Latest News

Monday, June 26, 2017

ကော့ကရိတ်အချုပ်ထောင်ဖောက်ထွက်ပြေးသူများအနက် တစ်ဦးကို ထပ်မံ ဖမ်းဆီးရမိ

ကော့ကရိတ်အချုပ်ထောင်ဖောက်ထွက်ပြေးသူများအနက် တစ်ဦးကို ထပ်မံ ဖမ်းဆီးရမိ

မြဝတီ၊ ဇွန် ၂၆ ရက်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရဲစခန်းအချုပ်ထောင်ကိုဖောက်၍ လွတ်မြောက်ထွက်ပြေးနေသည့် အချုပ်သား (၆)ဦးအနက်မှ လွတ်မြောက်နေသူ (၁)ဦးကို မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဝါးတောလမ်းအနီးတွင် ဇွန် ၂၅ ရက်၊ ညနေပိုင်းက ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိခဲ့သူမှာ ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းတွင် နေထိုင်သည့် မောင်နိုင်(ခ)မူ ဆာ(၃၃)နှစ်ဖြစ်ပြီး ကော့ကရိတ်မြို့မ ရဲစခန်း၌ မယ(ပ) ၆/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ် သောဆေးဝါးများဆိုင်ရာပုဒ်မ ၁၅/၁၉(က)/၂၀(က)အမှုဖြင့် ဖမ်းဆီးခံထားရသူဖြစ်ကြောင်း သိရသည်။

“အဲဒီအကျဉ်းသားကို ကော့ကရိတ်ခရိုင်မှုခင်းနှိမ်နင်းရေးခေါင်းဆောင် ရဲအုပ်သန်းထိုက်အောင်ဦးစီးအဖွဲ့၊ မြဝတီ နယ်ထိန်းရဲတပ်ဖွဲ့၊ ကော့ကရိတ်မြို့နဲ့ မြဝတီမြို့က ရာအိမ်မှူးတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးရခဲ့တာ ဖြစ်ပါတယ်။”ဟု ကော့ကရိတ်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အမှုစစ်ဆေးဆဲအချုပ်သား(၇)ဦးမှာ ဇွန် ၃ ရက်က ထွက်ပြေးခဲ့ခြင်းဖြစ်ကာ အချုပ်သားတစ်ဦးမှာ အခင်းဖြစ်စဉ် ပြန်လည်ဖမ်းဆီးရမိခဲ့သဖြင့် (၆)ဦးလွတ်မြောက်နေခဲ့သည်။

အချုပ်ထောင်ဖောက်ပြေးသူများကို မြဝတီခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့နှင့် ကော့ကရိတ်ခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့ တို့က လိုက်လံဖမ်းဆီးရာ ဇွန် ၂၃ ရက်က မြဝတီချစ်ကြည်ရေးတံတားအောက်၌ အချုပ်သားတစ်ဦးအား စတင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဇွန် ၂၃ ရက်က ဖမ်းဆီးရမိသည့်အချုပ်သားမှာ ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်နေ၊ အသက်(၁၉) နှစ်အရွယ်၊ နိုမာမက်(ခ)ထွန်းထွန်းဖြစ်ပြီး ၎င်းနေထိုင်ရာမြို့၊ လှိုင်ကွက်သစ်(၃)လမ်းတွင် ဇွန် ၁ ရက်၊ ညပိုင်းက ဓားကိုင်၍ ခြိမ်းခြောက်သောင်းကျန်းနေသဖြင့် ကော့ကရိတ်မြို့မရဲစခန်းက (ပ)၃၀၅/ ၂၀၁၇၊ လက်နက်ပုဒ်မ ၁၉(င) ဖြင့် အရေးယူထားသူဖြစ်ကြောင်း သိရသည်။

အချုပ်ဖောက်မှုဖြစ်ပွားစဉ်ကတည်းက ချက်ချင်းဖမ်းဆီးရမိသူမှာ ကျုံဒိုးနယ်မြေရဲစခန်း မယ(ပ)၇/၂၀၁၇ မူးယစ် ဆေးဝါးပုဒ်မ  ၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်ခံထားရသူ အသက်(၁၇)နှစ်အရွယ် စောဝါဝင်းဖြစ်ပြီးလက် ရှိတွင် ထွက်ပြေးလွတ်မြောက်နေသူ ကျန်အချုပ်သား(၄)ဦးမှာ မူးယစ်ဆေးဝါးမှု၊ ပြင်းထန်စွာနာကျင်စေမှုစသည့် ပုဒ်မများဖြင့် အမှုရင်ဆိုင်နေရသူများဖြစ်ကြောင်း သိရသည်။

ဇွန် ၃ ရက်၊ ည ၉ နာရီအချိန်ခန့်ကဖြစ်ပွားခဲ့သည့် ကော့ကရိတ်အချုပ်ထောင်ဖောက်ဖြစ်ပွားမှုတွင် ကျူးလွန်ခဲ့ သည့်အချုပ်သားများမှာ ၎င်းတို့အားထားရှိရာ အချုပ်ထောင်ဘူးဝအပေါ်ဘက်ရှိ လူတစ်ကိုယ်စာခန့်မျက်နှာ ကျက်အပေါက်မှကျော်တက်ကာ တစ်ဖက်အလွတ်ခန်းကျောဘက်မှတဆင့် ၎င်းတို့၏လုံချည်ကွင်းများအား ကြိုး အဖြစ်အသုံးပြုကာ မျက်နှာကျက်ထုပ်တန်းတစ်ခုအားဖျက်ဆီး၍ ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်သည်။

ထိန်လင်းအောင် (မြစ်မခ)

No comments:

Post a Comment