Latest News

Wednesday, June 28, 2017

ဌာနအမည်ခံ ဆောင်ရွက်သော လမ်း၊ တံတားလုပ်ငန်းများမှာ အရည်အသွေး ပြည့်မီခြင်း မရှိကြောင်း စစ်ကိုင်းတိုင်းလွှတ်တော်တွင် မေးခွန်းထုတ်

ဌာနအမည်ခံ ဆောင်ရွက်သော လမ်း၊ တံတားလုပ်ငန်းများမှာ အရည်အသွေး ပြည့်မီခြင်း မရှိကြောင်း စစ်ကိုင်းတိုင်းလွှတ်တော်တွင် မေးခွန်းထုတ်

ရန်ကုန်၊ ဇွန် ၂၈ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဌာနအမည်ခံ ဆောင်ရွက်သော လမ်း၊ တံတားလုပ်ငန်းများသည် အရည်အသွေးပြည့်မီခြင်း မရှိသဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် တွင် ကျပ်သိန်း(၅၀)နှင့်အထက် လျာထားလုပ်ငန်းများကို အစိုးရအဖွဲ့က တင်ဒါစနစ်ဖြင့် ဆောင်ရွက်ပေးရန်ရှိ၊ မရှိကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွင် မေးခွန်းထုတ်လိုက်ကြောင်း သိရှိရသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကဆောင်ရွက်ခဲ့သည့် လမ်း၊ တံတားနှင့် ရေပေးဝေရေးလုပ်ငန်းအများစုသည် တင်ဒါစနစ်ဖြင့်ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဌာနအမည်ခံ၍ တဆင့်ခံများဖြင့် လုပ်ဆောင်ခဲ့ခြင်း၊ ဌာနအမည်ခံလုပ်ငန်းများတွင် ကျွမ်းကျင်သည့် ပညာရှင်အင်ဂျင်နီယာများ မရှိခြင်း၊ လုပ်ငန်း အတွေ့အကြုံနည်းပါးနေသေးခြင်းများကို လေ့လာတွေ့ရှိရကြောင်း ဝန်းသိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ် တော် ကိုယ်စားလှယ် ဦးဇော်လင်းဦးက ဇွန် ၂၇ ရက်တွင် ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်တော်၊ အဌမ ပုံမှန်အ စည်းအဝေး၌မေးမြန်းစဉ် ထည့်သွင်းပြောကြားခဲ့သည်။

“ဌာနက တဆင့်ခံပြန်လည်လုပ်ဆောင်ခိုင်းတာကြောင့် ဌာနအမည်ခံလုပ်ဆောင်နေတဲ့ လမ်း၊ တံတားလုပ်ငန်း အများစုက အရည်အသွေးမပြည့်မီခြင်း၊ လုပ်ငန်းတစ်ခုချင်းစီက သတ်မှတ်စံချိန်စံညွှန်းတွေကို ပြသနိုင်တာမရှိ တာကို လေ့လာတွေ့ရှိပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဌာနအမည်ခံဆောင်ရွက်တဲ့ လုပ်ငန်းအများစုက ပွဲခင်းထဲ ဇီးသီးဗန်းမှောက်သလိုဖြစ်နေပါတယ်လို့ သုံးသပ်မိပါတယ်။”ဟု တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဇော်လင်းဦးက မေးမြန်းသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ရေပေးဝေရေးလုပ်ငန်းများမှာ တင်ဒါဆွဲဝယ်မည့်သူ မရှိသဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ငန်းအများစုသည် လုပ်ငန်းတည်ရှိရာ ကျေးရွာများရှိ ဒေသခံကျွမ်းကျင်လုပ်သားများနှင့် သာ ဦးစားပေးဆောင်ရွက်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့ကာ ဌာနမှ လိုအပ်သော ပစ္စည်းများ၊ ယန္တရားများ စီစဉ် ဆောင်ရွက်ပေး၍ လုပ်အားကိုသာ အသုံးပြုဆောင်ရွက်ခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“အရည်အသွေးပြည့်မီစေရန်အတွက် ခရိုင်အဆင့် လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့ကို ကျွမ်းကျင်သော လုပ်သက်ရင့် အင်ဂျင်နီယာများ ပါဝင်စေပြီး ဖွဲ့စည်းကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာရေး နှစ်တွင် တိုင်းဘတ်ဂျတ်ဖြင့်ဆောင်ရွက်သည့် လုပ်ငန်းများအားလုံးကို တင်ဒါစနစ်ဖြင့်ဆောင်ရွက်လျက်ရှိပါ တယ်။”ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောသည်။

၂၀၁၆-၁၇ ခုနှစ်အတွင်း စီမံကိန်းလုပ်ငန်းများ၏ အားနည်းချက်များကို ပြင်ဆင်ပေးသည့်အနေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကျပ်သိန်း(၅၀)နှင့်အထက် လမ်း၊ တံတားနှင့် ရေပေးဝေရေးလုပ်ငန်းများကို အရည်အသွေး ကောင်းမွန်ပြီး စံချိန်စံညွှန်းများ ပြည့်မီလာစေရန် တင်ဒါစနစ်ဖြင့် ဆောင်ရွက်သင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးဇော်လင်းဦးက ပြောကြားခဲ့သည်။

 အေမီအောင် (မြစ်မခ)

No comments:

Post a Comment