Latest News

Sunday, June 25, 2017

သူရဦးတင်ဦး ဆေးရုံဆင်းခွင့် ပြု၊ မပြု သမားတော် ၁၅ ဦး ဆုံးဖြတ်မည်

သူရဦးတင်ဦး ဆေးရုံဆင်းခွင့် ပြု၊ မပြု သမားတော် ၁၅ ဦး ဆုံးဖြတ်မည်

ကျန်းမာရေးကောင်းမွန်လာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နာယက သူရဦးတင်ဦးကို ဇွန်လ နောက်ဆုံးပတ်တွင် ဆေးရုံဆင်းခွင့် ပြု၊ မပြုကို ဆေးဝါးကုသပေးနေသည့် သမားတော်ကြီး ၁၅ ဦးက ယခုပတ်အတွင်း အတည်ပြု ဆုံးဖြတ်မည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။

“ကုသရေး သမားတော်ကြီးတွေနဲ့ ဆေးစစ်မှုတွေ လုပ်ပြီးတော့မှ ဆင်းသင့်၊ မဆင်းသင့် အစည်းအဝေး လုပ်မယ်။ ဒီအပတ် အထဲမှာ သတင်း ထုတ်ပြန်ပေးမယ်။ လူကောင်းတစ်ယောက်လို ဖြစ်လာဖို့က နောက်ဆက်တွဲ ကျန်းမာရေး စောင့်ရှောက်မှု အများကြီး လုပ်ရဦးမှာပါ”ဟု ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ဆိုသည်။

သူရ ဦးတင်ဦးသည် ဇွန်လ ၂၅ ရက်အထိ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး စကားပြောဆိုမှု အနည်းငယ် ပီသလာခြင်း နှင့် ညာဘက်လက် လှုပ်ရှားလာခြင်း စသော အခြေအနေအချို့မှာ တိုးတက်လာသော်လည်း ကိုယ်တစ်ခြမ်း လေဖြတ်ခဲ့ရာတွင် အဓိက ခံစားခဲ့ရသော ညာခြေထောက်မှာမူ မလှုပ်ရှားနိုင်သေးကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။

ဦးနှောက်သွေးကြောပိတ်၍ ကိုယ် တစ်ခြမ်း လေဖြတ်ရောဂါ ခံစားခဲ့ရသော ဦးတင်ဦးသည် စိုးရိမ်ရသည့် အခြေအနေ လုံးဝ မရှိသော်လည်း ၎င်းကို စကားပြောခြင်းနှင့် လမ်းလျှောက် လေ့ကျင့်ခန်းများ နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိပြီး ဆေးရုံ ဆင်းခွင့် ရရှိပါကလည်း နေအိမ်အထိ ကျန်းမာရေး ဝန်ထမ်းများ လိုက်ပါ စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း ယနေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ သူရဦးတင်ဦးထံ သွားရောက် ကြည့်ရှုခဲ့သော ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။

ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် သမားတော်ကြီး ၁၅ ဦး က နေ့စဉ် ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိပြီး ဆေးရုံ တက်ရောက်မှု ၃၉ ရက်တာ ကာလအတွင်း အသက် ၉၁ နှစ်ရှိ သူရဦးတင်ဦးမှာ အထက်ပါအတိုင်း ကျန်းမာရေး အဆင့်ဆင့် တိုးတက်လာခြင်းဖြစ်သည်။

သူရဦးတင်ဦးသည် မေလ ၁၇ ရက်၊ ည ၁၂ နာရီက နေအိမ်ရေချိုးခန်းတွင် ချော်လဲ၍ သတိလစ်ခဲ့သောကြောင့် ရွှေဂုံတိုင် SSC ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ပြီး ထိုမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ရခြင်းဖြစ်သည်။
The Voice

No comments:

Post a Comment