Latest News

Monday, June 26, 2017

နိုင်ငံရေးအကျဉ်းသားကိစ္စကို အဓိပ္ပာယ်ဖွင့်ဆိုရန် မလိုအပ်ဟု NLD ဗဟို အလုပ်အမှူဆောင်ပြောကြား

နိုင်ငံရေးအကျဉ်းသားကိစ္စကို အဓိပ္ပာယ်ဖွင့်ဆိုရန် မလိုအပ်ဟု NLD ဗဟို အလုပ်အမှူဆောင်ပြောကြား



နိုင်ငံရေးအကျဉ်းသား ဆိုသည့် စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုရန် မလိုအပ်ဟု NLD ပါတီမှ ဗဟိုအလုပ် အမှုဆောင် ဦးဥာဏ်ဝင်း က ဇွန်လ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ NLD ရုံးချုပ်၌ ပြုလုပ်ခဲ့သော သတင်စာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရှေ့နေတစ်ဦးလည်း ဖြစ်သည့် ဦးဥာဏ်ဝင်းက ဥပဒေအရ စကားလုံး တစ်လုံး၏ အဓိပ္ပာယ်ကို ဖွင့်ဆိုမည်ဆိုပါက ယင်းစကားလုံးနှင့် ပတ်သတ်ပြီး ဥပဒေပြဋ္ဌာန်းချက် ရှိရမည်ဟု ဆိုသည်။

“နိုင်ငံရေး အကျဉ်းသားဆိုတဲ့ စကားလုံးနဲ့ ပြစ်မှု၊ ရာဇ၀တ်မှု ဘယ်မှာမှ မရှိဘူး။ ကျွန်တော့်အမြင် ပြောရင် ဘယ်မှာမှ မရှိတဲ့အတွက် ဒီစကားလုံး အဓိပ္ပာယ်ဖွင့်ဖို့ မလိုအပ်ဘူးလို့ ကျွန်တော်ယူဆတယ်” ဟု ၄င်းက ပြောသည်။

သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၃ နှစ်ဆန်းပိုင်းတွင် ဖွဲ့စည်းခဲ့သော လက်ကျန် နိုင်ငံရေးအကျဉ်သား စိစစ်ရေး ကော်မတီတွင် ဦးဥာဏ်ဝင်း သည်  NLD ပါတီ ကိုယ်စားပြုအနေဖြင့် ပါဝင်ခဲ့ပြီး၊ အဆိုပါ ကော်မတီ၏ အဓိက ရည်ရွယ်ချက်ထဲတွင် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ရန်ဆိုသည့် အချက် ပါဝင်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှ ပြည်တွင်းတာဝန်ခံ ဦးအောင်မျိုးကျော်က ပြောကြားသည်။

“အဲဒီအချိန်တုန်းက သူဘာကြောင့် နိုင်ငံရေးအကျဉ်သား အဓိပ္ပာယ် ဖွင့်ဆိုရန် ဆိုတဲ့ ရည်ရွက်ချက်ပါနေတဲ့ ကော်မတီမှ NLD ရဲ့ ကိုယ်စားလှယ် အနေနဲ့ ဘာကြောင့် ၀င်ပါခဲ့သလဲ၊ ကျွန်တော်တို့ ပြန်ပြီးတော့ မေးခွန်းထုတ်စရာ ဖြစ်လာပြီ။ ပြီးတဲ့ အခါကြတော့ NLD လိုမျိုး အင်အားကြီးပါတီတစ်ခုရဲ့ ဗဟိုအလုပ်အမှုဆောင် တစ်ဦီးလည်း ဖြစ်တယ်၊ ပြောရေးဆိုခွင့်ရှိတဲ့ သူတစ်ဦးလည်း ဖြစ်တယ်၊ ဒီလို လူတစ်ဦး အနေနဲ့ ကတော့ သူရဲ့ ပုဂ္ဂိုလ်ရေးအမြင်ကို ပြောတာကြတော့ စကားလုံးအနေနဲ့ သိပ်မသင့်တော်ဘူး ထင်တယ်။ ဦးဥာဏ်ဝင်း ပြောလိုက်တယ်ဆိုရင် NLD က ပြောတယ်လို့ ဖြစ်သွားပြီး။ ဦးဥာဏ်ဝင်း ပြောလိုက်တာဟာ NLD က ပြောတာ ဖြစ်တဲ့အတွက်ကြောင့် NLD က နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုဖို့ အစီစဉ်မရှိဘူး၊ ဖွင့်ဆိုဖို့ မလိုအပ်ဘူးဆိုတဲ့ သဘောမျိုး သွားသက်ရောက်တယ်။ ဒီလိုမျိုး ကိစ္စတွဆိုရင် စဉ်းစဉ်းစားစား ဖြေသင့်တယ်လို့ ထင်တယ်” ဟု ၄င်းက သုံးသပ်ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အကျဉ်းထောင်များထဲတွင် အကျဉ်းကျ ခံနေရသော နိုင်ငံရေးအကျဉ်းသား ၄၁ ဦးရှိပြီး အမှုရင်ဆိုင်နေရသူပေါင်း ၂၀၀ နီးပါးရှိကြောင်း နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) ၏ စာရင်းများအရ သိရသည်။

အောင်ရဲနောင်
Photo - NLD
The Ladies News

No comments:

Post a Comment