရှိကြောင်း ကျောင်းကုန်းမြို့နယ်လမ်းဦးစီးဌာနက ခန့်မှန်းတွက်ချက်ထားသည့် စာရင်းအရ သိရသည်။

ကျော်ထက်လင်း (မြစ်မခ)

No comments:

Post a Comment