Latest News

Sunday, June 4, 2017

ဦးနာအောက်ဘုရားဆီသို့ အလည်တစ်ခေါက်

ဦးနာအောက်ဘုရားဆီသို့ အလည်တစ်ခေါက်

မွန်သမိုင်းမှာသာမက ကမ္ဘာကအသိအမှတ်ပြုခံရတဲ့ မွန်လူမျိုးများစွာထဲတွင် ဦးနာအောက်သည် တစ်ဦးအပါအ၀င်ဖြစ်သည်။ လူအများအသိအမှတ်ပြု ချီးကျူးခံရဖို့ဆိုတာ လွယ်တော့မလွယ်ကူလှပါ။ သူ၏လုပ်ဆောင်ချက်၊ ခံယူချက်၊ သဒ္ဓါတရားထက်သန်စွာ ဆောက်လုပ်လှူဒါန်းခဲ့သော ဘုရား၊ ၀တ်၊ ကျောင်း၊ တန်ဆောင်းများစွာသာမက မြန်မာပြည်တွင် ပထမဦးဆုံး မီးသင်္ဘောပိုင်ရှင်သူဌေး ဖြစ်ခဲ့တာကြောင့်လည်း ဖြစ်ပါသည်။

ကိုလိုနီခေတ် အရင်းရှင်စီးပွားရေးတိုက်ပွဲတွင် ဗြိတိသျှ ဧရာဝတီမီးသင်္ဘောကုမ္ပဏီနှင့်အပြိုင် ဦးနာအောက်သည် မြန်မာပြည်ဖွား တိုင်းရင်းသားလူမျိုးဘက်မှ ရပ်တည်ခဲ့သည်။ တိုင်းရင်းသားပြည်သူများအတွက် သင်္ဘောလိုက်ပါစီးနင်းခွင့်ကို ဗြိတိသျှကုမ္ပဏီထက် စရိတ်စက သက်သာအောင် ပြုလုပ်ခဲ့ပါတယ်။ ထို့ကြောင့် တိုင်းရင်းသားပြည်သူတိုင်း ဦးနာအောက်၏ မြန်မာပြည်အပေါ်ထားရှိတဲ့ မျိုးချစ်စိတ်ဓာတ်၊ စေတနာ၊ အားလုံး၏ရင်ထဲတွင် ရေးထိုးအသိအမှတ်ပြုခဲ့ရပါသည်။

ထိုသို့များစွာဆောက်လုပ် လှူဒါန်းခဲ့တာကြောင့် ကိုလိုနီခေတ်တွင် ဦးနာအောက်၏နာမည်မှာ လူမျိုးခြားများကြားတွင် နာမည်ကျော်လှသည်။ ဦးနာအောက် လှူဒါန်းခဲ့သော ဘုရား၊ ကျောင်း၊ ၀တ်၊ တန်ဆောင်းများသည် ယနေ့အချိန်တွင် မြန်မာနိုင်ငံအတွက် သမိုင်းအမွေအနှစ် သယံဇာတအဖြစ် ကျန်ရှိနေပြီဖြစ်သည်။ သမိုင်းအမွေအနှစ် သယံဇာတများဖြင့် ပြည့်နှက်နေသောကြောင့် ကတိုးရွာသည်လည်း နာမည်ကျော်ခဲ့ပါသည်။ ဦးနာအောက် ဆောက်လုပ်လှူဒါန်းခဲ့သော သမိုင်းအမွေအနှစ်များကို ခရီးသွားမြန်မာပြည်သူများ ခံစားနိုင်ရန် ကတိုး/ကော့နှတ်ရွာသို့ လာရောက်လည်ပတ်နိုင်ရန် လမ်းညွှန်လိုက်ရပါသည်။

ကတိုးရွာသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ကော့နှတ်အုပ်စုတွင် ပါဝင်သော မွန်ရွာကြီးတစ်ရွာဖြစ်သည်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့သွားရာ မွန်-ကရင်နယ်စပ်လမ်းပေါ်တွင် တည်ရှိပါသည်။

မော်လမြိုင်မြို့မှလာလျှင် ၁၁ မိုင်ခန့်ဝေးပြီး ဘားအံမြို့မှလာလျှင် ၂၂ မိုင်ခန့်ဝေးပါသည်။ မော်လမြိုင်-ဘားအံအဝေးပြေး ကားလမ်းမှတစ်ဆင့် အတ္ထရံတံတားနှင့် ဂျိုင်း (ဇာသပြင်) ကြိုးတံတားနှစ်ခုကိုဖြတ်ပြီး ကိုးမိုင်ခန့်ရောက်လျှင် ဇာသပြင်ရွာသို့ ဦးစွာရောက်ရှိမှာ ဖြစ်ပါသည်။ ဇာသပြင်ရွာတစ်ဖက်ကမ်း ဂျိုင်း (ဇာသပြင်) တံတားကိုမဖြတ်မီ လမ်းခရီးတစ်လျှောက်တွင် ထန်းပင်တန်းများ၊ သစ်ရိပ်ဝါးရိပ် ပင်တန်းကြီးများဖြင့် ဖုံးလွှမ်းနေသော ခရုံရွာကို ကနဦးရောက်ရှိပါသည်။ ခရုံရွာ၌ရှိသော သမိုင်းဝင်ခရုံဂူကိုလည်း ၀င်ရောက်လည်ပတ်နိုင်သည်။ ခရုံဂူသည် သဘာဝလိုဏ်ဂူတစ်ဂူပင်ဖြစ်သည်။

ဇာသပြင်ရွာ လမ်းခွလမ်းခွဲတွင် လမ်းညွှန်ဆိုင်းဘုတ်ကို မြင်မိမှာပါ။ အိန္ဒုသို့ ၁၉ မိုင်၊ ဘားအံသို့ ၂၄ မိုင်ဟူ၍ လမ်းညွှန်ထားပါသည်။ ဘားအံလမ်းသွယ်ဘက် အဝေးပြေးလမ်းမကြီးမှ နှစ်မိုင်ခန့်ခရီးဆက်ခဲ့လျှင် ကတိုးရွာနှင့် ကော့နှတ်ရွာအ၀င်လမ်း လမ်းညွှန်ဆိုင်းဘုတ်နှင့် ဦးနာအောက်ဘုရားသို့ဟူ၍ အုတ်ချပ်အင်္ဂတေဖြင့် ပြုလုပ်ထားသော မြေစိုက်ဆိုင်းဘုတ်ကို တွေ့မြင်ရမည်။ ရွာဝင်လမ်းဝမှတစ်ဆင့် လေးမိုင်နဲ့ နှစ်ဖာလုံခန့် ၀င်လာခဲ့လျှင် ကတိုးရွာနှင့် ကော့နှတ်ရွာအစွန်းနှစ်ခု ဆုံရာတွင်တည်ရှိသော ဦးနာအောက်ဘုရားဝင်းကို မြင်တွေ့ရမှာဖြစ်ပါသည်။

ကိုလိုနီခေတ်တွင် မော်တော်ကားလမ်းသွားလာရန် ခက်ခဲသဖြင့် စက်လှေ၊ ပဲ့ချိတ်၊ စက်တပ်ယာဉ်များဖြင့် ရေလမ်းခရီးကို အမှီသဟဲပြုခဲ့ရသည်။ မွန်ဒေသကို ဦးနာအောက်၏ စီးပွားရေးဈေးကွက် လွှမ်းမိုးသည့်ကာလတွင် ကတိုးရွာ၌ လှေဆိပ်ကြီးအဖြစ်ရှိခဲ့သည်။ မော်လမြိုင်မြို့၊ ကျိုက်ဖနဲရပ်ကွက်ရှိ လှေဆိပ်မှတစ်ဆင့် သံလွင်မြစ်အတိုင်း မြောက်ဘက်ယွန်းယွန်းသို့ သုံးမိုင်ခန့်ဆန်တက်ခဲ့လျှင် ကတိုးရွာလှေဆိပ်သို့ ရောက်ရှိမှာဖြစ်သည်။ ရှေးအခါက သံလွင်မြစ် အထက်ပိုင်းဒေသ ဦးနာအောက်ပိုင် ရှမ်းပြည်နယ် သစ်တောကြိုးဝိုင်းမှသစ်များကို ကတိုးလှေဆိပ်ရောက်သည့်အထိ သစ်မျှောရန် ရေလမ်းခရီးသည်အလွန် အသုံးဝင်ခဲ့သည်။ ယနေ့ခေတ်တွင် တစ်နေရာမှတစ်နေရာသို့ ကားဖြင့်အလွယ်တကူ သွားလာနိုင်သောကြောင့် ရေလမ်းခရီးကို အသုံးမပြုတော့ပါ။ ကမ္ဘာလှည့်ခရီးသည်အချို့နှင့် တံငါသည် အနည်းအကျဉ်းမျှသာ စက်လှေများကို ဆက်လက်အသုံးပြုနေကြသည်။

ရွာအ၀င်လမ်းဝမှတစ်ဆင့် လေးမိုင်နှင့် နှစ်ဖာလုံခန့်ဝင်လာခဲ့လျှင် ကတိုးရွာနှင့်ကော့ နှတ်ရွာအစွန်နှစ်ခုကြားတွင် တည်ရှိသော ဦးနာအောက်ဘုရားကို ခန့်ညားထည်ဝါစွာ ဖူးမြင်နိုင်ပါသည်။ အ၀င်မုခ်ဝတစ်ဖက်တစ်ချက်တွင် ဦးနာအောက်၏ တူတော်စပ်သူ ဦးကွန်း၏ ကောင်းမှူအလှူ ရှေးဟောင်းလက်ရာ ဇရပ်ကြီးနှစ်ဆောင်ကို ဦးစွာမြင်ရမှာ ဖြစ်ပါသည်။ ထိုဇရပ်နှစ်ဆောင်သည် ယခုအခါတွင် သီလရှင်များ သီတင်းသုံးနေထိုင်ရာ ကျောင်းတိုက်အဖြစ် ဆက်လက် အသုံးပြုနေပါသည်။

မုခ်ဝတံခါးမှဝင်ခဲ့လျှင် ဘုရား၊ ၀တ်၊ ကျောင်း၊ တန်ဆောင်းပြာသာဒ်များ ၀င်းတစ်ခုလုံး ပြည့်နှက်နေပြီး ၎င်းများအလယ်တွင် ဆုတောင်းပြည့်စေတီတစ်ဆူ သပ္ပာယ်စွာတွေ့ မြင်နိုင်သည်။ ယာဘက်ပိုင်းတွင် ဦးနာအောက် ပုံတူရုပ်တုနှင့် မဟာဝိဇယသိမ်တော် တည်ရှိသည်။ ၀ဲဘက်ပိုင်းတွင် နှစ်ကျိပ်ရှစ်ဆူဝတ် တန်ဆောင်း၊ ဒီပင်္ကာရ၀တ်တန်ဆောင်းတို့ကို တွေ့မြင်နိုင်ပါသည်။ ၀တ်၊ တန်ဆောင်း၊ သိမ်တော်ကြီးများအလယ်တွင် အလှူရှင်ဒါယကာ မွန်သူဌေးကြီး ‘ဦးနာအောက်’နဲ့ ဇနီး ‘မိဗျူ’ ကောင်းမှုဆုတောင်းပြည့်စေတီကို ယနေ့တိုင် ဖူးမြော်နိုင်ပါသည်။ မြောက်ဘက်တည့်တည့်တွင်လည်း ဆင်စွယ်ဝတ်ကျောင်းနှင့် ကော့နှတ်ရွာသူဌေး ‘နိုင်ထောအာ’ လှူဒါန်းခဲ့သော ကော့နှတ်တိုက်ကျောင်းတို့ကိုလည်း တွေ့မြင်နိုင်ပါသည်။

ဝတ်တန်ဆောင်းများ၏ အတွင်းဘက်နံရံများတွင် ရှေးဟောင်းပန်းပုလက်ရာများ ထွင်းထုထားသည်ကို လက်ရာမြောက်စွာအံ့ဖွယ် မြင်တွေ့နိုင်သည်။ ထွင်းထုထားသော အရုပ်များမှာ ဘုရားဖြစ်စဉ်သမိုင်းနှင့် သက်ဆိုင်သော ဗုဒ္ဓ၀င်ဇာတ်နိပါတ်များဖြစ်ကြသည်။ ဒီပင်္ကာရ၀တ်တန်ဆောင်းအတွင်း ဘုရားဝတ်ပြုရာ နေရာလည်းရှိသည်။ အတွင်းပိုင်းတွင် တည်ထားသော ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်နှစ်ဆူက ပစ္စက္ခအရှင်သူမြတ်များကို တရားဟောနေပုံ ရုပ်ပွားတော်များကိုလည်း ဖူးမြော်နိုင်ပါသည်။ ၀တ်တန်ဆောင်းများ၏ အတွင်းအပြင်နံရံများတွင် ကျောက်မျက်အရောင်အသွေး စုံလင်စွာဖြင့် ပြိုးပြိုးပြက်ပြက် အရောင်များဖြင့် ၀တ်တန်ဆောင်းကို တန်ဆာဆင်ထားပါသည်။

ဆက်လက်ပြီး ကော့နှတ်ရွာတွင် ဦးနာအောက် ဆောက်လုပ်လှူဒါန်းခဲ့သော သာသနိက အဆောက်အအုံများကို အလည်လာသူများ ဗဟုသုတအနေဖြင့်သိရှိရန် ထပ်မံစုစည်းတင်ပြလိုက်ပါသည်။ ကော့နှတ်ရွာတွင် ဦးနာအောက် ဆောက်လုပ်လှူဒါန်းခဲ့သော သာသနိကအဆောက်အအုံများမှာ (၁) ကော့နှတ်ရွာစာသင်တိုက်၊ ဆွမ်းစားဆောင်နှင့် တန်ဆောင်း (၂) နှစ်ကျိပ်ရှစ်ဆူဝတ်တန်ဆောင်း (၃) ဒီပင်္ကာရ၀တ်တန်ဆောင်း (၄) မဟာဝိဇယသိမ်တော်ကြီး (၅) ဆုတောင်ပြည့်ဝတ်တန်ဆောင်း (၆) အတုမရှိကျောင်း၊ ယက္ကန်းစင်ကျောင်း (ယခုပျက်စီး) (၇) မဟာစေတီနှင့် ဆုတောင်းပြည့်စေတီတော် တို့ဖြစ်သည်။

ဦးနာအောက်သည် ဘုရား၊ ၀တ်၊ သိမ်၊ ကျောင်း၊ တန်ဆောင်းဒါယကာ ဖြစ်ရုံမျှမက မြန်မာပြည်တွင် ပထမဦးဆုံးသော မီးသင်္ဘောပိုင်ရှင်သူဌေးလည်း ဖြစ်ခဲ့သည်။ ထို့ကြောင့်အလည်လာသူများ ဗဟုသုတရရှိရန် ဦးနာအောက် ပိုင်ဆိုင်ခဲ့သည့် မီးသင်္ဘောအမည်စာရင်းကို ထပ်မံတင်ပြလိုက်ရပါတယ်။ ဦးနာအောက် ပိုင်ဆိုင်ခဲ့သော မီးသင်္ဘောများမှာ (၁) အောင်ခေမာ (အောင်ဇေယျ)၊ (၂) အောင်ပန်း (အောင်နိဗ္ဗာန်)၊ (၃) အောင်သိန်း၊ (၄) အောင်တပ်၊ (၅) အောင်စင်္ကြာ၊ (၆) အောင်မာလာ၊ (၇) အောင်ဒီပါ၊ (၈) အောင်သီတာ၊ (၉) အောင်မင်္ဂလာ တို့ဖြစ်သည်။

ဦးနာအောက် အလှူအကြောင်း ပြောမယ်ဆိုလျှင် ကတိုး၊ ကော့နှတ်ရွာ၌ ပရိယတ္တိစာပေများ တစ်ဖန်ပြန်လည်ထွန်းလင်းခဲ့ပုံကို ချန်ထား၍မရပါ။ မြန်မာသက္ကရာဇ် ၁၂၄၀ ခုနှစ်တွင် မန္တလေး မဟာဝိသုဒ္ဓါရုံကျောင်းတိုက်၌ ပရိယတ္တိစာပေများ လေ့လာသင်ကြားနေသော မွန်ဆရာတော် ဥူးပညာဓမ္မကို ကော့နှတ်ရွာ ပရိယတ္တိစာသင်တိုက်ဖွင့်ရန် ပင့်ဆောင်လာခဲ့သည်။ ဆရာတော် ဥူးပညာဓမ္မသည် မင်းတုန်းမင်း၏ မိတ်ဆွေ၊ ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်ရှိ နောင်တော်ကြီး စေတီတော်၏ ထီးတော်ဒါယကာ နေမျိုးရာဇာသင်္ခရာဘွဲ့ခံ ဦးမွန်ထော်၏ ယောက်ဖတော်သူဖြစ်သည်။

ဆရာတော်ဥူးပညာဓမ္မကို နိုင်ထော်အာ+မိခမနား၊ နိုင်ထွန်းကျော်+မိထော၊ ဦးနာအောက်+မိဗျူ သူဌေးကြီးသုံးဦးမှ ပစ္စည်းလေးပါး ဒါယကာခံယူပြီး ကော့နှတ်ရွာသို့ ပင့်ဆောင်လာသည်။ ဆရာတော် ဥူးပညာဓမ္မ ကော့နှတ်ရွာသို့ ပြန်ရောက်ချိန် သက္ကရာဇ် ၁၂၄၀ တွင်မွန်ပြည်နယ်ဟူ၍ သီးသန့်မရှိသေး။ မွန်ဒေသအားလုံး တနင်္သာရီတိုင်းထဲတွင်သာ ရှိသေးသည်။ ယင်းအချိန်တွင် မွန်ဒေသ၌ မွန်ပရိယတ္တိသာသနာ အားနည်းဆိတ်သုဉ်းနေသည့် ကာလလည်းဖြစ်သည်။

မွန်ပရိယတ္တိသာသနာ အားနည်းဆိတ်သုဉ်းနေရာမှ ပထမဦးဆုံး မွန်ပရိယတ္တိသာသနာကို စတင်အစပျိုးထူထောင်သောရွာမှာ ဇာသပြင်ရွာပင်ဖြစ်သည်။ ဇာသပြင်ရွာတွင် ပရိယတ္တိသာသနာ အားအင်စုအစပျိုးနေချိန်တွင် ဦးနာအောက်၊ နိုင်ထောအာ၊ နိုင်ထွန်းကျော်တို့မှ ပရိယတ္တိသာသနာကို အားပေးလို၍ ဇာသပြင်ရွာမှ စာသင်သားသံဃာအပါး ၆၀ ကျော်ကို ကော့နှတ်ရွာသို့ ပင့်ဆောင်လာပြီး စာသင်တိုက် စတင်ထူထောင်ခဲ့သည်။ စာသင်တိုက် စတင်ဖွင့်လှစ်သောနှစ်မှာ ၁၂၄၆ ခုနှစ်ဖြစ်သည်။ ထို့ကြောင့် ‘မွန်ပရိယတ္တိစာပေအစ ကော့နှတ်က’ ဟူ၍ရှေးဆရာတော်ကြီးများ ပြောစမှတ်တွင်ခဲ့သည်။ ပရိယတ္တိစာသင်တိုက်သည် ယခုချိန်အထိ အောင်မြင်စွာ ရပ်တည်လျှက်ရှိနေသည်။

ထို့ကြောင့် အလည်လာရောက်မည့် ဧည့်သည်များအနေဖြင့် ကတိုး/ကော့နှတ်ရွာတွင် တည်ရှိသော ဦးနာအောက်ဘုရားသည် အလည်လာသင့်သော နေရာတစ်ခုပင်ဖြစ်သည်။ ဦးနာအောက်ထားခဲ့သော မွန်တို့၏ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများသာမက ဆောက်လုပ်လှူဒါန်းခဲ့သော ဘုရား၊ ၀တ်၊ သိမ်၊ ကျောင်း၊ တန်ဆောင်းပြာသာဒ် ရှေးဟောင်းအနုသုခုမ လက်ရာများကိုလည်း ပြန်လည်ခံစားနိုင်မည် ဖြစ်ပါသည်။ ဦးနာအောက်ဘုရားသို့ အလည်လာရင်း ကရင်ပြည်နယ်ဘက်ရှိ ဂူဘုရားများသာမက မွန်ပြည်နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများကိုလည်း သွားရောက်လည်ပတ် ဖူးမြော်နိုင်ပါသည်။ အံ့ဖွယ်ရှေးဟောင်းလက်ရာများဖြင့် ပြည့်နှက်နေသော ဦးနာအောက်ဘုရားဆီသို့ အလည်အပတ်လာနိုင်ရန် ခရီးသွားဘုရားဖူး ဧည့်သည်များကို ဦးနာအောက်ဘုရားဆီသို့ လမ်းညွှန်ဖိတ်ခေါ်လိုက်ရပါသည်။

ကျမ်းကိုး
■ ဦးနာအောက်အတ္ထုပ္ပတ္တိ (ဆရာတော် ဥူးကလျာဏ)
■ စာရေးသူ (ဘိက္ခုဝေဒဂူ) ၏ ကတိုးအကြောင်း သိကောင်းစရာဆောင်းပါး (ကတိုးမဟာရင်ဂိုဏ်းလုံးဆိုင်ရာ ရေးဖြေစာမေးပွဲနှင့် စာပြန်ပွဲ ရာပြည့်မဂ္ဂဇင်း)

ရာမညမင်းငြိမ်းချမ်း

Eleven Media Group

No comments:

Post a Comment