Latest News

Thursday, June 8, 2017

မနာလိုသူတွေကို အပြုံးနဲ့သာ တုန့်ပြန်လိုက်ပါ

မနာလိုသူတွေကို အပြုံးနဲ့သာ တုန့်ပြန်လိုက်ပါ

မေသင်္ကြန်ဟိန်(မြစ်ခမ)

ကိုယ့်ရဲ့ အတွေးအခေါ်တွေနဲ့ အပြုသဘောဆန်တဲ့ စိတ်ကူးစိတ်သန်းတွေက ကိုယ့်ကို အမြင့်ဆုံးရောက်စေတယ်လို့ ယုံကြည်တဲ့သူ ဘယ်လောက်ရှိမလဲတော့ မသိဘူး။

ကျွန်မကတော့ အပြုသဘောဆန်တဲ့ အတွေးနဲ့ စိတ်ကူးတွေက တန်ခိုးစွမ်းအင်ရှိတယ်ဆိုတာကို ယုံကြည်လက်ခံမိတယ်။

အပြုသဘောဆန်တဲ့ ကောင်းမွန်တဲ့ စိတ်ထားနဲ့ အတွေးတွေက ကိုယ့်ကို အခက်အခဲတွေကိုလည်း ဖြတ်ကျော်အောင်မြင်စေခဲ့သလို၊ ဘယ်လိုလူမျိုးတွေနဲ့ပဲ တွေ့ကြုံပါစေ ကိုယ့်အတွက် ကောင်းမွန်တဲ့ ဆက်ဆံရေးကိုပဲ ဖြစ်ပေါ်စေပါတယ်။

ဘ၀မှာ ကိုယ့်ကို ဘ၀ပျက်စေချင်တဲ့ သူတွေ၊ ဒုက္ခရောက်စေချင်တဲ့ သူတွေနဲ့ တွေ့ကြုံဘူးပါသလား။ကိုယ်ရဲ့ အောင်မြင်မှုကို မရှု့စိမ့်နိုင်တဲ့ စိတ်နဲ့ ကိုယ့်ကို ဝေဖန်ပုတ်ခတ်တာတွေ၊ ထိခိုက်နစ်နာအောင် တမင်တကာအပြစ်ပုံချတာတွေနဲ့လည်း ကြုံဘူးပါသလား။

အဲလို ကြုံတွေ့ချိန်တွေမှာ ဘယ်လို ရင်ဆိုင်ဖြတ်သန်းခဲ့ပါသလဲ။ ပြန်တွေးကြည့်ရအောင်ပါ။အဲလို လူတွေပြောလေ့ရှိတဲ့ စကားကတော့ မင်းက ဘ၀င်မြင့်နေတာ၊မင်းက သိပ်ကို မောက်မာရိုင်းစိုင်းတာ၊

မင်းက ကိုယ့်ကိုယ်ကို အထင်ကြီးလွန်တယ် ဒါပေမဲ့ မင်းက ဘာမှ မဟုတ်ဘူးဆိုတာ တစ်နေ့ သိလိမ့်မယ် ဆိုတဲ့ စကားတွေကို ပြောလေ့ရှိပါတယ်။ အဲလို ပြောလာပြီဆိုရင် သူဘာဖြစ်လို့ အဲလိုမြင်သလဲ ပြောသလဲ ဆိုတာ သေချာစဉ်းစားကြည့်တော့ သူတို့ရဲ့ ရည်ရွယ်ချက်က ကိုယ့်ကို ထိခိုက်သွားစေချင်တာ၊ ကိုယ့်အောင်မြင်တာကို ရပ်တန့်ပြီး ရှုံးနိမ့်သွားစေချင်တာ။

သူက ကိုယ်ရှုံးတာမြင်ရမှ ကဲ ငါပြောသလို မဟုတ်ဘူးလား ၊ ဘ၀င်မြင့်နေတဲ့ မိန်းမ ခုတော့ ထိပြီ ဆိုတာမျိုးနဲ့ အနိုင်ယူပြချင်တာပါ။

အဲလို ပြောခံလိုက်ရလို့ စိတ်ဆိုးသွားသလား၊ စိတ်ထိခိုက်သွားသလား၊ တစ်ခုခု ခံစားရပြီး ထိခိုက်သွားတယ်ဆိုရင်တော့ သူတို့ဖြစ်စေချင်တာကို ဖြစ်သွားပြီလို့ သုံးသပ်ရမှာပါပဲ။ စိတ်ထိခိုက်တဲ့ အဆင့်ကနေ အလုပ်ကိုပါ ထိခိုက်လာတဲ့အခြေအနေကိုတော့ မဖြစ်ပါစေနဲ့၊ သူများရဲ့ စကားတစ်ခွန်းနဲ့တော့ ကိုယ့်ကိုယ်ကိုအရှုံးမပေးလိုက်ပါနဲ့။

တကယ်တော့ သူတို့က ကိုယ့်ကို အထင်ကြီးနေတာပါ၊ သူတို့က ကိုယ့်ရဲ့ အနေအထားကို မက်မောနေတာ၊ သူတို့မလုပ်နိုင်တဲ့ အရာ ကိုယ့်မှာ ရှိနေတာကို မရှုံ့စိမ့်နေတာပါ။

အဲလို လူစားတွေက ကိုယ့်ကို ဂုဏ်ငယ်အောင်၊ သေးသိမ်အောင် ရန်စလေ့ရှိပါတယ်။ အဲဒါကို သဘောပေါက်ပြီး သူတို့ကို တုန့်ပြန်စရာမလိုဘူးဆိုတာ နားလည်ပြီး ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်သွားဖို့ပဲ ရှိပါတယ်။

သူတို့စကားတွေကြောင့်တော့  ကိုယ့်ရဲ့ အလုပ်တွေကို မထိခိုက်စေပါနဲ့၊ စိတ်ထိခိုက်ရတယ်ဆိုရင်တောင်မှ အလုပ်ကို မထိခိုက်အောင် ကြိုးစားပါ။

အဲလိုမှ မဟုတ်ဘူး ကိုယ်က သူတို့စကားကို ခံစားနားယောင်မိရင် စိတ်ပိုင်းဆိုင်ရာ အားနည်းသွားတတ်ပါတယ်။ စိတ်လျှော့လိုက်တာနဲ့ စိတ်ဓါတ်ကျသွားနိုင်ပါတယ်။

သူပြောသလို ငါများ ဘ၀င်မြင့်နေတာလား ငါ့မှာ အစွမ်းအစမရှိဘဲ့နဲ့ ရှိတယ်လို့ ထင်နေတာလားလို့ တွေးလိုက်တာနဲ့တင် ကိုယ့်ရဲ့ ရှိရင်စွဲ စွမ်းအင်ကို မယုံကြည်ရာရောက်သွားပါလိမ့်မယ်။ကိုယ့်ရဲ့ ယုံကြည်မှုကို ထိခိုက်စေပါတယ်။

အဲဒါကြောင့် သရဲဘောကြောင်တဲ့ ချောင်းပစ်သေနပ်သမားတွေရဲ့ စကားတွေ၊ ကိုယ့်ကို ထိခိုက်စေတဲ့ အတွေးတွေကို ဘယ်တော့မှ အ၀င်မခံပါနဲ့၊ ကိုယ့်ကိုယ်ကို အမြဲတမ်း အရေးကြီးတဲ့ လုပ်ငန်းတွေလုပ်ကိုင်နေရတဲ့ သူအဖြစ်သာ လက်ခံပါ။

ကိုယ့်ရဲ့ မနောအာရုံကို စုစည်းထိန်းသိမ်းထားပါ။ ကိုယ့်ကိုယ်ကို တာဝန်အရှိဆုံး၊ သြဇာအရှိဆုံးသူအဖြစ် သတ်မှတ်ထားပါ။ ရင်ထဲမှာ အမြဲတမ်း အပြုစိတ်ဓါတ်ပဲ မွေးမြူပေးပါ။

ပြီးတော့ အခြားလူတွေကိုလည်း အမြင်ကြည်လင်ပေးပါ။ ဒီလိုခိုင်မာခြင်းအားဖြင့် အရေးပါတဲ့ အတွေးတွေနဲ့ အပြုသဘောဆန်တဲ့ အတွေးတွေသာ ဖြစ်ပေါ်လာစေပါတယ်။

ကိုယ့်ကို တိုက်ခိုက်နေတဲ့ သူတွေဟာ နောက်ဆုံး ဘယ်လိုမှ မတတ်နိုင်တော့လို့ လက်လျော့ရတဲ့အထိ ကိုယ့်ကိုယ်ကို ခိုင်မာစွာ ပျိုးထောင်ဖို့တိုက်တွန်းအကြံပြုချင်ပါတယ်ရှင်။

ကျေးဇူးတင်ပါတယ်။

မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment