Latest News

Saturday, June 3, 2017

မလုံလောက်တာက လျှပ်စစ်ဓာတ်အား၊ အရှုံးခံနေရတာက ဓာတ်အားခ၊ မြေစာပင်က ပြည်သူ

မလုံလောက်တာက လျှပ်စစ်ဓာတ်အား၊ အရှုံးခံနေရတာက
ဓာတ်အားခ၊ မြေစာပင်က ပြည်သူ

ယခင်အစိုးရတွေ လက်ထက်ကတည်းက မကြာခဏဖြစ်ခဲ့တဲ့ အငြင်းပွား စရာ တစ်ခုမှာ လျှပ်စစ်မီတာခ တိုးကောက်ရေး ကိစ္စပင်ဖြစ်ပါတယ်။ လျှပ်စစ်မီတာခ တိုးကောက်မယ်ကြံတိုင်း ပြည်သူအများက ကန့်ကွက် ဆန္ဒဖော်ထုတ်မှုတွေ ရှိခဲ့သလို ဖယောင်းတိုင် ထွန်းနေဖို့ပြောခဲ့တဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးရဲ့စကားကလည်း ပြည်သူတွေအကြား ပြောစမှတ်တွင်စရာ စကားတစ်ခုအဖြစ် သမိုင်းတွင် ကျန်ခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ယခုတလောမှာလည်း မီတာခတိုးကောက်ရေး ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတော်ပိုင် မီဒီယာတွေမှာ ဆောင်းပါးတွေ ပြန်ဖော်ပြလာတာ တွေ့လာရတဲ့အတွက် မီတာခ တိုးကောက်ချင်ပေမယ့် ယခင် သင်ခန်းစာတွေ ရှိခဲ့ဖူးတဲ့အတွက် ပြည်သူ့သဘောထား သိချင်လို့ သွေးတိုးစမ်းကြည့်တဲ့ သဘောမျိုးလို့ ယူဆမိပါတယ်။ လျှပ်စစ်မီတာခ တိုးကောက်မယ့် အကြောင်းရင်းကို ကြည့်ပြန်တော့လည်း ယခင် ကတည်းက လျှပ်စစ်ဓာတ်အားခ အရှုံးခံနေရလို့ နိုင်ငံတော်ပိုင် ဘဏ္ဍာတွေ နစ်နာနေဆုံးရှုံးနေတဲ့ အတွက်ကြောင့်ဆိုတာက အဓိက အကြောင်းရင်း တစ်ခု ဖြစ်နေတာ တွေ့ရပါတယ်။

ဒါပေမဲ့ `အရှုံးခံနေရတယ်´ဆိုတဲ့ စကားရပ်နဲ့ ပတ်သက်လို့ အရင်ဆုံးပြော ရရင် နိုင်ငံတော်ဘဏ္ဍာ ဆိုတာကလည်း ပြည်သူဆီက ကောက်ခံထားတဲ့ အခွန်တွေအပါအဝင် ပြည်သူအများနဲ့ ဆိုင်တဲ့ ပြည်သူ့ဘဏ္ဍာပဲ ဖြစ်တဲ့ အတွက် ပြည်သူအသုံးပြုတဲ့ လျှပ်စစ်အတွက် ကျခံရတာကို အရှုံးခံနေရ တယ်ဆိုပြီး ပြည်သူ့ဆီက ထပ်တိုးကောက်တာကို ပြည်သူက ဘယ်လိုမြင်မလဲ ဆိုတာနဲ့ ပြည်သူ့ဘဏ္ဍာနဲ့ ပြည်သူ့အတွက် သုံးတာကို `အရှုံးခံနေရတယ်´လို့သုံးတာကို ပြည်သူက လက်ခံနိုင်မလား ဆိုတာပါပဲ။

တကယ်တော့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး အလိုအပ်ဆုံး အခြေခံ အဆောက်အအုံ (Infrastructure)ထဲမှာ လျှပ်စစ်မီးလည်း ပါဝင်ပါတယ်။ အဲဒီလျှပ်စစ်မီးဆိုတဲ့ အခြေခံအဆောက်အအုံ အားနည်းချက် လိုအပ် ချက်ကလည်း ခေတ်အဆက်ဆက် ဖြစ်ခဲ့တာဖြစ်ပြီး သုံးစွဲတဲ့ ပြည်သူတွေ က လျှပ်စစ်မီတာခ ပုံမှန်ပေးရပေမယ့် မကြာခဏပျက်ပြီး (မကြာမကြာ ရက်ရှည်လည်း ပျက်တတ်သလို ပျက်မယ်ဆိုလည်း ကြိုအသိမပေးတာ များတဲ့) လာရင်လည်း မီအားမပြည့်တာ များတဲ့ လျှပ်စစ်ကို သုံးစွဲနေရ တာကလည်း စာရေးသူတစ်သက် မျက်မြင်ကိုယ်တွေ့ပင် ဖြစ်ပါတယ်။

မီးလာရင် `ဟေး……´ဆိုပြီး ဝမ်းသာအားရ အော်သံနဲ့ မီးပျက် သွား ရင်`ဟာ……´ဆိုပြီး အာမေဋိတ်သံ ညံသွားတတ်တာလည်း မြန်မာနိုင်ငံ မှာပဲ ကြားရတတ်တဲ့ ထူးခြားချက်တစ်ခုပဲ ဖြစ်ပါတယ်။ တစ်ဦးချင်း ဝင်ငွေနိမ့်ကျပြီး လူနေမှုအဆင့်အတန်း နိမ့်ကျနေတဲ့ ပြည်သူအများဟာ စားရေး နေရေး ဝတ်ရေးဆိုတဲ့ အရေးသုံးပါးအတွက် ပူပန်နေရပြီး အဲဒီအတွက် သုံးစွဲနေရတဲ့ ထွက်ငွေကလည်း ဝင်ငွေနဲ့ မကာမိတဲ့သူက များပါတယ်။ တစ်လဝင်ငွေ သိန်းဂဏန်းပတ်ချာလည် ရှိတဲ့ သူတစ်ဦးဟာ လက်ရှိမီတာခအရ တစ်လကို အနည်းဆုံး တစ်သောင်း ပတ်ချာ လည်လောက် ပေးဆောင်နေရပြီး လူတစ်ဦးအတွက် လိုအပ်တဲ့ ခေတ်ပေါ် လူနေမှု အသုံးအဆောင်တွေနဲ့ နည်းပညာ ပစ္စည်းတွေ သုံးနေရတဲ့သူဆို မီတာခက ပိုကုန်ကျနေကြပါတယ်။

အဲဒီတော့ မှန်အောင်မပေးနိုင်ဘဲ လာရင်လည်း မီးအားနည်းနေတတ်တဲ့ လျှပ်စစ်မီတာခကို ဝင်ငွေထက် ထွက်ငွေများနေတဲ့ ပြည်သူက ထပ်တိုးမပေးချင်တာဟာ သဘာဝကျတယ်လို့ ဆိုရမှာဖြစ်ပြီး ပြည်သူက တိုးမပေးလို့ တိုးပေးလိုက်ရင် ပြေလည်သွားမယ်ဆိုတဲ့ ပြည်သူကို အပြစ်တင်တဲ့သဘောမျိုး ပြည်သူက မြင်ရင်လည်း အဖြေထွက်မှာ မဟုတ်ပါဘူး။

တကယ်တော့ `မီးမှန်မယ်၊ မီးအားပြည့်မယ်´ဆိုတဲ့ တာဝန်ယူ တာဝန်ခံ မှုရှိတဲ့ အာမခံမှုနဲ့ ဝင်ငွေနဲ့ကာမိတဲ့ လျှပ်စစ်မီတာခ တိုးမြှင့်မယ်ဆို ပြည်သူအများက လက်မခံနိုင်စရာ မရှိဘူးလို့  မြင်မိပါတယ်။ အချို့ကလည်း ဝင်ငွေနည်းတဲ့ သူတွေကို တိုးမကောက်ဘဲ များများသုံးတဲ့ သူတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို တိုးကောက်ဖို့ ပြောတာမျိုး ရှိပေမယ့် လုပ်ငန်းရှင်တွေ တိုးကောက်လို့ ကုန်ဈေးနှုန်းတက်လာရင် ခံရမှာ ပြည်သူပဲဖြစ်တဲ့အတွက် အဲဒီကျမှ တကယ်ရှုံးတာ ပြည်သူလို့ဆိုရမှာ ဖြစ်ပါတယ်။ တကယ်တော့ အခြေခံ အဆောက်အအုံဖြစ်တဲ့ မီးမမှန်လို့ လာပြန်ရင်လည်း အားနည်းလို့ လုပ်ငန်းတစ်ခု စလုပ်တာနဲ့ မီးစက် အမျိုးမျိုး ရင်းနှီးငွေကုန်ပြီး မီးပျက်တဲ့အတွက် ငွေကုန်ပြီး ဒုက္ခရောက်နေ တာကို လုပ်ငန်းရှင် အများစုဆီက မကြာခဏညည်းသံ ကြားရတတ်သလို အချို့ လုပ်ငန်းကလည်း သက်သာအောင် မီးခိုးသွယ်တာမျိုးတွေ လုပ်တာမျိုးတွေ ရှိတယ်လို့ ပြောသံအချို့ လည်း ကြားလာရပါတယ်။

ဒါ့အပြင် နိုင်ငံစီးပွားရေးအတွက် အရေးပါတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တွန့်ဆုတ်သွားစေတဲ့ အဓိကအကြောင်းရင်း တစ်ခုကလည်း မီးမမှန်တာပဲ ဖြစ်ပါတယ်။ တစ်ခါကဆို ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ဖန်တီးပေးနိုင်ပြီး ပြည်ပဝင်ငွေ ရနိုင်မယ့် ပြည်ပလုပ်ငန်းကြီး တစ်ခုဟာ လျှပ်စစ်မီး ပြသ၁နာကြောင့် မြန်မာနိုင်ငံမှာ စက်ရုံမဆောက်ဘဲ မီးမှန်တဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုဆီ ရွှေ့သွားတယ်ဆိုပြီး ကြားရတဲ့ သတင်းတစ်ခုကလည်း နိုင်ငံအတွက် အရမ်းနစ်နာသလို နိုင်ငံရဲ့အခြေခံ အဆောက်အအုံဖြစ်တဲ့ လျှပ်စစ်ကဏ္ဍ အားနည်းချက်ကို မီးမောင်းပြတဲ့ အချက်ပေးခေါင်းလောင်းသံ တစ်ခုလည်းဖြစ်ပါတယ်။

တကယ်တော့ စီးပွားရေးသီအိုရီဖြစ်တဲ့ Demand and Supply သဘော အရ Demand များပြီး Supply နည်းရင် Supply များအောင် တိုးထုတ်တာဖြစ်ဖြစ် ဈေးတက်သွားရင် ဖြစ်ဖြစ် Demand ပြန်ကျသွားပြီး ဈေးနှုန်းကို ဈေးကွက်က သူ့ဘာသာ ထိန်းညှိသွားတဲ့ သဘောရှိတတ်တဲ့ အတွက် လျှပ်စစ်မီး ကိစ္စမှာလည်း Demand များပြီး Supply နည်းလို့ ဈေးတက်တာ သဘာဝကျပေမယ့် ခဏခဏပျက်ပြီး လာရင်လည်း အားနည်းတဲ့ လျှပ်စစ်မီး ဝန်ဆောင်မှုကို ဝယ်သူဖြစ်တဲ့ စားသုံးသူ ပြည်သူက မကျေနပ်လို့ ဈေးတက်တာကို လက်မခံနိုင်တာ သဘာဝကျ သလို လာတာမမှန်တဲ့ လက်ရှိသုံးနေရသလောက် လျှပ်စစ်သုံးစွဲမှု အနေအထားကို လျှော့ချဖို့ကလည်း မဖြစ်နိုင်တဲ့အတွက် နောက် တစ်ခုဖြစ်တဲ့ Supply များအောင် လျှပ်စစ်ဓာတ်အားများများ တိုးထုတ်တဲ့ နည်းလမ်းကိုလည်း ရွေးချယ်နိုင်ပါတယ်။

ဒါပေမဲ့ ပြည်ပကိုလျှပ်စစ်ဓာတ်အား ရောင်းချနေရုံသာမက ပြည်တွင်းသုံးဖို့ လျှပ်စစ်ဓာတ်အား အလုံအလောက် ရှိပါတယ်ဆိုတဲ့ အပြောမျိုး ယခင် ကကြားဖူးတဲ့ အတွက် ယခုလည်း ပြည်တွင်းသုံးဖို့ အလုံ အလောက်ရှိပြီး အရှုံးခံပေးနေရတာ တစ်ခုတည်းလို့ ပြောကောင်း ပြောလာနိုင်ပေမယ့် ပြည်တွင်းမှာ ယခင်ကတည်းက ယနေ့အထိ လျှပ်စစ်မီး လုံးဝမရသေးတဲ့ နေရာဒေသတွေ အများကြီးရှိနေသေးသလို လျှပ်စစ်မီးရနေတဲ့ သူတွေက လည်း ခဏခဏ ပျက်လိုက် လာလည်း မီးအားနည်းလိုက်နဲ့ သံသရာ လည်နေ ကြတာကို သုံးစွဲနေရတဲ့ ပြည်သူအများ အသိပင်ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံ ဖြစ်တဲ့ လျှပ်စစ်မီး လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ရေအားလျှပ်စစ် သာမက လေအားလျှပ်စစ် အပါအဝင် အခြာနည်းလမ်းတွေနဲ့ အဖြေရှာသင့်သလို ပြည်ပက ရထားတဲ့ ချေးငွေတွေ ထဲကနေ လျှပ်စစ်ကဏ္ဍ အခြေအဆောက်အအုံအတွက် ထည့်ဝင်တာအပြင် လက်ရှိအရှုံးခံ ထုတ်နေရတယ် ဆိုတဲ့ လျှပ်စစ် ဓာတ်အားခထဲမှာ ဓာတ်အား ခိုးသွယ်မှုလို မလိုလားအပ်တဲ့ သုံးစွဲမှုတွေ အလေအလွင့်တွေ အရည်အသွေး မပြည့်မီတဲ့ လျှပ်စစ်ပစ္စည်းတွေကြောင့် ဓာတ်အား ပိုမိုကုန်ကျနေတာတွေက စလို့ ယုတ်စွအဆုံး ယခုအစိုးရ အရေးယူဆောင်ရွက်နေတဲ့ အကျင့်ပျက်ခြစားမှုမျိုး အထိပါ ရှိနိုင် မရှိနိုင်စသဖြင့် အကြောင်းရင်းက ဓာတ်အားခ အရနည်းပြီး အရှုံးခံနေ ရတာ တစ်ခုတည်းကြောင့် မဟုတ်ဘဲ နှစ်ပေါင်းများစွာ ဖြစ်ခဲ့တဲ့ အကြောင်းရင်းပေါင်းစုံ စုနေတဲ့အတွက် ရေတိုဆေးမြီးတို ကုထုံးနဲ့ တစ်ပွဲတိုးအဖြေရှာတာမျိုး မဟုတ်ဘဲ ဘက်ပေါင်းစုံ ဖြစ်နိုင်ခြေတွေကို စဉ်းစားအဖြေရှာ အရေးယူပြီး ရေတိုရှေရှည် မဟာဗျုဟာတွေ ချမှတ်ကာ ဆောင်ရွက်သင့်ပါတယ်။

ဒါ့ပြင် ဒီမိုကရေစီ ဖော်ဆောင်ပြီး ပြည်သူ့ အကျိုးစီးပွားအတွက် ပြည်သူ့ဝန်ဆောင်ဖို့ ပြည်သူက ရွေးချယ်ထားတဲ့ အစိုးရတစ်ရပ်ဟာ ပြည်သူတွေအပေါ် ပိနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေ လျော့ကျသွားအောင်သာ ကူညီထမ်းဆောင်ပေးရမှာ ဖြစ်တဲ့အတွက် မီတာခတိုးမြှင့် ကောက်ခံပြီး ရေတိုဖြေရှင်းနည်းက ပြည်သူ့အတွက် တကယ်အကျိုးရှိမရှိ၊ ဝန်ထုပ်ဝန်ပိုး ဖြစ်မဖြစ်နဲ့ လျှပ်စစ်မီးကိစ္စ ပြသ၁နာကို တကယ်ဖြေရှင်း နိုင်မနိုင် တတ်သိနားလည်တဲ့ ပညာရှင်တွေနဲ့ ပြည်သူအများ သဘောဆန္ဒနဲ့အညီ အထူးသတိပြု စဉ်းစားပြီး အရေးယူ လုပ်ဆောင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အရင် အလုပ်မဖြစ်ခဲ့တဲ့ ပွဲဆူပြီး လမ်းပေါ်ထွက် လာတဲ့အထိ ဖြစ်ရတဲ့ လုပ်နည်း လုပ်ဟန်တွေ အတိုင်း ပြသ၁နာတစ်ခု ဖြစ်လာတိုင်း ဘက်ပေါင်းစုံက အဖြေမရှာဘဲ ပြည်သူကို လက်ညှိုးထိုးပြီး ပြည်သူပဲ ဝန်ပိလာဦးမယ် ဆိုပါက မိအေးနှစ်ခါနာဆိုသလို မလုံလောက် တဲ့ လျှပ်စစ်ဓာတ်အားနဲ့ အရှုံးခံနေရတဲ့ ဓာတ်အားခကြားမှာ ပြည်သူက မြေစာပင်ဖြစ်နေဦးမှာ ဖြစ်ပါကြောင်း ပြည်သူ့အကျိုး နိုင်ငံအကျိုး ရှေးရှုပြီး ရေးသားလိုက်ရပါတယ်။

ဖြိုးဝေ(မဟာဝိဇ္ဇာ)

The Ladies News

No comments:

Post a Comment