Latest News

Wednesday, June 28, 2017

မှုခင်းတွေ အမြန်ဖော်ထုတ်နိုင်ရေး ခေတ်မီနည်းပညာနဲ့ စက်ပစ္စည်းတွေ နှစ်စဉ် ဖြည့်ဆည်းပေးမည်ဟုဆို

မှုခင်းတွေ အမြန်ဖော်ထုတ်နိုင်ရေး ခေတ်မီနည်းပညာနဲ့ စက်ပစ္စည်းတွေ နှစ်စဉ် ဖြည့်ဆည်းပေးမည်ဟုဆို

ရဲတပ်ဖွဲ့တွေကို ခေတ်မီနည်းပညာသုံးပစ္စည်းတွေကို ဖြည့်ဆည်းပေးဖို့ ဆောင်ရွက်နေတယ်။

နေပြည်တော်၊ ဇွန် ၂၆ - ရဲတပ်ဖွဲ့တွေကို ခေတ်မီလက်နက်တွေ ဖြည့်ဆည်းပေးလျက်ရှိသလို မှုခင်းတွေ လျင်မြန်စွာဖော်ထုတ်နိုင်ရေးအတွက် ခေတ်မီနည်းပညာ သုံးပစ္စည်းတွေကိုလည်း ဆက်လက်ဝယ်ယူကာ ဖြည့်ဆည်းပေးဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင် စိုးက ‘ရဲတပ်ဖွဲ့က အသုံးပြုတဲ့ ခေတ်မမီတော့သည့် လက်နက်တွေအစား လက်ရှိ အခြေအနေတွေနဲ့ကိုက်ညီတဲ့ ခေတ်မီမောင်းပြန်လက်နက်တွေ၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ လူစုလူဝေးတွေ ကို လူစုခွဲရာတွင် အသုံးပြုသည့်အခါ အဓိ ကရုဏ်းနှိမ်နင်းရေးလက်နက်တွေကိုလဲ နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ဝယ်ယူပြီး ပြောင်းလဲတပ်ပေးခြင်းကို အဆင့်သုံးဆင့်နဲ့ ဆောင်ရွက်လျက်ရှိတယ်”လို့ ယနေ့ ကျင်း ပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။

ပထမအဆင့်အနေနဲ့ ၂၀၁၆ ခုနှစ် ဩ ဂုတ်လမှာ ကချင်ပြည်နယ်ရဲတပ်ဖွဲ့၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နဲ့ ရဲလေ့ကျင့်ရေးကျောင်းတွေမှာ ပြောင်းလဲတပ်ဆင်ပေးခဲ့ပါတယ်။ ဒုတိယအဆင့်ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာမှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲတွေမှာ တပ်ဆင်ပေးခဲ့ပါတယ်။ တတိယအဆင့်အနေနဲ့ ၂၀၁၇ ခုနှစ် မတ်လမှာတော့ ကယား ပြည်နယ်ရဲတပ်ဖွဲ့၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ၊ ချင်းပြည်နယ်ရဲတပ်ဖွဲ့၊ စစ်ကိုင်းတိုင်း ဒေသကြီးရဲတပ်ဖွဲ့၊ တနင်္သာရီတိုင်းဒေသ ကြီးရဲတပ်ဖွဲ့၊ မွန်ပြည်နယ် ရဲတပ်ဖွဲ့တွေမှာ ခေတ်မီမောင်းပြန်လက်နက်တွေကို ပြောင်းလဲတပ်ဆင်ပြီးဖြစ်တယ်လို့ သိရပါတယ်။

ကျန်ရှိနေတဲ့တိုင်းဒေသကြီးတွေကိုလည်း ဆက်လက်တပ်ဆင်ပေးဖို့ အစီအစဉ်တွေ ဆောင်ရွက်နေပါတယ်။ လိုအပ်တဲ့ အဓိကရုဏ်းဆိုင်ရာနှိမ်နင်းရေးလက်နက်တွေ၊ ဝတ်စုံနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း နှစ်စဉ်ဝယ်ယူဖြည့်တင်းလျက်ရှိပါ တယ်။


၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ လက်ဗွေရာစနစ်၊ Social Forensic (မှုခင်းဆိုင်ရာ လူမှုရေးဝက်ဘ်ဆိုက်တွေ စစ်ဆေးတဲ့ပစ္စည်း၊ ပုံရိပ်ကို လျင်မြန်စွာ ဖော်ထုတ်စစ်ဆေးပေးနိုင်တဲ့ Portable X-ray စက်၊ Hand Held Explosive Sniffer (လက်ကိုင်သုံးပေါက်ကွဲပစ္စည်း အနံ့ခံစက်)၊ ဒရုန်းပျံသန်းမှုကို ရပ်တန့် ဖြုတ်ချနိုင်တဲ့ Skynet Anti- Drone System စက်၊ Video Pole Camera, Bullet Catcher Collection Chamber (ပစ်ခတ်လိုက်တဲ့ ကျည်ဆန် ဖမ်းယူတဲ့ပစ္စည်း)စတဲ့ ပစ္စည်းတွေ ထပ်မံဝယ်ယူဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ၂၀၁၀ ပြည့် ခုနှစ် အထိ မော်တော်ယာဉ် ၁၈၄၄ စီးရှိခဲ့ ပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ မော်တော်ယာဉ် ၂၆၄၈ စီး ထပ်မံဖြည့်တင်းနိုင် ခဲ့ပြီး စုစုပေါင်း ၄၄၉၂ စီးကို ဖြန့်ခွဲသုံးစွဲလျက်ရှိပါတယ်။ မော်တော်ယာဉ်တွေအတွက် ၂၀၁၀ ပြည့်နှစ်မှာ တစ်လလျှင် စက်သုံးဆီဂါလန် ၅၀,ဝ၀ဝ ခန့်သာ ရရှိခဲ့ပြီး လက်ရှိမှာ တစ်လဂါလန် ၁၇၃,၆၀၉ အထိ တိုးမြှင့်သုံးစွဲလျက်ရှိပါတယ်။

၂၀၁၄ ခုနှစ်မှစ၍ ၂၀၁၆ ခုနှစ်အထိ ရဲတပ်ဖွဲ့ဝင် တစ်ဦးလျှင် ယူနီဖောင်းပိတ်စ တစ်စုံ (ချုပ်ခအပါ) နဲ့ အခြားရဲဝတ်တန်ဆာတွေကို ဖြည့်ဆည်းပေးခဲ့ပြီး ၂၀၁၇ ခု နှစ်မှစ၍ ရဲတပ်ဖွဲ့ဝင် တစ်ဦးလျှင် ယူနီ ဖောင်းပိတ်စ နှစ်စုံ (ချုပ်ခအပါ) နဲ့ အခြား ရဲဝတ်တန်ဆာတွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါကြောင်း၊ တပ်ဖွဲ့ဝင်တွေရဲ့ ရိက္ခာထောက်ပံ့ငွေရရှိမှုမှာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေး နှစ်အထိ ရဲတပ်ဖွဲ့ဝင်တစ်ဦးလျှင် တစ်ရက် ငါးကျပ်နှုန်းဖြင့်ရရှိခဲ့ရာမှ ၁-၁-၂၀၁၂ ရက်မှစ၍ တစ်ဦးလျှင် တစ်ရက် ၁၈၀ဝ ကျပ်နှုန်းအထိ တိုးမြှင့်ခံစားခွင့် ရရှိပါတယ်။

ဆက်သွယ်ရေးနဲ့ နည်းပညာ တိုးတက်လာတာနဲ့အမျှ မှုခင်းတွေကို ထိရောက်စွာဖော်ထုတ်နိုင်ဖို့အတွက် ခေတ်မီ ဆက်သွယ်ရေးစက်၊ နည်းပညာတွေ ဖြည့်ဆည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
တိုင်းဒေသကြီး၊  ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွေ၊ သင်တန်းကျောင်းတွေမှာ ၂၀၁၂- ၂၀၁၃ ခုနှစ်က ခရီးဝေး ဆက်သွယ်ရေးစက် ၁၀၂ လုံးသာ တပ်ဆင်ပေးထားရာမှ ၂၀၁၅-၂၀၁၆  ခုနှစ်မှာ ၈၆၉ လုံးအထိ ဖြည့်တင်းပေးနိုင်ခဲ့တဲ့ အပြင် ခရီးတိုဆက်သွယ်ရေးစက် (အထိုင်စက်၊ လက်ကိုင်စက်) ၂၈၃၈ လုံးကို လည်း ဖြည့်ပေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေအတွက် လုပ်ငန်းဆောင်ရွက်ရာမှာ လိုအပ်တဲ့ လက်နက်ကိရိယာတွေ၊ ဆက်သွယ်ရေးစက်တွေ၊ နည်းပညာတွေ၊ မော်တော်ယာဉ်နှင့် စက်သုံးဆီတွေ၊ ယူနီဖောင်းတွေနဲ့ ရိက္ခာတွေ၊ ခရီးစရိတ်တွေကို လက်ရှိ ကာလအခြေအနေနဲ့ကိုက်ညီအောင် ဖြည့်ဆည်းပေးနိုင်ရေးအတွက် နှစ်စဉ်ဘဏ္ဍာငွေခွင့်ပြုချက်တင်ပြတောင်းခံကာ ဖြည့် တင်း ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သည်နေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သထုံမဲဆန္ဒနယ် မှ ဒေါ်မာမာခိုင်က ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေကို လုံလောက်တဲ့ လက်နက်ကိရိယာတွေ၊  ဆက်သွယ်ရေးစက်တွေ၊ နည်းပညာတွေ၊  မော်တော်ယာဉ်စက်သုံးဆီတွေ၊ ယူနီဖောင်းတွေ၊ ရိက္ခာတွေ ဖြည့်တင်းဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ရာ မှာ ဒုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးဟာ ပြည်သူ ၁၂၇၄   ဦးကို ဝန်ဆောင်မှုပေးနေ ရတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်က ထည့်သွင်းပြောကြားပါတယ်။

 ချိုဇင်မာဝင့်/Kumudra


No comments:

Post a Comment