Latest News

Tuesday, April 25, 2017

သုံးလသား YBS ရဲ့ ရှေ့ခရီး အဆင်ပြေလုနီးပြီလား

သုံးလသား YBS ရဲ့ ရှေ့ခရီး အဆင်ပြေလုနီးပြီလား

ယခုရက်ပိုင်းထုတ် သတင်းစာတွေမှာ နေရာပြန်ယူလာတဲ့ ကိစ္စတစ်ခုကတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၂၅ ယောက်က ပြန်လည် ဆွေးနွေးကြမယ့် ရန်ကုန်မြို့က မြို့သူမြို့သား အခြေခံလူတန်းစားတွေ အဓိက အားထားနေရတဲ့ YBS စနစ်အကြောင်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ရဲ့ နှစ်ဆန်းကာလ ဇန်နဝါရီလ ၁၆ ရက်နေ့က စခဲ့တဲ့သူ့ရဲ့ သက်တမ်းဟာ အခုဆိုရင် ၃ လတာ ကာလကို ချင်းနင်းဝင်ရောက်လာခဲ့ပြီပဲ ဖြစ်ပေမယ့်လည်း သူ့အနေနဲ့ အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်ခဲ့နိုင်တာမျိုး မဟုတ်ဘဲ ဒီကာလအတွင်းမှာ ပြဿနာ ပေါင်းစုံကို ဒိုင်ခံဖြေရှင်းရင်းနဲ့သာ ချီတက်ခဲ့ရတဲ့ အခြေအနေပါ။

သူ့အနေနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော်ကတည်းက အခြေတည်လာခဲ့ပြီး အနည်ထိုင်နေတဲ့ မော်တော်ယာဉ်လိုင်းပေါင်းစုံ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ (မထသ) ကနေ ရန်ကုန်မြို့တွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်သစ် YBS (Yangon Bus Service) ကို ပြောင်းလဲခဲ့တဲ့နေရာမှာ အလွယ်တကူနဲ့တော့ အဆင်မပြေနိုင်ဘူး။ အခက်အခဲပေါင်းစုံ၊ ပြဿနာ ပေါင်းစုံကို တွေ့ကြုံရနိုင်တယ်လို့ ကြိုတင် ခန့်မှန်းခဲ့မိမှာပါပဲ။ ဒါပေမဲ့လည်း မည်သို့ပင်ဖြစ်ဖြစ် ပြောင်းလဲမှုကိုသာ မြန်မြန်လုပ်မယ်၊ တွေ့ကြုံရတဲ့ အခက်အခဲ အကျပ်အတည်းတွေကိုတော့ဖြင့် မရမက ဖြတ်ကျော်ပြီး ရအောင် ပြောင်းလဲရမယ်လို့တော့ စဉ်းစားထားခဲ့ပုံ ပေါ်ပါတယ်။ ဒါပေမဲ့လည်း ဖြစ်ပေါ်လာတဲ့ အခက်အခဲမျိုးစုံကို စနစ်တကျဖြေရှင်း နိုင်တာမျိုး မရှိခဲ့ဘဲ စီမံခန့်ခွဲမှု အရမ်း ညံ့ဖျင်းကြတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ပြည်သူတွေထံက ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ စနစ်သာ ပြောင်းလဲသွားပေမယ့် ယခင်ကရှိခဲ့တဲ့ ယာဉ်အိုယာဉ်ဟောင်းတွေ၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကတော့ မပြောင်းလဲသေးဘူးဆိုတဲ့ အသံတွေလည်း ဆက်လက် ထွက်ပေါ်လာနေခဲ့ပါတယ်။ ဘတ်စ်ကား စီးနင်းတဲ့ အများပြည်သူများမှာတော့ ယနေ့အချိန်အထိ ဘတ်စ်ကား အရေအတွက် နည်းပါးနေခဲ့ခြင်းနဲ့ အချို့ ယာဉ်နောက်လိုက်များရဲ့ စည်းကမ်း ချိုးဖောက်မှုတွေကို ရင်ဆိုင်နေရဆဲဖြစ်ပြီး ထိုကိစ္စတွေအပေါ် တာဝန်ရှိသူတွေ အနေနဲ့ ယနေ့အထိ နိုင်နိုင်နင်းနင်း ထိန်းချုပ် ကိုင်တွယ်နိုင်မှု မရှိသေးဘဲ အဆိုပါ အခက်အခဲတွေကို ရင်ဆိုင်နေကြရဆဲ ဖြစ်တယ်လို့လည်း လူမှုကွန်ရက် စာမျက်နှာတွေမှာ တွေ့နေ မြင်နေကြားနေရဆဲပါ။

ဒီအပေါ် အများပြည်သူတွေ အားလုံးလိုလိုရဲ့ အမြင်မှာတော့ မထသကနေ YBS စနစ်သစ်ကို ပြောင်းလဲသော်လည်း ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေနဲ့ ဒီယာဉ်လိုင်းတွေအပေါ် စီမံခန့်ခွဲနေတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ အနေနဲ့ကတော့ လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲနိုင်ခဲ့ခြင်း မရှိသေးဘူးဆိုတဲ့ ဝေဖန်ချက်တွေလည်း အခုရက်ပိုင်းတွေမှာ ကျယ်ကျယ်လောင်လောင် ပြန်လည် ပေါ်ထွက်လာနေခဲ့တာပါ။ ဒီလို ပေါ်ထွက်လာနေကြတဲ့ အချိန်အခါနဲ့ တိုက်ဆိုင်စွာပဲ ဧပြီလဆန်းရောက်လို့ သင်္ကြန်ကာလ နီးလာချိန်မှာတော့ YBS အတွက် စိန်ခေါ်လာတဲ့ ထိုးနှက်ချက်တစ်ခုက ကျရောက်လာခဲ့ပါတော့တယ်။ ဒါကတော့ ဧပြီလ ၅ ရက်မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး ၆ ရက်မြောက်နေ့မှာ အင်းစိန်မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးဝေဖြိုးဟန် တင်သွင်းသွားတဲ့ သူနဲ့ပတ်သက်တဲ့အဆိုပဲ ဖြစ်ပါတယ်။ ဒီအဆိုကတော့ “ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးစီးလုပ်ကိုင်တဲ့ YBS ဘတ်စ်ကားစနစ်ကို အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် ပြည်သူလူထုကို ချပြရန် အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း” အဆိုပဲဖြစ်ပါတယ်။

ဒီအဆို တင်သွင်းရခြင်းနဲ့ ပတ်သက်လို့ ဘာကြောင့်လဲဆိုတဲ့ အဖြေကို မေးကြည့်တဲ့နေရာမှာ “ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေးက မှန်းထားတာထက်တော့ မကောင်းလာကြောင်း၊ အဲ့တော့ ပြည်သူဘက်က ရပ်တည်ကာ ပြည်သူတွေရဲ့အသံ နားထောင်ပြီး ဒီအဆိုကို တင်တာဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ ရန်ကုန်တိုင်းအတွင်း၌ YBS စနစ် စတင် ပြောင်းလဲခဲ့သည်မှာ သုံးလပြည့်ခါနီးအချိန် ရောက်ရှိနေပြီး ဖြစ်ပေမယ့် သိသာထင်ရှားတဲ့ ရလဒ်မျိုး ထွက်ပေါ်လာခြင်း မရှိသေးကြောင်း၊ အဆိုပါစနစ် ပြောင်းလဲရာတွင် အစိုးရအနေနဲ့ လုံလောက်တဲ့ အချိန်ကာလ အသုံးပြုခဲ့ခြင်း မရှိကြောင်း၊ အခုက ပြိုင်မောင်းနေကြတုန်း၊ ခရီးသည်တွေကို ဆက်ဆံတာကလည်း YBS လို့သာ ပြောတာ မထသအတိုင်းပဲ ဖြစ်နေသေးကြောင်း၊ YBS ဆိုသည်မှာ မိတ်ကပ်လေး ခဏလိမ်းထားတာ ဖြစ်ပြီး တစ်လ  နှစ်လကြာတော့ မိတ်ကပ်တွေ ကွာကျပြီးတော့ မထသရုပ် ပြန်ပေါက်လာတာပင်ဖြစ်ကြောင်း” အဆိုတင်သွင်းသူ ဦးဝေဖြိုးဟန်က လွှတ်တော်အပြီး မီဒီယာများ၏မေးမြန်းမှုကို ပြန်လည် ဖြေဆိုခဲ့တာကိုလည်း ကြားခဲ့ရပါသေးတယ်။ ဒီနေရာမှာ ထူးခြားတဲ့ အခြေအနေတစ်ခုကတော့ ယင်းသို့ အဆိုတင်သွင်းခဲ့ခြင်းနှင့် ပတ်သက်ပြီး လက်ခံကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော်မှာ ထောက်ခံပြောဆိုခဲ့တဲ့ကိစ္စပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ YBS စနစ်ပြောင်းလဲမှုဟာ သုံးလနီးနီး ကြာမြင့်လာပြီဖြစ်သော်လည်း ခရီးသွား ပြည်သူအများစု အသုံးပြုတဲ့ ရုံးဆင်းရုံးတက်ချိန်များမှာတော့ မှတ်တိုင်များမှာ ဘတ်စ်ကားတွေကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေကြရဆဲဖြစ်ပြီး နေရာတိုင်းလိုလိုမှာ စည်းကမ်းဖောက်ဖျက်မှုတွေ တစ်စတစ်စ ပိုမိုဖြစ်ပွားလို့ ယခင်စနစ်ဟောင်းဖြစ်တဲ့ မထသဘက်ကို ပြန်လည် ကူးပြောင်းလာတယ်လို့လည်း ပြည်သူအများက ဆိုနေကြပြန်ပါတယ်။ YBS ကို လက်ရှိစနစ်ထက် ကောင်းမွန်တဲ့စနစ် ဖြစ်စေဖို့အတွက် လွှတ်တော်ကိုယ်စားလှယ် ၂၅ ယောက်ကျော်က လွှတ်တော် ကျင်းပတဲ့အချိန်မှာ ဝိုင်းဝန်း ဆွေးနွေး အကြံဉာဏ်ပေးသွားမှာ ဖြစ်တယ်လို့ သတင်းတွေမှာ တွေ့မြင်နေရပါတယ်။

ရန်ကုန်မြို့နေ လူထုအနေနဲ့လည်း နေ့စဉ် နိစ္စဓူဝ သူတို့ဖြတ်သန်းကြရမယ့် သွားရေးလာရေး ကိစ္စတွေအတွက် အခက်အခဲမျိုးစုံကြားက တွေးပူနေကြချိန်နဲ့ တိုက်ဆိုင်စွာ ဆိုသလို လွှတ်တော်အတွင်းမှာလည်း အစိုးရကို တိုက်တွန်းတဲ့ ဒီလိုအဆိုကို အချိန်ကိုက် တင်သွင်းလာခဲ့တာကို တွေ့ရှိကြရမှာပါ။ ဒီအတွက်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့လည်း သူ ဦးစီးဦးဆောင်ပြုလို့ ပြောင်းလဲမှုကို ဆောင်ရွက်ခဲ့တဲ့ သူ့ရဲ့သုံးလသား YBS စနစ်ဟာ အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်ပါ့မလား ဆိုတာကိုလည်း တွေးပူလာခဲ့ရပုံ ပေါ်ခဲ့ပါတယ်။ ဒီအတွက်လည်း ကြိုတင်ပြင်ဆင်မှု လုပ်ငန်းတွေအနေနဲ့ အချို့ယာဉ်တွေအပေါ်မှာ CCTV တွေ စတင် တပ်ဆင်တာတွေနဲ့ ကားအစီးရေ ထပ်မံ ဖြည့်တင်းခြင်းတွေကို ပြုလုပ်နေတာကို မြင်နေရပြီး ယခင်က သူပြောထားခဲ့သလို YBS စနစ်အတွက် ကားသစ်များကိုလည်း အရစ်ကျ ဝယ်ယူဖြည့်တင်းနေတာကိုလည်း မြင်နေရပါတယ်။

ဒါ့အပြင် မကြာမီက ပြီးစီးခဲ့တဲ့ သင်္ကြန်ကာလ အတွက်လည်း သင်္ကြန်ရက်အတွင်းမှာ ခရီးသွားပြည်သူတွေ သွားရေးလာရေး အခက်အခဲ မရှိအောင် သူ စီစဉ်ခဲ့ရကြောင်း၊ သင်္ကြန်ကာလအတွင်းမှာ ယာဉ်ခ ပိုမိုကောက်ခံတဲ့အတွက် တိုင်ကြားတဲ့အခါ အရေးယူမှာဖြစ်ကြောင်း၊ YBS ယာဉ်လိုင်း အတွင်းမှာ သတ်မှတ်ထားတဲ့ ယာဉ်လိုင်းတွေ၊ သတ်မှတ်ထားတဲ့အချိန်နဲ့ ကားအစီးရေကို အလှည့်နဲ့ ပြေးဆွဲပေးသွားနိုင်ဖို့အတွက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အစိုးရဘက်ကနေ လိုက်နာ ကျင့်သုံးနိုင်ဖို့အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ထိန်းသွားမှာဖြစ်ကြောင်း၊ ဥပဒေကို လိုက်နာတတ်တဲ့ ဓလေ့ဖြစ်ဖို့အတွက် ယာဉ်လိုင်းတွေ၊ မောင်းတဲ့သူတွေ၊ ယာဉ်ပိုင်ရှင်တွေ၊ အဝေးပြေးယာဉ်လိုင်း ပြေးဆွဲနေတဲ့သူတွေ အားလုံး လိုက်နာကြဖို့လိုကြောင်း၊ လိုက်နာမှု မရှိရင်တော့ ဥပဒေနဲ့အညီ ထိန်းညှိပေးသွားမှာဖြစ်ကြောင်း၊ ခရီးသွားပြည်သူတွေ အဆင်ပြေနိုင်ဖို့အတွက် ယာဉ်အစီးရေတွေကို တိုးမြှင့်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း စသည်တို့ကို ပြောကြားခဲ့တာနဲ့အညီ သင်္ကြန်ကာလအပြီးမှာ ယာဉ်ခ ပိုတောင်းခံတဲ့ ယာဉ်လိုင်းတွေနဲ့ သတ်မှတ်စည်းကမ်း မလိုက်နာတဲ့ ယာဉ်လိုင်းတွေကို အရေးယူတဲ့ သတင်းတွေလည်း ဖတ်ခဲ့ရပါတယ်။

ဦးဖြိုးမင်းသိန်းအနေနဲ့လည်း YBS စနစ်ကို ၃ လ တစ်ကြိမ် အဆင့်မြှင့်တင်မှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဈေးနှုန်းများကိုလည်း အသက်သာဆုံးဖြစ်အောင် စီစဉ်ထားကြောင်း ယခင် YBS စနစ်ကို စတင်ပြောင်းလဲစဉ်ကာလက ပြောထားတာနဲ့အညီ ဧပြီလ ၇ ရက်နေ့မှာတော့ YBS ယာဉ်လိုင်းများရဲ့ ပုံသေကောက်ခံရမည့် နှုန်းထားအသစ်များအတိုင်း ပြေးဆွဲပေးနေပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် YBS အတွက် ယာဉ်အသစ်တွေလည်း ထပ်မံ ရောက်ရှိလာပြီး လာမယ့်လေးလအတွင်းမှာ ယာဉ်အစီးရေရဲ့ လေးပုံတစ်ပုံကို လဲလှယ်ပြီး ပြေးဆွဲသွားမယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရပါပြီ။

ဒီအတွက် ကောက်ချက်ဆွဲကြည့်လိုက်မယ်ဆိုရင်တော့ ပြီးဆုံးခဲ့တဲ့ သင်္ကြန်ကာလနဲ့ တိုက်ဆိုင်စွာ ပေါ်ပေါက်တင်သွင်းလာတဲ့ YBS နဲ့ပတ်သက်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အဆိုအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ယခင့်ယခင်ကလို သွေးအေးနေလို့ ရကြတော့မယ့်အချိန် မဟုတ်လောက်တော့ပါဘူး။ သူ့အနေနဲ့ သူ့ရဲ့ ကိုယ်ပွားလို့ပဲဆိုဆို၊ သူ မအောင်မြင်ရင် သူတို့ မအောင်မြင်သလို ဖြစ်ရမယ်ပဲပြောပြော ပြောလို့ရနိုင်မယ့် YBS စနစ်အတွက်တော့ ရေရှည်ခရီးမှာ ခိုင်မာအားကောင်းပြီး အမှန်တကယ် ပြောင်းလဲလာတဲ့စနစ်ဖြစ်ဖို့ မဆုတ်မနစ် ကြိုးစားရုန်းကန်ရတော့မယ့် အခြေအနေပါ။ သူ့လွှတ်တော်အတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေက ပြန်လည် အဆိုတင် ထောက်ပြနေကြရတဲ့အထိ ဆိုးသွမ်းလာနေတဲ့ မထသတစ်ဖြစ်လဲ YBS စနစ်သစ်အတွက် တစ်ကျော့ပြန် ခေါင်းထောင်လာအောင် တွန်းအားရော တိုက်အားပါ ပူးပေါင်းပြီး လူအင်အား ငွေအင်အားသုံးပြီး ဥပဒေတွေအတိုင်း တိတိကျကျ ကျားကုတ်ကျားခဲ လုပ်ဆောင်ကြရတော့မယ့် အခြေအနေ ဆိုက်နေပါပြီ။

ဒီအတွက် နိဂုံးချုပ်ရရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဂုဏ် သတင်းကျော်စောချက်ဟာ YBS အပေါ်မှာ အများကြီး တည်မှီနေတယ်လို့ ပြောလို့ရနိုင်တဲ့ အခြေအနေ ဖြစ်တဲ့အတွက် မိမိတို့အစိုးရအဖွဲ့အနေနဲ့ အမှန်တကယ်သာ လူထုထောက်ခံမှုအားကို ရယူလိုပြီး အမှန်သာ အဟုတ် တကယ် ပြောင်းချင်တယ်ဆိုရင် အဟောင်းတွေကို ပြုတ်အောင် သတ္တိရှိရှိ တိုက်ထုတ်ပစ်မှသာ ရနိုင်မှာပါ။ ဒါမှသာ မှန်ကန်တဲ့လမ်းကြောင်းအပေါ်ကို တည့်မတ်စွာရောက်လို့ ပြည်သူအများ စိုးရိမ်သောက ပွားနေရတဲ့ YBS စနစ်ကိုလည်း အောင်အောင်မြင်မြင်နဲ့ ရှေ့ဆက်နိုင်မှာ အမှန်ဖြစ်တဲ့အကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

အောင်ဇေယျ (The Voice)

No comments:

Post a Comment