Latest News

Monday, June 26, 2017

အကောင်းဆုံးနည်းလမ်းနဲ့ စောင့်ရှောက်နိုင်ကြပါစေ

အကောင်းဆုံးနည်းလမ်းနဲ့ စောင့်ရှောက်နိုင်ကြပါစေ


ကျွန်မတို့အနေနဲ့ ကိုယ့်ပိုယ်ကို ဘယ်လို တည်ဆောက်ကြမလဲ ဆိုတဲ့ မေးခွန်းကို လူတိုင်းကို မေးသင့်ပါတယ်။

ပြီးရင် ကိုယ့်ရင်သွေးတို့ဘဝ အတွက် ဘယ်လိုမွေးမြူတည်ဆောက်ပေးရမလဲ။
သူတို့ကို ဘယ်လိုမျိုးရှင်သန်စေချင်သလဲ။

ကျွန်မအမြင်နဲ့နားလည်ထားတာ ရှိတယ်။ လူ့လောကမှာ အမြင် နှစ်စ်မျိုး နဲ့ သူ နှစ်မျိုးရှိတယ်ဆိုတာကို ပါပဲ။ပထမအမြင်ကတော့အရာရာတိုင်းကို အတ္တရှု့ထောင့်ကနေ ကြည့်တတ်တဲ့သူမျိုးပါ။

သူကတော့အရာရာတိုင်းမှာ သူ့အကျိုးစီးပွားကိုပဲ ပထမလို့စဉ်းစားတယ်။ သူကောင်းစားဖို့အနိုင်ရဖို့ဆိုရင် ကျန်တဲ့သူတွေ ဘာပဲဖြစ်ဖြစ်၊ အခြားသူတွေရဲ့ ထိခိုက်မှုကို ထည့်တွက်စရာမလိုဘူး၊ ကိုယ် အောင်မြင်ဖို့၊ ကိုယ် အဆင်ပြေဖို့က ပထမ လို့စဉ်းစားတတ်တဲ့သူမျိုးပါ။

နောက် လူတစ်မျိုးကတော့လောကကို ကြည့်တဲ့အခါ သူ့က အနတ္တ ဆိုတဲ့အကြည့်နဲ့အမြင်ရှိသူပေါ့။ နားလည်လွယ်အောင် ပြောရရင်တော့ အတ္တမကြီးဘူး။ အများအတွက်ဆိုရင် အနစ်နာခံတတ်တဲ့သဘောနဲ့ နားလည်ပေးဆပ်တတ်တဲ့သဘောတရား ရှိတဲ့သူတွေပေါ့။

ဒါ့အပြင် သူ့အတွက် သီလလုံခြုံခြင်းနဲ့ကိုယ်ကျင့်တရားဟာ သူ့အကျိုးစီးပွားထက် ပိုအရေးကြီးတယ်လို့နားလည်မိတယ်။

အတ္တရှု့ထောင့်ကနေ လောကအမြင်ရှိသူတွေမှာလည်း အောင်မြင်ကြီးပွားနေတဲ့ သူတွေရှိပါတယ်။ သူတို့အနေနဲ့ သာမန်အဆင့်အတန်းတစ်ခုမှာ မရှင်သန်လိုတဲ့အတွက် သူဟာ ဘ၀အရေးမှာ ကြိုးစားခဲ့တယ်။

သာမန်အဆင့်ထက်သာအောင် အမြဲတမ်းလည်း ကြိုးစာေးနတယ်။ ကြိုးစားအားထုတ်ပုံခြင်း တူနိုင်ပေမဲ့သူက အနာရရှိအောင် အားထုတ်တဲ့ နည်းလမ်းမှာတော့သူက သူ့ဘက်က အသာရမဲ့နည်းလမ်းမျိုးကိုပဲ ရွေးချယ်လေ့ရှိပါတယ်။

သူ့ဘက်ကအ ရှုံးခံရမယ်၊ သူကဘက်က အနစ်နာခံရမယ် ၊ သူ့အနေနဲ့ပေးဆပ် ရမယ်ဆိုတဲ့ နည်းလမ်းမျိုးကို ဘယ်တော့မှ သုံးလေ့မရှိဘူး။သူ့အနေနဲ့လောကဓံ ကြုံရလို့ပြဿနာ ဖြစ်လို့ဖြေရှင်းကြတဲ့အခါမှာလည်း သူက အလျှော့အတင်း သဘောတရား အရ ဖြေရှင်းနေရတယ်ဆိုရင်တောင်မှ သူက တင်းခံတယ်။ သူ့ဘက်က အလျော့ပေးခြင်း နည်းသထက် နည်းပါးအောင် တင်းခံနေတယ်။ သူ့ဘက်က အသာစီးရတယ်လို့ယူဆမှ သူက လက်ခံတယ်။

လောကအပေါ်မှာ အနိုင်ယူနိုင်သမျှ အနိုင်ယူပြီး နေထိုင်တဲ့သူမျိုးလို့ မြင်မိ နားလည်မိပါတယ်။

နောက်တစ်မျိုးကတော့အနတ္တရှု့ထောင့်ကနေ မြင်ပြီး နေထိုင်တဲ့သူပါ။ အဲဒီလို လူကတော့အလုပ်လုပ်တော့မယ်ဆိုရင်လည်း သူက စဉ်းစားတယ်။ ဒီအလုပ်က ဒီစီးပွားရှာခြင်းက တရားသဖြင့် ဟုတ်ရဲ့လား ဆိုတာကို စဉ်းစားပြီးမှ ဆောင်ရွက်လေ့ရှိတယ်။

မတရားတဲ့အလုပ်လို့ထင်မှတ်ရင်လည်း အဲဒီအလုပ်ပေါ်မှာ ငြိတွယ်မနေဘဲ စွန့်လွှတ်တတ်တယ်။ သူ့အနေနဲ့ တရားသဖြင့် နည်းလမ်းနဲ့ စီးပွားရှာတဲ့အခါမှာလည်း အခက်အခဲ ကြုံတဲ့အခါ သူ ထိမ်းသိမ်းထားတဲ့ သီလနဲ့ကိုယ်ကျင့်တရားကို အပွန်းအရှမခံဘူး၊ ဆင်းရဲခြင်းကို တင်းခံပြီး ကိုယ့်ကျင့်တရားကို အထိအပါး မခံဘဲနေထိုင်တယ်။တစ်ခါတရံမှာ လောကဓံအဆိုးကြောင့် နိမ့်ပါး ရှုံးနိမ့်ရတယ်ဆိုတာရင် ဒါကို လက်ခ့ပြီး သီလကို လုံအောင်ထိမ်းတယ်။

အဲလို လူနှစ်ဦးဟာ ဘ၀တစ်လျှောက်လုံး မတူကွဲပြားစွာရှင်သန်ခဲ့ကြတယ်။ နောက်ဆုံး သေခါနီးမှာလည်း သူတို့ရဲ့ မတူညီမှုတွေက ကွာပြားသွားကြပြန်ပါတယ်။ကိုယ်ပြုခဲ့တဲ့ ကံဆိုတာ သေဆုံးကာနီးမှာ သူ့သဘောသူဆောင်ပြီး ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဆိုပြီးတော့ လူတိုင်းကို အကျိုးပေးကြပါတယ်။

သီလနဲ့ကိုယ်ကျင့်တရားကောင်မွန်စွာ ရပ်တည်ရှင်သန်ခဲ့တဲ့သူဟာလည် သေဆုံးကာနီးမှာ သူ့ရဲ့ ကောင်းတဲ့ကံတွေ၊ ကောင်းတဲ့ကမ္မမိမိတ်တွေ ထင်ပြီးတော့ ကြည်ကြည်လင်လင်ရွှင်ရွှင်ပျပျနဲ့ကွယ်လွန်သွားရတယ်။ကွယ်လွန်ခြင်းရဲ့အခြားတစ်ဖက်မှာတော့လူပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည် စတဲ့အဆင့်မြင့်တဲ့ ဘုံဘ၀ကို ရောက်ကြရပါတယ်။

အတ္တနဲ့ရှင်သန်ခဲ့တဲ့သီလမလုံ၊ကိုယ်ကျင့်တရားမကောင်းခဲ့တဲ့ သုူတွေမှာလည်း မကောင်းတဲ့ကံ၊ မကောင်းတဲ့နိမိတ်တွေနဲ့ ဆင်းဆင်းရဲရဲကွယ်လွန်ကြတယ်။ ကွယ်လွန်ပြီးနောက်မှာလည်း မကောင်းတဲ့ဘုံဘ၀ကို ရောက်ကြတယ်။

အဲဒီလို နားလည်လာမိတဲ့အချိန်ကစပြီး ကျွန်မအနေနဲ့ စားဝတ်နေရေးကြောင့်ပဲ ဖြစ်ဖြစ်၊ မနေနို်င်လို့ ထလုပ်မိတဲ့ပရဟိတလုပ်ငန်းပဲဖြစ်ဖြစ်၊ အများရဲ့တောင်းဆိုမှုကြောင့်လုပ်ကိုင်ပေးရတဲ့အလုပ်ပဲ ဖြစ်ဖြစ် ဘယ်အလုပ်မှာမဆို အကုသိုလ် မဟုတ်မိအောင်၊ မတရားသဖြင့်မလုပ်မိအောင်၊ အတ္တစိတ် နည်းပါးအောင် ၊ လောက ကို ကိုယ့်အတွက် အသုံးမချမိအောင် ကိုယ့်ကိုယ်ကို သုံးသပ်၊ ဆင်ခြင်ပြီး ပေါ်လာတတ်တဲ့ လောဘစိတ်၊ အတ္တစိတ်တွေကိုလည်း နေ့စဉ်နဲ့အမျှ ထိမ်းသိမ်းနေထိုင်နေရပါတယ်။

တကယ်လို့များ ဘာသာရေးအသိ ဝေးနေမယ်ဆိုရင်တော့ စီးပွားရေး ပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲ ဖြစ်ဖြစ်၊ အုပ်ချုပ်ရေး ပိုင်းမှာပဲ ဖြစ်ဖြစ် အမြင်မှန်ရဖို့နဲ့ ၊တရားခြင်းနဲ့မတရားခြင်း ဆိုတာတွေကို ခွဲခြားနိုင်ဖို့ ခက်ပါလိမ့်မယ်။

 အဲဒါကြောင့်တစ်ဦးချင်းစီရဲ့ အမြင်မှန်ဖို့၊ ဒေါသနဲ့ လောဘပါယ်သော ဆုံးဖြတ်ချက်ကို ချနိုင်ဖို့ နဲ့ကိုယ့်ကျင့်တရားကောင်းမွန်ဖို့ ဆိုတာ ဘာသာရေးအသိ။ ကိုယ်ကျင့်တရားတို့နဲ့ဆက်စပ်နေတယ်လို့
ကျွန်မကယူဆပါတယ်ရှင်။

ကိုယ့်အနေနဲသီလလုံအောင်ထိမ်းသိမ်းတာ၊ ကိုယ့်ကျင့်တရားကောင်းမွန်အောင် တည်ဆောက်တယ် ဆိုတာက ကိုယ့်ကိုယ်ကို အကောင်းဆုံး နည်းလမ်းနဲ့ ထိမ်းသိမ်းစောင့်ရှောက်တာပါ၊ ဒီဘ၀တင်မက နောင်သံသရာထိကောင်းအောင် စောင့်ရှောက်သော နည်းလမ်းပါပဲရှင်။

အဲဒီအသိကို သားသမီးတွေကိုလည်း မျှဝေနိုင်ဖို့ ကြိုးစားရတယ်။ ဒါမှ သူတို့ဘဝကို သူတို့ အကောင်းဆုံးတည်ဆောက်နိုင်မှာ စောင့်ရှောက်နိုင်မှာပါ။

မတူကွဲပြားတဲ့အမြင်များရှိရင်လည်း ကျွန်မအနေနဲ့ ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်။

ကျေးဇူးတင်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment