Latest News

Friday, June 23, 2017

ကမ္ဘာ့ ချန်ပီယံလုပွဲအတွက် အောင်လအန်ဆန် မြန်မာနိုင်ငံသို့ရောက်ရှိ

ကမ္ဘာ့ ချန်ပီယံလုပွဲအတွက် အောင်လအန်ဆန် မြန်မာနိုင်ငံသို့ရောက်ရှိ

ကချင်တိုင်းရင်းသား MMA ကစားသမား အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ ထိုးသတ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိနေပြီဖြစ်ပြီး ဇွန်(၂၂)ရက်မှစ၍ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အောင်လအန်ဆန်သည် ဇွန်(၃၀)ရက် တွင် ထိုးသတ်ရမည့် MMA ပြိုင်ပွဲအတွက် ကြိုတင်လာရောက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့၌ လေ့ကျင့်ပြင်ဆင်ချိန် တစ်ပတ်ကျော်ရရှိမည် ဖြစ်သည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကို တစ်ကျော့ပြန်ထိုးသတ်ခြင်းဖြစ်ပြီး ပထမအကြိမ်ထိုးသတ်ခဲ့သည့် ကမ္ဘာ့ချန်ပီယံလုပွဲတွင် ရှုံးနိမ့်ခဲ့သည့် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့် ပြန်လည်ထိုးသတ်မည်ဖြစ်သည်။ အောင်လ အန် ဆန်သည် ဇန်န၀ါရီလက ထိုးသတ်ခဲ့သည့် ပထမအကြိမ် ကမ္ဘာ့ချန်ပီယံလုပွဲတွင် ဘစ်ဒက်ရှ်အား ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း စိတ်မကျေပွဲ ပြန်လည်ထိုးသတ်ရန် အချိန်ယူပြင်ဆင်ခဲ့ပြီး (၅)လကျော်အကြာတွင် ဒုတိယအကြိမ် ထိုးသတ်ခြင်းဖြစ်သည်။ အောင်လ အန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်ရန် ကြိုးပမ်းနေသူဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းတွင် ဘစ်ဒက်ရှ်နှင့် ထိုးသတ်မည့် ပြိုင်ဘက်ကစားသမား နုတ်ထွက်သွားခဲ့သောကြောင့် အစားထိုး ၀င်ရောက်ထိုးသတ်ခဲ့သော်လည်း အဆင်သင့် မဖြစ်သေးသော ကြောင့် လက်စွမ်းပြနိုင်ခြင်း မရှိဘဲ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ အောင်လအန်ဆန်နှင် ဘစ်ဒက်ရှ်တို့ ထိုးသတ်မည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ အပါအ၀င် MMA ပြိုင်ပွဲကို ဇွန်(၃၀)ရက်၊ ည(၇)နာရီတွင် အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ပြီး တွဲဆိုင်း(၁၁) ပွဲ ပါဝင်မည်ဖြစ်သည်။

■ ထည့်သွင်းကျင်းပမည့်တွဲဆိုင်းများ

(မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲ)

ဘစ်ဒက်ရှ်(ရုရှား) - အောင်လအန်ဆန်(မြန်မာ)

(ဖလိုင်းဝိတ်ပြိုင်ပွဲ)

စောမင်းမင်း - ထွန်းလွင်မိုး

ရဲသွေးနီ - ပက်ကျော်လင်းအောင်

■ (အခြားတွဲဆိုင်းများ)

ဂျင်နီဟောင်(ထိုင်ဝမ်) - ယာမာဂူချီ(ဂျပန်)

စောရန်ပိုင် - စောဘဦး

ရှောင်ကျန်ယာ(တရုတ်) - ကီဗင်ချောင်(တ/ကိုရီးယား)

သပြေညို - ထက်အောင်ဦး

ဘရူနိုပူချီ(ဘရာဇီးလ်) - ဂျင်မီယာဘို(ဖိလစ်ပိုင်)

ရွှေကျောင်းသား - ရဲရင့်သွေး

■ (ရိုးရာလက်ဝှေ့ တွဲဆိုင်း)

စိုးထက်ဦး - သွေးသစ်ဝင်းလှိုင်

Eleven Media Group

No comments:

Post a Comment