Latest News

Thursday, June 29, 2017

သရုပ်ဆောင် အေးဝတ်ရည်သောင်းရဲ့ ငယ်ဘ၀ဖြတ်သန်းရာ

သရုပ်ဆောင် အေးဝတ်ရည်သောင်းရဲ့ ငယ်ဘ၀ဖြတ်သန်းရာ

Facebook လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာ Follower များပြားလှသလို တင်သမျှ ဓာတ်ပုံနဲ့ Post တွေကို Like လုပ်သူ၊ ပြန်လည်မျှဝေသူ များပြားလှတဲ့ အနုပညာရှင်တစ်ဦးက သရုပ်ဆောင်အေးဝတ်ရည်သောင်းပါ။ Aye Thaung လို့ အမည်ပေးထားတဲ့ သူမရဲ့ Facebook Account က Facebook အသုံးပြုသူတွေကြား လတ်တလော ရေပန်းအစားဆုံး Account ပိုင်ရှင်တစ်ဦးလို့လည်း ဆိုရမှာဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲ ရောက်ရှိလာခဲ့သူတစ်ဦးဖြစ်ပြီး ပရိသတ်အားပေးမှု ရရှိချိန်မှာ ပညာရေးဘက်ကို အာရုံစိုက် ကြိုးစားနေခဲ့သလို လက်ရှိမှာတော့ တစ်ကျော့ပြန် အနုပညာလှုပ်ရှားမှုတွေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားသူလည်း ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ Aye Thaung ဆိုတဲ့ နာမည်သစ်တစ်ခုနဲ့ ဘ၀သစ်တစ်ခုကို ပိုင်ဆိုင်ခွင့်ရလိုက်သလို ခံစားနေရပါတယ်လို့ ပြောပြခဲ့တဲ့ အေးဝတ်ရည်သောင်းရဲ့ ငယ်စဉ်ဘ၀က အမှတ်တရတွေကို ပြောပြပေးချင်ပါတယ်။

မွေးချင်း ညီအစ်မသုံးယောက်ရှိတဲ့ အေးဝတ်ရည်သောင်းက သရုပ်ဆောင်နှင်းဝတ်ရည်သောင်းရဲ့ညီမဖြစ်ပြီး တေးသံရှင် ဆွိဝတ်ရည်သောင်းရဲ့အစ်မဖြစ်သူပါ။ ငယ်စဉ်ဘ၀မှာတော့ ပျော်ရွှင်ရယ်မောစရာ အမှတ်တရများစွာကို ပိုင်ဆိုင်ခဲ့ပြီး ဖခင်ဖြစ်သူနဲ့ပတ်သက်တဲ့ အမှတ်တရကိုတော့ “ပေါက်စီဖေဖေက သင်္ဘောသားဆိုတော့ ပေါက်စီကိုမွေးပြီး သင်္ဘောလိုက်သွားတယ်။ သူပြန်ရောက်လာတဲ့အခါကျတော့ အစ်မက သေချာမမှတ်မိဘူး။ အဘွားကလည်း နင့်အမေ ကုလားကြီးကို ယူသွားပြီဆိုပြီး စတဲ့အခါ အဟုတ်ထင်ပြီး အထုပ်ကလေးပိုက်ပြီး အဘွားအိမ်ကို ဆင်းသွားဖူးတယ်လို့ လူကြီးတွေက ပြန်ပြောပြကြတယ်” လို့ရယ်မောရင်းနဲ့ ဆိုခဲ့ပါတယ်။ ညီအစ်မသုံးယောက် ရှိတာကြောင့် အသက်မကွာတဲ့ အစ်မဖြစ်သူနဲ့ ရင်းနှီးနွေးထွေးခဲ့သလို အသက်အရွယ်ကွာတဲ့ ညီမဖြစ်သူနဲ့ကတော့ အသက်ကြီးလာချိန်မှ ပိုပြီးနီးကပ်လာခဲ့တယ်လို့ ပွင့်ပွင့်လင်းလင်း ဆိုခဲ့ပါတယ်။

သရုပ်ဆောင်အေးဝတ်ရည်သောင်းက ငယ်စဉ်ပညာရေးမှာတော့ ထူးချွန်ခဲ့ပြီး အထက်တန်းအရွယ်မှာတော့ သာမန်အဆင့်သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆယ်ကျော်သက်အရွယ်မှာပဲ အနုပညာခြေလှမ်းတွေ စတင်လှမ်းဖြစ်ခဲ့သလို အနုပညာလောကထဲ နှစ်ကာလ အတန်ကြာမြင့်ခဲ့ပြီး အသက် ၂၄ နှစ် အရွယ်မှာတော့ ပညာရေးဘက်ကို အာရုံစိုက်ဖြစ်စေမယ့် အတွေးတစ်ခုဝင်လာခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

“အစ်မအသက် ၂၄ နှစ်ရောက်လာတဲ့အခါ စာတွေဖတ်ရင်းနဲ့ အနုပညာအလုပ်တွေမှာလည်း နံပါတ်တစ်တော့ ဖြစ်မလာနိုင်ဘူး။ ဒါဆိုအသက်အရွယ်ရလာတဲ့အခါ ဘာလုပ်မှာလဲဆိုတာ တွေးမိတာပေါ့။ အသက် ၂၈ နှစ် ၃၀ မှာ ဘယ်နေရာမှာ နေမှာလဲပေါ့။ ဒါကို တွေးမိတယ်။ အဲဒါကဘ၀ရဲ့ အချိုးအကွေ့တစ်ခုပါ” လို့ အေးဝတ်ရည်သောင်းက ဆိုပါတယ်။ ဒီလိုအတွေးနဲ့အတူ အေးဝတ်ရည်သောင်းက British Council မှာ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်ဖို့ သင်ကြားခဲ့သလို MHR မှာ Business Management ကို တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ တက်ရောက်တဲ့သင်တန်းတွေမှာ ထိပ်တန်းအဆင့်တွေနဲ့ အောင်မြင်ခဲ့တယ်လို့လည်း မျှဝေခဲ့ပါတယ်။ ဒီလိုပညာရေးကို အောင်မြင်အောင် ကြိုးစားခဲ့တာကတော့ ကိုယ်ပိုင်အရည်အချင်း တစ်ခုနဲ့ ရပ်တည်နိုင်ဖို့အတွက်ပါလို့လည်း အေးဝတ်ရည်သောင်းက ဆိုခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ် ကတည်းက အနုပညာလောကထဲ ရောက်ရှိလာခဲ့တဲ့ အေးဝတ်ရည်သောင်းက သရုပ်ဆောင် ဦးကျော်ဟိန်း၊ ဒွေး စတဲ့ ၀ါရင့်အနုပညာရှင်ကြီးတွေနဲ့ တွေ့ဆုံသင်ယူခွင့်လည်း ရရှိခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ အသက်ငယ်ရွယ်စဉ်မှာ အနုပညာလောကထဲ ရောက်ရှိလာခဲ့သူဖြစ်လို့ အားနည်းချက် တစ်ခုအနေနဲ့ ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းသူတစ်ယောက်လည်း အရင်ကဖြစ်ခဲ့ဖူးတယ်လို့ မှတ်မှတ်ရရ ဆိုပါတယ်။

“မှတ်မှတ်ရရ ဦးကျော်ဟိန်းနဲ့ တွဲရိုက်ရတဲ့ ဇာတ်ကားတစ်ကားမှာ ဦးကျော်က ခုံဖိနပ်စီးခိုင်းတာကို ကတ္တီပါခြေညှပ်ဖိနပ်ပဲ စီးမယ်ဆိုပြီး အတင်းငြင်းခဲ့ဖူးတယ်။ ဦးကျော်ဟိန်းကတော့ ကလေးပဲဆိုပြီး သည်းခံပါတယ်။ အဲဒီတုန်းက သည်းခံတဲ့သူရှိပေမယ့် သည်းမခံချင်တဲ့သူတွေလည်း ရှိခဲ့မှာပဲလေ။ အဲဒါလေးကိုတော့ အခုချိန်မှာ ပြန်ဆင်ခြင်မိတယ်” လို့ အေးဝတ်ရည်သောင်းက ဆိုပါတယ်။

အနုပညာလောကထဲမှာ နှစ်ကာလကြာရှည် လျှောက်လှမ်းမှု အပြီးမှာတော့ ပညာရေးဘက်ကို အာရုံစိုက်ခဲ့ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်လာခဲ့ပါတယ်။ ဒီအချိန်မှာပဲ အနုပညာလောက သူများနဲ့ပြန်လည် တွေ့ဆုံကြရာက အနုပညာလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဖြစ်ခဲ့တယ်လို့ အေးဝတ်ရည်သောင်းက ပြောပြခဲ့ပါတယ်။ Media 7 က ရိုက်ကူးတဲ့ ‘Charm’ ဇာတ်လမ်းတွဲနဲ့ ‘ရတနာပုံ’ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်ဖြစ်ခဲ့ရာက အနုပညာလောကထဲ တစ်ကျော့ပြန် ရောက်ရှိလာခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

လူမှုကွန်ရက် စာမျက်နှာထက်မှာ Aye Thaung အမည်နဲ့ ပရိသတ်အားပေးမှု များပြားတာနဲ့ ပတ်သက်လို့တော့ သရုပ်ဆောင် အေးဝတ်ရည်သောင်းက “အခုတစ်ကျော့ပြန် အနုပညာအလုပ်တွေလုပ်လို့ ပရိသတ်တွေ အားပေးမှုရလာတာ၊ Facebook မှာ ပရိသတ်တွေ အများကြီးရဲ့ ချစ်ခင်မှုကိုရတာက ဘ၀အသစ်တစ်ခုကို ရလိုက်သလိုပါပဲ။ Facebook မှာ ဖွင့်ထားတဲ့နာမည်ကလည်း အေးဝတ်ရည်သောင်းအနေနဲ့ မဟုတ်ဘဲ Aye Thaung ဆိုတဲ့ နာမည်နဲ့ အားပေးကြတာဆိုတော့ တော်တော်လေးပျော်ရွှင်မိသလို တစ်ခါတလေ ဟုတ်ရဲ့လားဆိုပြီး ငိုချင်သလိုလည်း ဖြစ်မိတယ်။ ကြောက်လည်း ကြောက်မိတယ်။ သူတို့အားပေးတာနဲ့ ထိုက်တန်တဲ့ အနုပညာအလုပ်တွေ မလုပ်ပြနိုင်မှာလည်းစိုးတယ်။ ဘာပဲဖြစ်ဖြစ် အစ်မရဲ့ Facebook Account ကိုကြည့်တဲ့အခါ စိတ်မချမ်းသာသွားဘူး ဆိုရင်တောင် စိတ်ညစ်စရာတော့ မဖြစ်ဘူးဆိုရင် ကျေနပ်ပါတယ်။ အဲဒီခံယူချက်နဲ့ပဲ လူမှုကွန်ရက်ကို သုံးဖြစ်တယ်” လို့ ဝေမျှခဲ့ပါတယ်။

အေးဝတ်ရည်သောင်းက လတ်တလောမှာတော့ မင်္ဂလာရှိတဲ့အရပ် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးဖို့ ပြင်ဆင်နေပါတယ်။ ဒါအပြင် ပိုးထည်ဆိုင်တွေကိုလည်း ဖွင့်လှစ်ထားပြီး ကြော်ငြာနဲ့ အလှဓာတ်ပုံတွေကိုလည်း ရိုက်ကူးနေပါတယ်။ ကျန်းမာလှပတဲ့ ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ထားပြီး မြန်မာဝတ်စုံတွေကိုလည်း လှပစွာ ၀တ်ဆင်တတ်သူအဖြစ် ပရိသတ်လက်ခံထားတဲ့ အေးဝတ်ရည်သောင်းက ခန္ဓာကိုယ် အချိုးအစား ထိန်းသိမ်းဖို့အတွက် အစားအစာကို စနစ်တကျ စားသောက်ထိန်းသိမ်းသလို အချိုရည်တွေနဲ့ ဆီကြော်တွေကိုတော့ အဓိကရှောင်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ အေးဝတ်ရည်သောင်းက ပရိသတ်များကိုတော့ သရုပ်ဆောင်ဟောင်း တစ်ယောက်ဖြစ်ပေမယ့် Aye Thaung  အမည်နဲ့ အသစ်တစ်ယောက်လို အားပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်သလို တာဝန်လည်းပိုရှိတယ်လို့ ခံယူထားတဲ့အပြင် အနုပညာနဲ့ ပတ်သက်လို့လည်း ကျရာတာဝန်ကို ကျေပွန်အောင် ကြိုးစားသွားပါ့မယ်လို့ ကတိစကားဆိုခဲ့ပါတယ်။  

လင်းလင်းခိုင်

Eleven Media Group

No comments:

Post a Comment