Latest News

Saturday, June 3, 2017

ဦးအောင်ဘန်းရဲ့ ရောဂါအမည် - ဟာသ

ဦးအောင်ဘန်းရဲ့ ရောဂါအမည် - ဟာသ

ဦးအောင်ဘန်းဆိုတဲ့ လူက ဘယ်ကိစ္စကို မဆို ကျေကျေလည်လည် သိချင်တဲ့ လူမျိုး။ သူသိချင်တဲ့ အကြောင်းအရာ တစ်ခုက ဝေ့လည်ကြောင်ပတ် ဖြစ်နေ ရင် စိတ်ထဲ ခိုးလို့ခုလုဖြစ်ပြီး အိပ် မပျော်၊ စားမ၀င်ဖြစ်တတ်သေး။

သူ့အကြောင်းသိတဲ့သူတွေက အစ တစ်ခု ဆွဲထုတ်ပြီးရင် အဆုံးကိုပါ လိမ့်ပတ်လည်အောင် သေသေချာချာ ရှင်းပြကြရတယ်။ မဟုတ်ရင် ယခွမ်း တဲ့မှပဲ။ ပြောရင် ရှင်းအောင်ပြောကွ။ ငါ့နားထဲ သပွတ်အူတွေ လာမထည့်နဲ့ ဘာညာလုပ်ရောပဲ။

တစ်ရက်တော့ ဦးအောင်ဘန်း သိပ်မကျန်းမမာဖြစ်တာနဲ့ သူ့သမီး တက္ကသိုလ်ဆရာမကိုခေါ်ပြီး ဆေးရုံ ကြီးမှာ သွားပြကြတယ်။ ဆရာဝန်က ဆေးစာအုပ်မှာ တံဆိပ်တုံးလေး ထု လိုက်၊ ကြောင်ခြစ်သလို ရေးလိုက်၊ သူ့သမီးကျောင်းဆရာမကို ဘိုလိုတွေ ပြောလိုက် လုပ်နေတော့ သူ့မှာ ဘာကိုမှ လုံးစေ့ပတ်စေ့ နားမလည်ဘူး ဖြစ်နေ တယ်။

သူ့စိတ်ထဲမှာ “ဒါ ငါ့ကို မသိစေချင် တာပဲ။ သေစေနိုင်လောက်တဲ့ ရောဂါ ပဲလား။ ငါ့မှာ ဘာရောဂါ ရနေပါလိမ့်” ဆိုပြီး ခေါင်းထဲ လျှောက်တွေးနေလိုက် တာ အိမ်ပြန်ရောက်တဲ့အထိပဲ။

အိမ်ရောက်တော့ သူ့သမီးကလည်း သောက်ရမယ့်ဆေးတွေကို ပြောပြပြီး ကျောင်းကို ကမန်းကတန်းသွားလေ တော့ သူ့မှာ ဟတ်ကော့ကြီးကို ဖြစ်လို့။ သမီးက ညနေမှ ပြန်ရောက်မှာဆိုတော့ ညနေထိလည်း အောင့်အည်းပြီး မနေ နိုင်၊ ဘာရောဂါလဲဆိုတာ သိချင်လှပြီ။ ဒါနဲ့ ဆေးစာအုပ်ထဲ ရေးထားတာတွေ ကို ဖင်ပြန်ခေါင်းပြန် လှန်လှောကြည့် တော့လည်း တစ်လုံးမှ နားမလည်။

သူ့ခမျာ ဆေးစာအုပ်လေးကိုင်ကြည့် လိုက်၊ ပြန်ချထားလိုက်နဲ့ ဂနာမငြိမ်ကို ဖြစ်လို့။ အဲဒီလို လုပ်နေရင်း ဆေး စာအုပ်အဖုံးက တုံးထုထားတဲ့ စာသား လေးကိုလည်းတွေ့ရော သူ့မှာ အဖြေ တစ်ခုရလိုက်တဲ့ ကျောင်းသားကလေး လို ရင်ထဲက ဒိတ်ခနဲ ဖြစ်သွားပါလေ ရော။

စိတ်ထဲကလည်း -
“သြော် ငါ့နှယ်၊ ငါ့ရောဂါကို စာအုပ်မှာ ရေးထားသားပဲ။ ငါကိုယ်က နမော်နမဲ့ နဲ့။ ကြည့်ပါဦး ငါ့ရောဂါအမည်က
‘ပြင် - ပလူနာ’ ဆိုပါလား။ ဘယ်လို ရောဂါပါလိမ့်။ သိပ်တောင် မကြားဖူး ဘူး။ ဒါပေမဲ့ ကင်ဆာလို သေစေနိုင် လောက်တဲ့ ရောဂါမျိုးတော့ ဟုတ်ဟန် မတူဘူး။ သမီး ပြန်လာမှပဲ ဒီရောဂါ အကြောင်း မေးကြည့်ရဦးမယ်” တဲ့။

အမှန်က ဆေးစာအုပ်မှာ ထုထားတဲ့ တံဆိပ်တုံးက ဆေးရုံမတက်ဘဲ အပြင်ကနေ လာပြတဲ့ လူနာတွေကို ‘ပြင်ပ လူနာ’ လို့ သတ်မှတ်ပြီး ထုထား တာ။

ဦးအောင်ဘန်းကတော့
‘ပြင်ပ လူနာ’ ကို ‘ပြင် - ပလူနာ’ လို့ ဖတ်ပြီး သိချင်တာ သိလိုက်ရလို့ ကျေနပ်နေတဲ့ မျက်နှာပေးနဲ့ ဒူးကလေးတောင် နှံ့လို့။

ဆောင်းဖြူ
The Ladies News

No comments:

Post a Comment