Latest News

Wednesday, June 28, 2017

ဆွေမျိုးပေါက်ဖော်ပီသရန် သတိပေးသည့် မူဆယ်မြို့ ဆန္ဒပြပွဲ

ဆွေမျိုးပေါက်ဖော်ပီသရန် သတိပေးသည့် မူဆယ်မြို့ ဆန္ဒပြပွဲ

မူဆယ်မြို့မှ ဆန္ဒပြပွဲက ကိုယ့် နိုင်ငံသား အချင်းချင်း ဆန္ဒပြသည့် ပွဲမျိုးမဟုတ်။ ဆွေမျိုးပေါက်ဖော်ဟုတင် စားခေါ်ဝေါ်သည့် တရုတ်အစိုးရကို မြန်မာကုန်သည်များက ဆန္ဒပြကြခြင်းဖြစ်သည်။

 ကမ္ဘာ့ဒုတိယစီးပွားရေး အကောင်းဆုံးတရုတ်က အာဆီယံအဆင့်တွင်ပင် အောက်ဆုံးနား၌ ရပ်တည်နေသော မြန်မာကို အိမ်နီးချင်း ကောင်းပီသစွာ ဖေးမကူညီခြင်း ရှိ၊ မရှိ မူဆယ်ဆန္ဒပြပွဲက အဖြေပေးသည်။

ဘဏ်စာရင်းများအပိတ်ခံရ သည့်အပေါ် အကြောင်းပြကာ မြန်မာနိုင်ငံသား ကုန်သည်များက တရုတ်အစိုးရကို ဆန္ဒပြခဲ့သည်။

ထိုသို့နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် အရေးပါသောမူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းတွင် နှစ်နိုင်ငံကုန်သွယ်မှု၌ တရုတ်၏ တစ်ဖက်စောင်းနင်း၊ မမျှမတဆက်ဆံမှုကို မကြာခဏခံနေရသော မြန်မာနိုင်ငံသား ကုန်သည်များက တရုတ်အစိုးရကို ပထမဆုံး အကြိမ် ဆန္ဒပြတောင်းဆိုခြင်းဖြစ် ရာနှစ်နိုင်ငံအစိုးရအကြား မျက်နှာ ပူစရာဖြစ်ခဲ့သည်။

အထူးသဖြင့် နှစ်နိုင်ငံခေါင်း ဆောင်များ တွေ့ဆုံရာတွင် မြန်မာ့အရေးကို တက်ကြွစွာ ကူညီမည် ဟု ကတိကဝတ်များ ပြုလေ့ရှိ သော်လည်း လက်တွေ့တွင် အ ပြောနှင့်မညီသည့်အခါ တရုတ် ခေါင်းဆောင်များအတွက် ပိုပြီး မျက်နှာပူစရာဖြစ်သည်။

‘မတရား ထိန်းသိမ်းထား သောဘဏ်အကောင့်များချက် ချင်းပြန်ဖွင်ပေး’၊ ‘ငါတို့ရဲ့ချွေးနှဲစာ ပြန်ပေး’၊ ‘ငါတို့ကိုတရားဝင်တန်း တူကုန်သွယ်မှုကို ဆောင်ရွက် ပေး’၊ ‘တရုတ်-မြန်မာ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ဘယ်မှာလဲ’ စသောစကားများ ရေးထိုးထားသည့် ဗီနိုင်းများကိုင် ဆောင်ကာ မူဆယ်ဒေသခံ မြန် မာနိုင်ငံသားကုန်သည် ၂၀၀ ခန့်က ဇွန်လ ၂၃ ရက်နံနက်က တရုတ်- မြန်မာနှစ်နိုင်ငံ နယ်စပ်ဝင်ထွက် ပေါက်ဖြစ်သည့် နန်းတော်ဂိတ် တွင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

မြန်မာကုန်သည်များ အပိတ်ခံရသည့် ပမာဏသည် ကျပ် ၅၇ ဘီ လီယံကျော်အထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဆန္ဒပြသည့် ကုန်သည်များ က အပိတ်ခံထားရသည့် ဘဏ်စာရင်းများ ပြန်လည်ဖွင့်ပေးရန် တောင်းဆိုခဲ့သကဲ့သို့ တရုတ်- မြန် မာ နယ်စပ်ကုန်သွယ်ရေးတွင် မျှမျှ တတနှင့် တရားဝင်ကုန်သွယ်ခွင့် ပြုရန်ပါ တရုတ်အစိုးရကိုတောင်း ဆိုခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြရာ တွင်ပါဝင်သည့် ကုန်သည်အချို့ ကပြောသည်။

‘‘နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်ဘက်ကအသာစီးယူထား တယ်။ သူတို့ဘက်ကသွင်းလာတဲ့ ကုန်ပစ္စည်းတွေအကုန်လုံး မြန်မာ ဘက်က တရားဝင်ခွင့်ပြုထားပေ မယ့် မြန်မာဘက်ကပို့တဲ့ကုန် ပစ္စည်းတွေကိုကျတော့ တရားဝင် သွင်းခွင့်မပေးထားဘူး။ မကြာခ ဏဖမ်းဆီးတာတွေလုပ်တဲ့အ တွက် မြန်မာကုန်သည်တွေနစ်နာ တယ်’’ဟု မူဆယ်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ အသက် (၃၅) နှစ်အရွယ်သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

မူဆယ်ဆန္ဒပြပွဲတွင် ရည်ရွယ်ချက်နှစ်ခုဖြင့် ပါဝင်ခဲ့ခြင်းဖြစ်ပြီး ကုန်သွယ်ရေးအတွက် ငွေပေးငွေချေပြုလုပ်ရန် တရုတ်နိုင်ငံရွှေလီမြို့ရှိ ABC (Agriculture Bank of China) ဘဏ်တွင် ငွေစာရင်းဖွင့်ထားသည့် ယွမ်ငွေသိန်း ၂၀ ခန့်ရှိသည့် သူ၏ဘဏ်စာရင်းများ အမြန်ဆုံးဖွင့်ပေးရန်နှင့်နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို နှစ်နိုင်ငံကုန်သည်များ မျှမျှတတလုပ်ကိုင်ခွင့်ရရန် ဖြစ်သည်ဟု​၎င်းကဆိုသည်။

 မူဆယ်နယ်စပ်ကုန်သွယ် ရေးစခန်းသည် မြန်မာနိုင်ငံကုန် သွယ်မှုတစ်ခုလုံး၏ ၂၀ ရာခိုင်နှုန်း ကို ကုန်သွယ်နေသော မြန်မာနိုင်ငံ ၏ အကြီးဆုံးနယ်စပ်ကုန်သွယ် ရေးစခန်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ကစတင်ကာ နောက်ဆုံးသုံးနှစ်အတွင်း မြန်မာနိုင်ငံ၏ တရားဝင်ကုန် သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံခန့်သာရှိခဲ့ပြီးမူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် မြန်မာ-တရုတ်နှစ်နိုင်ငံကြားကုန်သွယ်မှုမှာ နှစ်စဉ်အမေရိကန်ဒေါ်လာ ငါးဘီလီယံကျော်ရှိခဲ့သည်။ မြန်မာနိုင်ငံမှ ဆန်၊စပါး၊ ပဲ၊ ပြောင်း၊ နှမ်းအပါအဝင် လယ်ယာထွက်ကုန်အများ စုကို မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချပြီး တရုတ်နိုင်ငံ ထုတ်စက်ပစ္စည်းနှင့် လူသုံးကုန် ပစ္စည်းမျိုးစုံကို မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တင်သွင်း ကြသည်။

 တရုတ်အစိုးရတာဝန်ရှိသူ များက နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ထိခိုက်စေနိုင်သဖြင့် ဆန္ဒပြတောင်း ဆိုခြင်းမပြုရန်နှင့် ယာယီပိတ် သိမ်းထိန်းချုပ်ထားသည့် ဘဏ်စာ ရင်းများကို အမြန်ဆုံးပြန်လည်ဖွင့် ပေးမည်ဖြစ်ကြောင်း မြန်မာကုန် သည်များကို ခေါ်ယူညှိနှိုင်းခဲ့သေး သည်။

သို့သော်တရုတ်တို့၏ ညှိနှိုင်း မှုမအောင်မြင်ခဲ့ဘဲ မူဆယ်ဒေသခံ ကုန်သည်များက ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။

ဇွန်လ ၁၅ ရက်ကစတင်ကာ တရုတ်နိုင်ငံအတွင်းရှိ အွန်လိုင်းလောင်းကစားမှုများကို တရုတ်ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရာမှတစ်ဆင့် ယင်းအမှုနှင့် ဆက်စပ်သည်ဟုယူဆသော တရုတ်နိုင်ငံအတွင်းရှိ ဘဏ်စာရင်း ၅,၀၀၀ ကျော်ကို တရုတ်ရဲတပ်ဖွဲ့က ထိန်းချုပ်ပိတ်ပင်ခဲ့သည်။ အဆိုပါ ထိန်းချုပ်ပိတ်ပင်သည့်အထဲ တွင် မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများ ပါဝင်ခဲ့ပြီး ဘဏ်စာရင်းအပိတ်ခံရမှုကြောင့် မူဆယ် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများအပေါ် ထိခိုက်ခဲ့သည်။

 မူဆယ်ဒေသခံ ကုန်သည် များက ဆန္ဒထုတ်ဖော်ရန် စီစဉ် နေစဉ်အတွင်း တရုတ်နိုင်ငံအစိုးရ ရွှေလီဒုမြို့တော်ဝန် အပါအဝင်တာဝန်ရှိသူများက မူဆယ်ဒေသခံကုန်သည်များကိုခေါ်ယူညှိနှိုင်းခဲ့သည်။

တရုတ်နိုင်ငံတွင်းရှိ အွန်လိုင်းလောင်းကစားမှုများကို ဖော်ထုတ် နိုင်ရန်နှင့် နှစ်နိုင်ငံနယ်စပ်တရား ဥပဒေစိုးမိုးရေးအတွက် ဘဏ်စာ ရင်းများကို ယာယီထိန်းချုပ်ခြင်း သာဖြစ်ကြောင်း၊ တရုတ်နိုင်ငံအ နေဖြင့် မြန်မာကုန်သည်များ၏ အကျိုးစီးပွားရေးကို အလေးအ နက်ထားသကဲ့သို့ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးကို လည်း အလေးထားကြောင်း Mr.Chen Chen က မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

မြန်မာနိုင်ငံသားကုန်သည် များ ဆန္ဒပြတောင်းဆိုပြီး နာရီပိုင်း အကြာ ဇွန်လ ၂၃ ရက်ညနေပိုင်း ကစတင်ကာ တရုတ်ရဲတပ်ဖွဲ့က ယာယီထိန်းချုပ်ပိတ်သိမ်းထား သည့် မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများကို ပြန်လည်ဖွင့် လှစ်ပေးခဲ့သည်။ ဘဏ်စာရင်း များကိုစစ်ဆေး၍ အမြန်ဆုံးပြန် လည်ဖွင့်ပေးနိုင်ရန် ယူနန်ပြည် နယ်ရဲတပ်ဖွဲ့သာမက အခြားပြည် နယ်များမှ ရဲတပ်ဖွဲ့များကိုပါ စရိတ်စကအကုန်ကျခံကာ ခေါ်ယူ စစ်ဆေးခဲ့သည်ဟု တရုတ်အစိုးရ တာဝန်ရှိသူများက ပြောကြား ကြောင်း မူဆယ်ဆန္ဒပြပွဲ ဦးဆောင် သူတစ်ဦးဖြစ်သည့် မူဆယ်လယ် ယာထွက်ကုန် ကုန်စည်ဒိုင်ဥက္ကဋ္ဌဦးလှမောင်ကပြောသည်။

ဘဏ်စာရင်းများပြန်ဖွင့်ပြီး နောက်တစ်နေ့တွင် တရုတ်အစိုးရ တာဝန်ရှိသူများက မူဆယ်ဒေသခံ ကုန်သည်များကို ခေါ်ယူတွေ့ဆုံ ပြီး ဆန္ဒပြတောင်းဆိုမှုအတွက် စိတ်မကောင်းဖြစ်မိကြောင်းနှင့် နောင်တွင် နှစ်နိုင်ငံချစ်ကြည်ရေး နှင့်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း များ မထိခိုက်စေရန် မြန်မာကုန် သည်များနှင့် ပိုမိုပူးပေါင်းလုပ် ဆောင်မည်ဖြစ်ကြောင်းပြောကြားသည်။

သို့သော် တရုတ်အစိုးရ၏ လျင်လျင်မြန်မြန်ဆောင်ရွက်ပေးမှုအပေါ် မြန်မာကုန်သည်အချို့က သံသယရှိနေဆဲဖြစ်သည်။ မြန်မာ-တရုတ်နယ်စပ်တွင် ဖြစ်ပျက်နေသည့် အခြေအနေ၊ တရုတ်ဘဏ်များတွင် ငွေစာရင်းဖွင့်ထားမှုအတွက် အာမခံချက်မရှိသည့်အခြေအနေများကို တရုတ်အစိုးရက နိုင်ငံတကာသို့ အသိမပေးလို သဖြင့် မြန်မာကုန်သည်များ ဆန္ဒမပြရန် ယခုကဲ့သို့နှစ်သိမ့်ခြင်းဖြစ်နိုင်သည်ဟု မူဆယ်ဒေသခံကုန်သည် အချို့က ယူဆသည်။

မူဆယ်နယ်စပ်တွင် မြန်မာ နိုင်ငံသားကုန်သည်များ၏ ဘဏ် စာရင်းအပိတ်ခံရမှုများ မကြာ ခဏကြုံတွေ့နေရပြီး အချို့ကုန် သည်များသည် ယာယီအပိတ်ခံရ သည်ဆိုသော်လည်း နှစ်ချီကြာ သည်အထိ ပြန်လည်ဖွင့်မပေး သည့် ဖြစ်စဉ်များရှိသည်ဟု ကိုယ် တိုင်ကြုံဖူးသည့် ကုန်သည်အချို့ ကပြောသည်။

တရုတ်ဘဏ်များတွင် သုံး နှစ်ခန့် အပိတ်ခံထားရသော မြန်မာကုန်သည်များ၏ ဘဏ်စာရင်းပြန်လည်ဖွင့်လှစ်ရန် ယခုနှစ် မတ်လက မူဆယ်ခရိုင် အုပ်ချုပ်ရေးရုံး၌ အသိပေးစာထုတ်ပြန်ခဲ့သည်။ ထို့နောက် နှစ်နိုင်ငံညှိနှိုင်းမှုများ ဆောင်ရွက်ပြီး အပိတ်ခံရသည့်ငွေစာရင်း၂၁ ခုမှ အများစု ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးဦးကျော်ကျော် ထွန်းက ပြောသည်။ယွမ်ငွေ ငါးသိန်းကျော်ရှိသည့် ဘဏ်စာရင်းတစ်ခုပြီးခဲ့သည့် ဧပြီ ကတည်းက အပိတ်ခံခဲ့ရပြီးဘဏ် အကောင့်ပြန်ပွင့်ရန် တရုတ်နိုင်ငံ အတွင်းပိုင်းထိ လိုက်လံစုံစမ်း သော်လည်း အခြေအနေမထူးဘဲ ဖြစ်နေကြောင်း မူဆယ်ဒေသခံ ကုန်သည်ဦးမောင်မောင်က ပြော သည်။

‘‘ဘဏ်ကနေ အကောင့်ပိတ် တဲ့ ရဲစခန်းကိုပြောလိုက်တယ်။သူ တို့ပြောတဲ့ ရဲစခန်းက တရုတ်နိုင်ငံ အတွင်းပိုင်းမှာရှိတယ်။ အဲဒီရဲစ ခန်းရှိတဲ့နေရာကို တွေ့အောင်ရှာ ဖို့ကအစခက်တယ်။ တချို့တရုတ် တွေတောင် မသိတဲ့နေရာတွေ။ လိုက်ဖို့ခက်တယ်။ အခုအချိန်ထိ ဘာမှအကြောင်းမထူးသေးဘူး’’ ဟုဦးမောင်မောင်က ပြောသည်။

လက်ရှိတွင် မူဆယ်လယ် ယာထွက်ကုန် ကုန်စည်ဒိုင်၏ ဦး ဆောင်မှုဖြင့် မြန်မာနိုင်ငံ ဗဟိုဘဏ်က မြန်မာ့ဘဏ်များ၌ တရုတ်ငွေစာရင်းဖွင့်နိုင်ရေး စီစဉ် ပေးရန် တောင်းဆိုမည်ဟု ယင်းကုန်စည်ဒိုင် ဒုဥက္ကဋ္ဌဒေါ်ဖြူက ပြောသည်။

‘‘ဒီရက်ပိုင်းထဲ ဗဟိုဘဏ်က လာဆွေးနွေးမယ်လို့တော့ ပြော တယ်။ ဘယ်လိုစီစဉ်ပေးမလဲဆို တာတော့ မသိရသေးဘူး’’ဟု ဒေါ် ဖြူကဆိုသည်။

 တစ်ချိန်တည်းတွင် တရုတ်အစိုးရကို မျက်နှာပျက်စေသည့် ဆန္ဒပြမှုအတွက် တရုတ်နိုင်ငံသို့တင်သွင်းနေသည့် မြန်မာကုန်သည်များ၏ ကုန်ပစ္စည်းများကို တရုတ်ရဲများက ပိုမိုကြပ်မတ် ဖမ်းဆီးလာမည်ကိုလည်း နယ်စပ် ကုန်သည်များက စိုးရိမ်နေဆဲဖြစ် သည်။

‘‘ဆန်တွေ၊ လယ်ယာထွက် ကုန်တွေက မှောင်ခိုသွင်းနေတယ်။ တရုတ်ရဲကဖမ်းရင်လည်း ဘာမှ ပြောလို့မရဘူး’’ဟု မူဆယ် လယ် ယာထွက်ကုန် ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးလှမောင်ကဆန္ဒပြမှု၏ နောက် ဆက်တွဲပိုမိုကြပ်မတ်ဖမ်းဆီးမှု များ ဖြစ်လာနိုင်သလားဟုမေး မြန်းရာတွင် ပြန်လည်ဖြေကြား သည်။

မြန်မာနိုင်ငံသားကုန်သည် အများစုက တရုတ်-မြန်မာနယ် စပ်ကုန်သွယ်ရေးသည် မမျှတဘဲ တရုတ်နိုင်ငံဘက်က တစ်ဖက် စောင်းနင်းအသာစီးယူထားသည် ဟုယူဆသည်။ နယ်စပ်ကုန်သွယ် ရေးတွင် တရုတ်နှင့်မြန်မာနှစ်နိုင်ငံ ကြား တရားဝင်တန်းတူ ကုန်သွယ် ခွင့်ရရန် အစိုးရတာဝန်ရှိသူများက ညှိနှိုင်းလုပ်ဆောင်ပေးစေလို သည်ဟု မူဆယ်ဒေသခံကုန်သည် များကပြောသည်။

ဘဏ်စာရင်းများ အပိတ်ခံရ မှုအပေါ် တရုတ်နိုင်ငံအစိုးရတာ ၀န်ရှိသူများက လတ်တလောပြေ လည်အောင် ဖြေရှင်းပေးထား သော်လည်း နောင်တွင် ယခုကဲ့သို့ ဖြစ်ရပ်များထပ်မံဖြစ်ပေါ်လာမည်ကို မြန်မာကုန်သည်များက စိုးရိမ်နေကြဆဲဖြစ်သည်။။

7Day News

No comments:

Post a Comment