မန္တလေးအိမ်ခြံမြေ အရောင်းအဝယ်တိုးတက်လာစေရန် ရာဖြတ်နှုန်းထားများ အဓိကလျော့ချပေးရန် လိုအပ်
မန္တလေး၊ ဇွန် ၂၆
မန္တလေးအိမ်ခြံမြေအရောင်းအဝယ်များ တိုးတက်လာစေရန်အတွက် အခွန်လျော့ချရုံသာမကဘဲ ရာဖြတ်ဈေးများပါ လျော့ချပေးရန်လိုအပ်ကြောင်း မန္တလေးအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရှိရသည်။
" မြေဈေးကွက်တွေ အရောင်းအဝယ်မဖြစ်တာ ၅ နှစ်ကျော်အထိရှိပြီ။ အခုလိုအကြာကြီး ဈေးကွက်တွေ အေးနေတော့ ဒီလုပ်ငန်းကို လုပ်ကိုင်တဲ့သူတွေအနေနဲ့ အရမ်းကို အဆင်မပြေဖြစ်တယ်။ မြေအရောင်းအဝယ် ဖြစ်ရင် အခွန်တွေလည်းဆောင်ရတဲ့အပြင် ရာဖြတ်ကလည်း သတ်မှတ်ဈေးနှုန်းတွေကို ပိုပြီးဖြတ်နေတော့ ဘယ်သူမှ မရောင်းချရဲဘူးဖြစ်နေသလို ဝယ်တဲ့သူတွေကလည်း မဝယ်ရဲကြဘူးဖြစ်နေတယ်။”ဟု မန္တလေးအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးလွန်းမောင်က ပြောသည်။
အရှေ့မြို့ကွက်သစ်နေရာများရှိ မမရပ်ကွက်၊ ဖဖရပ်ကွက်နှင့် ဇဇရပ်ကွက်များရှိ နေရာများ၌ ပေ (၄၀×၆၀) တစ်ကွက်လျှင် ယခင်က ကျပ်သိန်း(၇၀၀)ဝန်းကျင်အထိ ရောင်းချခဲ့ရသော်လည်း လက်ရှိတွင် ကျပ်သိန်း (၅၀၀)မှ ကျပ်သိန်း (၅၅၀)အထိ ပေါက်ဈေးရှိနေပြီး အရောင်းအဝယ်ပါးနေကြောင်း သိရသည်။
“မန္တလေး မြေဈေးကွက် အရောင်းအဝယ်အေးလာတယ်ဆိုတာကလည်း ရောင်းတဲ့သူတွေက အခွန်တွေ ဆောင်နေရတယ်။ မြေဈေးကွက်တွေလည်း အများကြီးကို အေးသွားတယ်။ တစ်ကယ်ဆို အခွန်လျော့ချရုံ တင်မကဘဲ ရာဖြတ်တွေပါ လျော့ချသင့်တယ်။”ဟု မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေလုပ်ငန်းရှင်များ အကျိုးဆောင်အဖွဲ့မှ EC အဖွဲ့ဝင် ဦးတင်ဝင်းက ပြောသည်
မန္တလေးမြေဈေးကွက် ပြန်လည်ကောင်းမွန်လာရန်အတွက် အခွန်လျော့ချပေးရုံနှင့် မထိရောက်ဘဲ ရာဖြတ်ပေါ် မူတည်ပြီး ထက်ဝက်ခန့်လျော့ချပေးပါက မြေဈေးကွက်များ ပြန်လည်ဦးမော့လာပြီး အရောင်းအဝယ်များ ကောင်းလာနိုင်ကြောင်း မန္တလေး အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတို့က ဆိုသည်။
မင်းခန့် (မြစ်မခ)
Theyangontimes
Subscribe to:
Post Comments (Atom)
No comments:
Post a Comment