Latest News

Monday, May 29, 2017

နောက် ၁၂ နာရီအတွင်း မုန်တိုင်း ပိုအားကောင်းလာနိုင်

နောက် ၁၂ နာရီအတွင်း မုန်တိုင်း ပိုအားကောင်းလာနိုင်

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုရာဟာ နောက် ၁၂ နာရီ အတွင်းမှာ ပိုအားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိမှာဖြစ်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဘက်ကို မုန်တိုင်းတိုက်ရိုက်မ၀င်ပေမယ့် ရခိုင်ကမ်းရိုးတန်းဒေသဟာ မုန်တိုင်းအ၀န်း အ၀ိုင်းထဲမှာ ရောက်နေတာကြောင့် ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်းတောမြို့တွေ ကတော့ အထူးသတိထားရမယ်လို့ မိုးလေ၀သနဲ့ဇလဗေဒညွန်ကြားမှု ဦးစီးဌာန ဒုတိယညွန်ကြားရေး မှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

"ဒီမုန်တိုင်းရဲ့ အ၀န်းဝိုင်းထဲမှာ ကျတာက ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေမို့လို့ စစ်တွေတို့၊ ဘူးသီးတောင်တို့ မောင်းတောတို့ ဒီဒေသတွေက သတိထားရမယ့်နေရာတွေပါ၊ မုန်တိုင်းကြောင့် ရွာတဲ့မိုးကြောင့် မိုးကြီးတာမို့လို့ စောနကပြောတဲ့ မြေပြိုမှုတွေဟာ ရခိုင်မြောက်ပိုင်းမှာရှိတဲ့ တောင်ကုန်းတောင်တန်းဒေသတွေရယ်၊ ချင်းပြည်နယ်၊ နောက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ တောင်ကုန်းတောင်တန်းတွေရယ် ၊ အဓိကကတော့ သက်နုတောင်တန်းတွေမှာ မြေပြိုမှုအန္တရာယ်တွေအတွက်ကို စိုးရိမ်ရပါတယ်"

အဲဒီ ဆိုင်ကလုန်းမုန်တိုင်း မိုရာဟာ နောက် ၁၂ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်ကမ်းခြေ၊ စစ်တကောင်းမြို့နားကို ဖြတ်ကျော်ဝင်ရောက်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ လေတိုက်နှုန်းဟာ တစ်နာရီကို ၄၅ မိုင်ကနေ ၅၅ မိုင်အထိ ရှိနိုင်ပြီး ကမ်းလွန်ပင်လယ်မှာလည်း လှိုင်းအမြင့်ဟာ ၁၅ ပေကနေ ပေ ၂၀ အထိ ရှိနိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်ကလည်း ခန့်မှန်းထားပါတယ်။

ဒါ့အပြင် မုန်တိုင်းရဲ့အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်၊ မွန်၊ ရှမ်းနဲ့ ကယားပြည်နယ်တွေမှာ မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးတာ၊ နေရာကွက်ပြီးမိုးကြီးတာနဲ့ လေပြင်းတိုက်တာတွေဖြစ်ပေါ်နိုင်ပါတယ်။

မုန်တိုင်းကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်တွေမှာ မိုးသက်လေပြင်း တွေကျပြီး လှိုင်းကြီးနိုင်တယ်လို့လည်း မိုးဇလရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Photo: Tun Lwin/ Facebook
RFA

No comments:

Post a Comment