Latest News

Sunday, June 25, 2017

မအေးသောင်း ဥပမာ

မအေးသောင်း ဥပမာ

အခုတလော လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ခေတ်စားနေသူက မအေးသောင်း ဆိုရင် ဘယ်သူ့မှ ငြင်းနိုင်လိမ့်မယ် မထင်ပါဘူး။

Facebook User Name မှာ မအေးသောင်း ဆိုတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်း ဟာ ပြောရရင် သရုပ်ဆောင်လောကမှာ နာမည်အတော်အတန်ရထားတဲ့သူပါ။

ဒါပေမယ့် အရမ်းနာမည်ကြီးတဲ့ သရုပ်ဆောင်တစ်ယောက်တော့မဟုတ်ပါဘူး။

လက်ရှိအချိန်မှာတော့ မအေးသောင်း တစ်ယောက် လူမှုကွန်ရက်စာမျက်နှာထက်မှာ နေရာတော်တော်များများကို သိမ်းပိုက်ထားလိုက်နိုင်ပါပြီ။

ဒီနေရာမှာ ကျွန်တော် စဉ်းစားမိတာတစ်ခု လူမှုကွန်ရက်စာမျက်နှာမှာ မအေးသောင်း မတိုင်မီ အေးမြတ်သူတို့၊ လုလုအောင်တို့က မအေးသောင်းလိုပဲ ဆိုရှယ်မီဒီယာထက်မှာ နာမည်အရမ်းဟော့ခဲ့ကြပါတယ်။

အခုအခါမှာတော့ အေးမြတ်သူတို့ လုလုအောင်တို့ထက် မအေးသောင်းက ဖေ့ဘုတ်ခ် သုံးစွဲသူ တော်တော်များများရဲ့ စာမျက်နှာထက်မှာ ပိုပြီး ဟော့လာတာကို တွေ့ရပါတယ်။

ဒီနေ့ပဲ ပို့စ်တစ်ကို ဖတ်လိုက်ရတယ်။ မအေးသောင်းက YBS ယာဉ်နောက်လိုက်တစ်ယောက်ကို သူငယ်ချင်းဖြစ်ဖို့ သွားအပ်လိုက်တဲ့အတွက် အဲဒီ ယာဉ်နောက်လိုက်လေးက သူပျော်တဲ့အကြောင်းကို ရေးတင်ထားတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မအေးသောင်းအကြောင်း ရေးထားတဲ့ ကဗျာတစ်ပိုဒ်ကို ဖတ်လိုက်ရပါသေးတယ်။

ဒီကဗျာက နေ့ချင်းညချင်းဆိုသလို ရှယ်တဲ့သူတွေ များခဲ့ပြီး နောက်ဆုံး မအေးသောင်းကိုယ်တိုင် သူ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရှယ်ထားတာကို တွေ့လိုက်ရပါတယ်။

နောက်ပြီး မအေးသောင်းကိုယ်တိုင်ကလည်း သူပို့စ်တွေမှာ လာပြီး မှတ်ချက်ပေးတဲ့ စာတွေကို တလေးတစားဖတ်တဲ့အတွက် သူ့အပေါ်မှာ ဖေ့ဘုတ်ခ်သုံးစွဲသူတွေက အလေးထား ဆက်ဆံလာတာပဲ ဖြစ်ပါတယ်။

တကယ်တော့ မအေးသောင်းဆိုတာ နိုင်ငံအတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပါဘူး။ နိုင်ငံရဲ့ အဓိက ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်ပေးတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။

ဒါပေမယ့် မအေးသောင်းက ပြည်သူချစ်တဲ့ သရုပ်ဆောင် အနုပညာရှင် တစ်ယောက်ပါ။ ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အပေါ်မှာ မအေးသောင်းက မာန်မာန မရှိဘဲ ပြည်သူတွေနဲ့အတူ တစ်သွေးတည်းတစ်သားတည်းရှိတဲ့အတွက် ပြည်သူတွေရဲ့ မေတ္တာတရားကို သူပြန်ရနေတယ်လို့ပဲ မြင်မိပါတယ်။

သူ့ရဲ့ အနုပညာကို အားပေးလို့ပဲဖြစ်ဖြစ်၊ သူ့ကို ချစ်လို့ပဲ ဖြစ်ဖြစ် ဒီအချိန်မှာတော့ မအေးသောင်းနဲ့ သူ့ပရိသတ်တွေ အပေးအယူမျှပြီး ချစ်ချစ်ခင်ခင်နဲ့ နေနေတာကို မြင်တော့ ကျွန်တော့်မှာ အတွေးတစ်ခုဝင်လာပါတယ်။

လက်ရှိ ဒီချုပ်အစိုးရဆိုတာ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေက တစ်ခဲနက် မဲပေးခဲ့ကြတဲ့အတွက် သောင်ပြိုကမ်းပြိုနိုင်ပြီး အစိုးရဖြစ်လာတာပါ။

စစ်အာဏာရှင်အဆက်ဆက် နှစ်ပေါင်း ၂၀ ကျော်လုံးလုံး ပြည်သူနဲ့အတူ တစ်သားတည်းရှိခဲ့တဲ့အတွက် ခေတ်အဆက်ဆက်ပြည်သူတွေက တစ်ခဲနက် အားပေးထောက်ခံခဲ့ကြပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်သူတွေက ကိုယ့်တာဝန်ကိုယ်ကျေပြွန်စွာနဲ့ အသည်းကြားက မဲတစ်ပြားကို ပုံအောထည့်ခဲ့ကြပါတယ်။

လက်ရှိ ဒီချုပ်အစိုးရ သက်တမ်း တစ်နှစ်ကျော်ချိန်မှာတော့ တစ်ချို့ကိစ္စတွေမှာ ပြည်သူနဲ့ အမြင်မတူတာတွေ ရှိခဲ့သလို ပြည်သူနဲ့ အလှမ်းကွာဝေးလာသလိုလည်း ခံစားနေကြရပါတယ်။

အဲဒီ အကျိုးရလာဒ်ကတော့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ ဒီချုပ်ပါတီက ကိုယ်စားလှယ်တွေ ရှုံးခဲ့ကြပါတယ်။

အထိအနာဆုံးကတော့ မွန်ပြည်နယ် ချောင်းဆုံမဲဆန္ဒနယ်မှာ တိုင်းရင်းသားပါတီလည်း မနိုင်၊ ဒီချုပ်ပါတီလည်း မနိုင်ဘဲ ကြားကနေ ပြည်ခိုင်ဖြိုးပါတီက နိုင်တာသွားကို ကြည့်ရင် သိနိုင်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ဇွန် ၂၄ ရက်က ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ ပထမဗဟိုကော်မတီ၊ သတ္တမအကြိမ်အစည်းအဝေးမှာ သတိပေးပြောကြားခဲ့ပါတယ်။

ဒါကြောင့် ဒီချုပ်အစိုးရအနေနဲ့ မအေးသောင်း ဥပမာကို ယူပြီး ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ ဒီချုပ်ပါတီအပေါ်မှာ ချစ်ခင်နှစ်သက်အားပေးခဲ့ကြတဲ့ ပြည်သူတွေနဲ့အတူ ရင်ချင်းအပ်၊ ကျောချင်းကပ်ပြီး အတူတကွ ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် လျှောက်လှမ်းနိုင်မှသာ ၂၀၂၀ ရွေးကောက်ပွဲ ခရီးလမ်းဟာ သာယာဖြောင့်ဖြူးပြီး လိုချင်တဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ဒီလိုမှမဟုတ်ဘဲ ပြည်သူတွေနဲ့ တဖြည်းဖြည်း ဝေးဝေးသွားခဲ့ရင်တော့ ဖျာဝင်ခင်းမယ့် သူတွေ အကြိုက်ဖြစ်သွားပါလိမ့်မယ်။

ဒါကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့တဲ့ "ပြည်သူနဲ့ အတူ" ဆိုတာကို ဒီချုပ်အစိုးရအနေနဲ့ ဆောင်ပုဒ်အနေနဲ့ မဟုတ်ဘဲ လက်တွေ့ကျကျ လုပ်ဆောင်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

ဇွန် ၂၅ ရက်၊ ၂၀၁၇

Credit - Sanmoe Tun

No comments:

Post a Comment