Latest News

Wednesday, June 28, 2017

ထောင်နံရံများကြားတွင် အနာဂတ်အိပ်မက်ကိုယ်စီ

ထောင်နံရံများကြားတွင် အနာဂတ်အိပ်မက်ကိုယ်စီ

ပါးပြင်နှစ်ဖက်တွင် သနပ်ခါးပါးကွက်ကျားပါးပါးလိမ်းကာ ကျစ်ဆံမြီးနှစ်ဖက်ကို စုံချထားသော မရွှန်းလဲ့ဝေကျော်က သူ၏အနာဂတ်မျှော်လင့်ချက်ကို သတင်းသမားများအား တိုးညင်းစွာပြောကြားလိုက်သည်။

‘‘သမီးအပြင်မှာ ကျောင်းတက်ချင်ပါတယ်။ စီးပွားရေးတက္ကသိုလ်တက်ချင်တယ်’’

သူရည်ညွှန်းပြောဆိုလိုက် သော‘အပြင်’ဆိုသည်မှာ ထောင်နံရံများ၏အပြင်ဘက် လွတ်လပ်သော အပြင်ကမ္ဘာကို ဆိုလိုခြင်း ဖြစ်ပါသည်။ မရွှန်းလဲ့ဝေကျော်သည် သူ၏ကျောင်းစရိတ်အတွက် အလုပ်ဝင်လုပ်ရာ ကုန်စုံဆိုင်တွင် မူးယစ်ဆေးဝါး ၁၅ ပြား လက်ဝယ်တွေ့ရှိမှုဖြင့် မန္တလေးအိုးဘိုထောင်တွင် ၁၀ နှစ်အကျဉ်းချခံလိုက်ရသည်။ ထောင်တွင်းမှာပင် တက္ကသိုလ်ဝင်စာမေးပွဲကို ပထဝီ၊ သမိုင်း၊ ဘောဂဗေဒဘာသာရပ်များဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည်။

 အိုးဘိုထောင်အတွင်းမှ သူကဲ့သို့ပင် တက္ကသိုလ်ဝင်စာမေးပွဲ ကို ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားများကို ဇွန်လ ၂၀ ရက်က သတင်းသမားများတွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပါသည်။ ထူးချွန် ကျောင်းသားများက သူတို့၏အနာ ဂတ်မျှော်လင့်ချက်များကို သတင်း သမားများထံ ဖွင့်ဟခွင့်ရခဲ့သည်။

အိုးဘိုအကျဉ်းထောင်မှ တက္ကသိုလ်ဝင်စာမေးပွဲကို ၁၁ ဦး ဝင်ရောက်ဖြေဆိုရာ ခုနစ်ဦး အောင်မြင်ခဲ့ကာ ငါးဦးသည် ဂုဏ်ထူးများဆွတ်ခူးနိုင်ခဲ့သည်။အောင် မြင်ခဲ့သူခုနစ်ဦးအနက် ငါးဦးသည် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သော အမှုများဖြင့် ထောင်ဒဏ်ကျခံနေ ရခြင်းဖြစ်သည်။

 မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ဒဏ်ကျခံနေရ၍ အခြား စာမေးပွဲအောင်မြင်သူများကဲ့သို့ နှစ်သက်ရာ တက္ကသိုလ်ကို တက် ရောက်ခွင့်ရရန် ရွေးချယ်ခွင့်၊ စိတ် ကူးမျှော်လင့်ခွင့် မရမည်ကို မရွှန်းလဲ့ဝေကျော်က စိုးရိမ်ပူပန်သည်။

 ‘‘ဂုဏ်ထူးသုံးဘာသာပါတဲ့ အတွက် အရမ်းပျော်ပြီး မျက်ရည်ကျခဲ့တယ်။ စီးပွားရေးတက္ကသိုလ်မှာ ဆရာမလုပ်ချင်တယ်။ အပြင်မှာ ကျောင်းတက်ခွင့်ရချင်တယ်’’ ဟု မရွှန်းလဲ့ဝေကျော်က သတင်းသမားများကို ဖွင့်ဟသည်။

ကချင်ပြည်နယ်အတွင်းက ရွှေကူမြို့နယ်ရွာလေးတစ်ရွာတွင် တောင်သူမိသားစုမှ မွေးဖွားကြီး ပြင်းခဲ့သော သူသည် သူငယ်တန်းမှ အဋ္ဌမတန်းအထိ စာမေးပွဲများတွင် ဆုအမြဲရရှိခဲ့သူဖြစ်သည်။

၂၀၁၃ တွင်တော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ သူ ဖြေသည်။ သို့သော် မအောင်မြင်ခဲ့ပေ။ ၂၀၁၅ တွင်တော့ ကျောင်းဆက်တက်ရန် ကျောင်းစရိတ်လိုအပ်လာသဖြင့် တစ်ရွာတည်းနေကုန်စုံဆိုင်တွင် အလုပ်လုပ်ကိုင်ခဲ့သည်။ မူးယစ်ဆေးဝါးရောင်းချနေခဲ့သော ကုန်စုံဆိုင်ဖြစ်နေခြင်းက သူ့ကို ကြမ္မာငင်ခဲ့သည်။

‘‘အဲဒီလိုဆေးရောင်းတယ်ဆိုတာ သမီးမသိခဲ့ဘူးရှင့်။ သူတို့ ရောင်းနေတာကို မြင်တဲ့မနက်မှာပဲ ပြန်မယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ဆိုင်ရှင်တွေက ခွင့်မပြုခဲ့ဘူး’’ဟု မရွှန်းလဲ့ဝေကျော်က သူအဖမ်းခံခဲ့ရသည့်နေ့ကို ပြန်ပြောပြသည်။

ဆိုင်ရှင်များ အခြားရွာသို့ သွားရောက်နေချိန် သူဆိုင်အတွင်းရှိနေချိန်တွင် ရဲများရောက်ရှိလာကာ စစ်ဆေးမေးမြန်းပါတော့သည်။ ဆိုင်ရှင်များကို လာရောက်ရှာဖွေသည်။ ရဲများဖမ်းဆီးလာသူ ကောင်လေးတစ်ဦး၏ လက်ထဲမှ မူးယစ်ဆေးပြားများကို ပြကာ သိသလားဟု မရွှန်းလဲ့ဝေကျော်ကို မေးမြန်းခဲ့သည်။ နံနက်က ဆိုင်ရှင်များထံတွင် မူးယစ်ဆေးများကို တွေ့ရှိခဲ့သဖြင့် ရဲလက်သို့အပ်မည်ဟူသောအသိဖြင့် လက်ညှိုးညွှန်ပြခဲ့မိသည့် နောက်တွင်မူ ဖမ်းဆီးခံခဲ့ရပါတော့သည်။

အမှုရင်ဆိုင်ရစဉ် ကာလအတွင်းက တရားသူကြီးအား သူ ပြစ်မှုမကျူးလွန်ကြောင်း ထွက်ဆိုခဲ့သော်လည်း သူ့ကို ချမှတ်လိုက်သည့်ပြစ်ဒဏ်သည် ၁၀ နှစ်ဖြစ်သည်။ တရားရင်ဆိုင်စဉ်ကာလ တွင် ရှေ့နေငှားရမ်းကာ ပြန်လည် ချေပသော်လည်း ထောင်ဒဏ်ကိုသာ သူရရှိခဲ့ပြီး ပြစ်ဒဏ်လျှော့ ပေါ့ရေး အယူခံတက်ရာတွင်လည်း မအောင်မြင်ခဲ့ဟု ဆိုသည်။ ကျောင်းစရိတ်ရှာဖွေရင်း ထောင်နန်းစံခဲ့ရသည့် အဖြစ်ကြောင့် ခံပြင်းစိတ်ဖြင့် စာမေးပွဲကို ထူးချွန်စွာ အောင်မြင်အောင်ကြိုးစားမည်ဟု သူစိတ်ပိုင်းဖြတ်ခဲ့သည်။

ထောင်အတွင်းမှ စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့သူအများစုမှာတော့ အပေါင်းအသင်းမှားယွင်းမှုကြောင့် လမ်းမှား ရောက်ကာ ပြစ်ဒဏ်ကျခံရသူ များပါဝင်သလို မိသားစုစားဝတ် နေရေးအတွက် မထင်မှတ်ဘဲ ပြစ်မှုကျူးလွန်ခဲ့မိသူများလည်းဖြစ်သည်။ စာမေးပွဲအောင်မြင်ခဲ့သူများသည် (၁၈)နှစ်၊ (၁၉)နှစ်အရွယ်များဖြစ်သည်။

 မရွှန်းလဲ့ဝေကျော်ကဲ့သို့ပင် စာမေးပွဲကို ဘောဂဗေဒဘာသာရပ်ဖြင့် အောင်မြင်ခဲ့သူသည် အသက်(၁၈)နှစ်ခန့်အရွယ် ကိုထွဋ် ခေါင်မျိုးဝင်းဖြစ်သည်။ အကျဉ်း ကျနေသော်လည်း ဘဝအနာဂတ် အတွက် ရည်မှန်းချက်ရှိထားသူ ကိုထွဋ်ခေါင်မျိုးဝင်းသည် ပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အိုးဘိုထောင်အတွင်း ရောက်လာသူဖြစ်သည်။ အပေါင်းအသင်း မှားယွင်းမှု ကြောင့် မတော်တဆလူသေမှုအ ထိ ဖြစ်စေခဲ့၍ ထောင်ဒဏ်သုံးနှစ် ကျခံခဲ့ရသော သူကလည်း စီးပွား ရေးတက္ကသိုလ်သို့ တက်ရောက် လိုသည်ဟုဆိုသည်။

‘‘ကျွန်တော်စီးပွားရေးတက္က သိုလ်တက်ချင်တယ်။ အားသာတဲ့ ဘောဂဗေဒကို ဂုဏ်ထူးထွက်အောင် လုပ်တယ်။ အိမ်ကလည်း အားပေးတဲ့အတွက်ပါ’’ဟု ကိုထွဋ် ခေါင်မျိုးဝင်းက ပြောသည်။

ထောင်မှ လွတ်မြောက်ရက် နီးကပ်နေသည့် သူက သူ့လို ဖြစ် ရပ်မျိုးမကြုံစေရန် သတင်းစကား ပါးလိုက်ပါသေးသည်။ ‘‘အပေါင်းအသင်းမမှားဖို့ ဂရုပြုပါလို့ ပြောချင်ပါတယ်’’

မန္တလေး အိုးဘိုအကျဉ်း ထောင်တွင် ၂၀၁၆-၁၇ ပညာသင်နှစ်က စတင်ကာ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနကို ထားရှိ ခြင်းဖြစ်ကာ စတင်သည့်နှစ်မှာပင် ဂုဏ်ထူးရကျောင်းသားငါးဦး ပေါ် ထွက်ခြင်းဖြစ်သည်။ ထိုသို့ ထူးချွန် ကျောင်းသားများပေါ်ထွက်ရေး အကျဉ်းဦးစီးဌာနမှ အကျဉ်း ထောင်ဝန်ထမ်းများနှင့် အကျဉ်း ကျနေသူများထဲမှ ဆရာအဖြစ် သင်ကြား ပြသပေးသူများက လည်း အရေးပါသည့် နေရာမှ ပါဝင်ခဲ့သည်။

‘‘အရင်ကဆို အင်းစိန်ထောင် မှာ ဖြေရတာ။ ဝေးကွာတဲ့အတွက် ကြောင့် မန္တလေးထောင်မှာဖြေလို့ ရအောင် ပညာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တယ်’’ ဟု မန္တလေးအိုးဘိုအကျဉ်းထောင်တာ ဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေး မှူး ဦးချိုဝင်းထွန်းက ပြောသည်။ အကျဉ်းကျနေသူများထဲမှ ပညာ တတ်အကျဉ်းသားများကို ဆရာ အဖြစ် ရွေးချယ်ကာ အနီးကပ်သင် ကြားစေပြီး ပညာရေးဝန်ကြီးဌာန မှ အထက်တန်းပြဆရာများက လည်း စေတနာဖြင့် သင်ကြားပြသ ပေးခဲ့ကြကြောင်း ၎င်းကဆိုသည်။

အရည်အချင်းအစစ်အမှန် များရရှိလာစေရန် အရာရှိများနှင့် အကျဉ်းသားဆရာများက ဦး ဆောင်ကာ လပတ်စာမေးပွဲများ ဖြေဆိုစေခြင်း၊ တစ်ဦးချင်းစီ၏ တိုးတက်မှုများကို စစ်ဆေးပေး ခြင်း၊ လပတ်စာမေးပွဲများတွင် အောင်မှတ်မရသော ဘာသာရပ် များကို တွန်းအားပေးကာ သင်ယူ ကျက်မှတ်စေခြင်းများဆောင်ရွက် ခဲ့သည်ဟုလည်း ဆိုသည်။

ထူးချွန်စွာအောင်မြင်ခဲ့သည့် အကျဉ်းသူ၊ အကျဉ်းသားများအတွက်  ၎င်းတို့တက်ရောက်လို သော တက္ကသိုလ်အသီးသီးသို့ တက်ရောက်နိုင်ရေးကို အကျဉ်း ဦးစီးဌာနနှင့် ညှိနှိုင်းကာ ထိုက် တန်သည့်ပညာရေးရရှိရန် ဆောင် ရွက်ပေးမည်ဟုလည်း ဦးချိုဝင်း ထွန်းက ဆိုသည်။

ကြုံဆုံခဲ့ရသည့် အတိတ်မှ ဖြစ်ရပ်ဆိုးများကြောင့် ယုံကြည်မှု ကွယ်ပျောက်နေသူများကိုအလင်း ပြပေးခဲ့သူများဖြစ်သည့် ဆရာ အဖြစ် အနီးကပ်သင်ကြားပေးခဲ့သူ များ၏ အကျဉ်းသားဆရာများ၏ အခန်းကဏ္ဍကို ချန်လှပ်ထားခဲ့၍ မရပေ။ စာသင်ကြားပေးခဲ့သူများ သည် သင်္ဘောသား၊ ဆရာဝန် စသည့် ဘွဲ့ရပညာတတ်များဖြစ် ပြီးစုစုပေါင်းဆရာကိုးဦးက ၎င်းတို့ ကျွမ်းကျင်ပိုင်နိုင်ရာ ဘာသာရပ် များကို တာဝန်ယူသင်ကြားပေးခဲ့ ခြင်းဖြစ်သည်။

ဆရာတစ်ဦးအဖြစ် တာဝန် ယူခဲ့သော သင်္ဘောသားဟောင်း တစ်ဦးဖြစ်သည့် ကိုသန်းထွန်း အောင်က ‘‘ကလေးတွေကို စာ တွေလုပ်ပေးတယ်။ ပထမဆုံး ၁၀ တန်းစာမေးပွဲကို ဖြေခွင့်ရတဲ့အ တွက် အောင်မြင်စေချင်တယ်၊ သမိုင်းတွင်စေချင်တယ်။ ဒီလို အောင်မြင်တဲ့အတွက် ကျွန်တော် ပီတိဖြစ်ပါတယ်’’ဟု ပြောသည်။ ကိုသန်းထွန်းအောင်က အပေါင်း အသင်းမှားယွင်းကာ မူးယစ်ဆေး မှုဖြင့် ပြစ်ဒဏ်ကျခံနေရသူဖြစ် ကြောင်း ဆိုပြီး သူ့လို အပေါင်းအ သင်းမမှားရန်လည်း လူငယ်များ ကို အမှာစကားပါးပါသည်။ ‘‘အ ပေါင်းအသင်းမှားပြီး ထောင် ၁၀ နှစ်ကျတယ်။ အပေါင်းအသင်း မမှားကြပါစေနဲ့’’

 အကျဉ်းထောင်အတွင်း ရောက်ရှိလာပြီး ပညာဆက်လက် သင်ယူသူများသည် အမှန်တ ကယ် စာကို ကြိုးစားသူများဖြစ်ပြီး ၎င်းတို့ကျူးလွန်ခဲ့မိသော ပြစ်မှု များအတွက် နောင်တရနေသူများ ဖြစ်ကြောင်း အနီးကပ်ရှိနေရသော အကျဉ်းထောင် တာဝန်ရှိသူတစ် ဦးက သတင်းသမားများကို ပြော သည်။

‘‘စာနဲ့ကင်းကွာတဲ့ ကျောင်းသားတွေကတော့ တော်တော် လေးလေ့ကျင့်ပေးရမယ်။ သူတို့ ကဆိုးလို့မဟုတ်ကြဘူး။ အပေါင်း အသင်းမှားလို့ဖြစ်တယ်။ တကယ် တော်တဲ့ကလေးတွေပါ’’ဟု အဆို ပါတာဝန်ရှိသူက ပြောသည်။

၂၀၁၆-၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန် ကုန်မြို့ အင်းစိန်ထောင်အတွင်းမှ ကိုးဦးအောင်မြင်ရာ တစ်ဘာသာဂုဏ်ထူးရှင်တစ်ဦး ပေါ်ထွက်ခဲ့သည်။ ကျန်အကျဉ်းထောင်စာ စစ်ဌာနများတွင်တော့ အောင်မြင် သူမရှိကြောင်း အကျဉ်းဦးစီးဌာန (နေပြည်တော်)မှ သိရသည်။

 စာမေးပွဲအောင်မြင်သူများ ကို အဝေးသင်တက္ကသိုလ်များ တက်ရောက်နိုင်ရန် စီစဉ်ပေးမည် ဟု အကျဉ်းဦးစီးဌာန (နေပြည် တော်) ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောသည်။

 မူးယစ်ဆေးဝါးပမာဏအ နည်းငယ်ဖြင့် ပြစ်ဒဏ်ကျခံနေရသူ များနှင့် ပတ်သက်၍ တရားလွှတ် တော်ရှေ့နေ ဦးသိန်းသန်းဦးက ယခုလို သုံးသပ်သည်။ ‘‘ဆေး ပြားက မိတော့မိတာပါပဲ။ ဥပဒေ ရဲ့သဘောက တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်ပဲလေ။ အခု ဥပဒေပြင် ဖို့ ကြိုးစားနေပါတယ်။ လွှတ်တော် ကလည်း လုပ်နေပြီ။ နည်းနည်း လေးမိတဲ့သူကို ပြစ်ဒဏ်မှာထောင် ဒဏ်တွေ မချဘဲ လူမှုရေးလုပ်ခိုင်း တာမျိုးဆို ပိုကောင်းတယ်။ သူက စာမေးပွဲလည်း အောင်တယ်ဆို တော့လေ’’

မကြာမီက ထွက်ရှိခဲ့သော ၂၀၁၆-၁၇စာသင်နှစ်တွင် စာမေး ပွဲအောင်ချက်သည် စံချိန်တင်ကျဆင်းခဲ့သဖြင့် အောင်ရန် ခဲယဉ်း သောစာမေးပွဲကို အောင်မြင်ခဲ့ သည်နှင့်ပတ်သက်၍ ချမ်းအေးသာစံမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမတစ် ဦးက ယခုလိုမှတ်ချက်ပြုသည်။

‘‘ဆယ်တန်းအောင်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ဘူး။ ကံ၊ဉာဏ် ဝီရိယရှိမှ အောင်နိုင်တာ။ အကျဉ်းထောင်ထဲက ကလေးမလေး တော်တော်ကို ကြိုးစားလို့ အောင် မြင်ခဲ့တာ။ သူ့မှာ ရည်ရွယ်ချက် တော်တော် ကြီးမားပုံရတယ်။ ဆရာမကတော့ သူ့ကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးတာမျိုး၊ သူတက် ချင်တဲ့ တက္ကသိုလ်တက်ခွင့်ပေး တာမျိုး ဖြစ်စေချင်တယ်’’ဟု ပြောသည်။

 မရွှန်းလဲ့ဝေကျော်နှင့်အတူ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူများကလည်း သံတိုင်များ နောက်ကွယ်မှနေ၍ လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်လင့်နေပါသည်။

မိမိတို့ရရှိသည့် ရမှတ်များ ဖြင့် စိတ်ပါဝင်စားရာ တက္ကသိုလ်အသီးသီးကို တက်ရောက်လို ကြောင်း မရွှန်းလဲ့ဝေကျော်အပါအ ဝင် အိုးဘိုထောင်မှ တက္ကသိုလ်ဝင်တန်းအောင်အကျဉ်းသားများက တညီတညွတ်တည်း ဆိုပါသည်။

‘‘ဆယ်တန်းအောင်ပေမယ့် ဒီလိုဖြစ်နေတဲ့အတွက် စိတ်ထဲမှာခံပြင်းပါတယ်။ ဥပဒေအကြောင်းကို နားမလည်တဲ့အတွက် အခုလို ဖြစ်ခဲ့ရတာ’’ဟု မရွှန်းလဲ့ဝေကျော်က ဆိုပါသည်။

ထောင်အတွင်း ၂ နှစ်ကျော် ကြာနေထိုင်ကာ လူငယ်ဘဝဖြတ်သန်းခဲ့ရင်း အသိစိတ်ဓာတ်ပိုင်းတွင် ရင့်ကျက်လာခဲ့သလို လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွှယ်မှုများ မရှိစေ ရန် ရှောင်ရှားစေလိုပြီး သူ့ဖြစ်ရပ် ကို သင်ခန်းစာယူစေလိုကြောင်း သူက ဆိုသည်။

ဖြစ်ခဲ့ပြီးသော အတိတ်ဆိုးများကို တွန်းလှန်ပြီး ဘဝသစ်နေ့သစ်များကို စတင်နိုင်မည့် နေ့သစ်တစ်နေ့ကို မရွှန်းလဲ့ဝေကျော်တစ် ယောက် မျှော်လင့်နေပါသည်။ သူ၏ မျှော်လင့်ချက်အိပ်မက်များ လက်တွေ့ဖြစ်လာနိုင်ရန် သူ့အ ကြောင်းကြားမိသူတိုင်းက ကရုဏာသက်စွာ ဆုတောင်းစကားဆို နေကြသည်။

7Day News

No comments:

Post a Comment