Latest News

Monday, June 26, 2017

အင်ဒိုနီးရှားတွင် စစ်သွေးကြွဟု သံသယရှိသူ ၂ ဦးက ရဲစခန်းကို တိုက်ခိုက်၊ ရဲအရာရှိတဦး သေဆုံး

အင်ဒိုနီးရှားတွင် စစ်သွေးကြွဟု သံသယရှိသူ ၂ ဦးက ရဲစခန်းကို
တိုက်ခိုက်၊ ရဲအရာရှိတဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း ဆူမားတြားပြည်နယ် မီဒန်မြို့တော်မှာ ဇွန်လ ၂၅ ရက်နေ့က အစ္စလာမ္မစ်စစ်သွေးကြွလို့ သံသယရှိသူ ၂ ဦးက ရဲစခန်းတခုကို တိုက်ခိုက်ခဲ့ရာမှာ ရဲအရာရှိတဦး ဓားထိုးခံခဲ့ရပြီး သေဆုံးသွားပါတယ်။

တိုက်ခိုက်သူ ၂ ဦးထဲက ၁ ဦးကို အသေပစ်ခတ်ဖမ်းဆီးခဲ့ပြီး ၁ ဦးကိုတော့ ဒဏ်ရာနဲ့ ဖမ်းဆီးမိခဲ့တယ်လို့ ဆူမားတြားရဲချုပ် အမယ်လ်ဇာ ဒါနီရယ်က ပြောပါတယ်။
အကြမ်းဖက်တိုက်ခိုက်ခဲ့သူတွေရဲ့ အိမ်နှစ်လုံးကို ရဲက စီးနင်းခဲ့ရာမှာ ရဲစခန်းကို တိုက်ခိုက်စဉ်က ကိုင်ဆောင်ခဲ့တဲ့ဓားနဲ့ ပုံစံတူ နောက်ဓားတချောင်း တွေ့ခဲ့ရတယ်၊ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ရဲ့ အလံကို အိမ်နံရံမှာ ဆေးသုတ်ထားတာ တွေ့ရသလို အိုင်အက်စ် အကြမ်းဖက်ခေါင်းဆောင် အဘူဘာကာရဲ့ ဓာတ်ပုံပါတဲ့ စာအုပ်ကိုလည်း တွေ့ခဲ့ရတယ်လို့  မြောက်ပိုင်း ဆူမားတြားရဲချုပ် ဒါနီရယ်က ပြောပါတယ်။

“အကြမ်းဖက်သမား ၂ ယောက် အပစ်ခံရတယ်။ တယောက်ကတော့ သေသွားပြီး  တယောက်ကတော့ ပေါင်မှာ ဒဏ်ရာရထားတယ်။ ကျေန်ာတို့ အကြမ်းဖက်တိုက်ဖျက်ရေး အထူးအဖွဲ့နဲ့ ပေါင်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ ကျေန်ာတို့ အရာရှိတယောက်လည်း ရင်ဘတ် စတဲ့နေရာတွေမှာ ဒဏ်ရာတွေရပြီး ဆုံးသွားပါတယ်” လို့ ရဲချုပ် ဒါနီရယ်က ပြောပါတယ်။

အခုတိုက်ခိုက်မှုကြောင့် ကမ္ဘာ့မွတ်စလင်အများစု နေထိုင်ရာ အင်ဒိုနီးရှားနိုင်ငံမှာ စစ်သွေးကြွ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ကာလတွေတုန်းမှာ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ကို လိုလားသူတွေဟာ တိုက်ခိုက်မှုတွေ ခပ်စိတ်စိတ် ပြုလုပ်လာတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့လက ဂျကာတာမြို့တော်မှာ ဘစ်ကားဂိတ်တခုကို အိုင်အက်စ်လိုလားတဲ့ စစ်သွေးကြွတွေက အသေခံဗုံးခွဲတိုက်ခိုက်ခဲ့လို့ ရဲအရာရှိ ၃ ဦး သေဆုံးခဲ့ပါတယ်။

အိုင်အက်စ် အကြမ်းဖက်အဖွဲ့ဟာ အရှေ့အလယ်ပိုင်းမှာ ခြေကုပ်နေရာတွေ ဆုံးရှုံးနေတဲ့အတွက် အရှေ့တောင်အာရှနိုင်ငံတွေမှာ ခြေကုပ်ယူဖို့ ကြိုးစားမှာကို စိုးရိမ်နေရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဒီဗွီဘီ

No comments:

Post a Comment