Latest News

Thursday, June 29, 2017

ဖိလစ်ပိုင်ရှိ အိုင်အက်စ် အဆက်အနွှယ်များ သိမ်းယူခဲ့သည့် မြို့ထဲတွင် ခေါင်းဖြတ်ခံထားရသည့် အလောင်းများ ရှာတွေ့

ဖိလစ်ပိုင်ရှိ အိုင်အက်စ် အဆက်အနွှယ်များ သိမ်းယူခဲ့သည့် မြို့ထဲတွင် ခေါင်းဖြတ်ခံထားရသည့် အလောင်းများ ရှာတွေ့

အိုင်အက်စ်
အဆက်အနွှယ် စစ်သွေးကြွများ သိမ်းပိုက်ထားခဲ့သည့် မြို့ထဲတွင် ခေါင်းဖြတ်ခံထားရသော ရုပ်အလောင်းများ ရှာတွေ့ခဲ့ကြောင်း ဖိလစ်ပိုင် စစ်တပ်က ကြေညာခဲ့သည်။

ပြီးခဲ့သည့်လက အိုင်အက်စ် သစ္စာတော်ခံ မော်တေး ပြောက်ကျား သူပုန်များသည် ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအို ကျွန်းပေါ်ရှိ မာရာဝီမြို့ကို သိမ်းယူထားလိုက်သည်။ ဖိလစ်ပိုင် စစ်တပ်သည် မြို့ကို ပြန်လည်ရရှိရန် အစွမ်းကုန် ထိုးစစ်ဆင် တိုက်ခိုက်နေသော်လည်း မြို့အစိတ်အပိုင်း အချို့မှာ စစ်သွေးကြွများ လက်ထဲတွင် ရှိနေဆဲ ဖြစ်သည်။

ယခု သီတင်းပတ်တွင်မူ မြို့ထဲ၌ ဦးခေါင်းဖြတ်၍ ကွပ်မျက်ခြင်း ခံထားရသော အရပ်သား ငါးဦး၏ အလောင်းများကို ရှာတွေ့ခဲ့ကြောင်း ဖိလစ်ပိုင် စစ်တပ်က အတည်ပြုခဲ့သည်။ မာရာဝီမြို့ အစိတ်အပိုင်း အများအပြားကို စစ်တပ်က သိမ်းယူရရှိလာလေလေ၊ အိုင်အက်စ် အဆက်အနွှယ်များကြောင့် သေဆုံးခဲ့သည့် အရပ်သား အရေအတွက်ကို အတည်ပြုနိုင်သော ကိန်းဂဏန်း မြင့်တက်လာလေလေဟု သိရသည်။

အလောင်း ၁၇ လောင်း ရှာတွေ့သည့်အနက် ၅ ဦးမှာ ခေါင်းဖြတ်သတ်ခံရခြင်း ဖြစ်ကြောင်း၊ မာရာဝီမြို့ကို မော်တေး သူပုန်များ သိမ်းယူထားချိန်တွင် ပိတ်မိနေသည့် အရပ်သားများအပေါ် လူမဆန်သည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် စွပ်စွဲမှုများနှင့် ပတ်သက်၍ ခိုင်မာသည့် အထောက်အထားများဖြစ်ကြောင်း ဖိလစ်ပိုင် စစ်တပ်၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

အသတ်ခံရသူများသည် မာရာဝီတွင် နေထိုင်သည့် လူနည်းစု ခရစ်ယာန် ဘာသာဝင်များ ဖြစ်ဖွယ် ရှိသည်။ ဖိလစ်ပိုင်တွင် ရိုမန်ကက်သလစ် ခရစ်ယာန် အများစု နေထိုင်သော်လည်း နိုင်ငံတောင်ပိုင်းတွင်မူ မွတ်ဆလင် အရေအတွက်က ပိုမိုထူထပ် များပြားသည်။

မာရာဝီမြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လူပေါင်း နှစ်သိန်းခွဲမျှ မြို့ကို စွန့်ခွာ ထွက်ပြေးကြရသည်။ ဖိလစ်ပိုင် စစ်တပ်က စစ်သွေးကြွ သုံးရာမျှကို ရှင်းလင်း သုတ်သင်ပြီး ဖြစ်သည့်တိုင် မြို့ထဲတွင် မော်တေး သူပုန်များ ရာဂဏန်းမျှ ဆက်လက် ခိုအောင်း လှုပ်ရှားနေဆဲဟု ယုံကြည်ရကြောင်း ကြေညာထားသည်။

Ref: Guardian

7Day News

No comments:

Post a Comment