Latest News

Tuesday, April 25, 2017

သက်ကြီးဘိုးဘွား ထောက်ပံ့စရိတ် လစဉ်ပေးနိုင်ရန် ထွေအုပ်ရုံးများနှင့် ညှိနှိုင်းမည်

သက်ကြီးဘိုးဘွား ထောက်ပံ့စရိတ် လစဉ်ပေးနိုင်ရန် ထွေအုပ်ရုံးများနှင့် ညှိနှိုင်းမည်

ရန်ကုန်တိုင်းဒေသကြီးတွင် စာရင်း ကောက်ယူရရှိသော အသက် ၉၀ နှစ်အထက် သက်ကြီးဘိုးဘွား လေးထောင်ကျော်ကို လစဉ် ထောက်ပံ့စရိတ် ပေးနိုင်ရန် သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရုံးများနှင့် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။

“ထောက်ပံ့စရိတ်ကို လတိုင်းပေးဖို့ ဝန်ထမ်းအင်အား မလုံလောက်ဘူး။ ထုတ်ယူတဲ့နေရာမှာ လက်မှတ် အဆင့်ဆင့် ထိုးပြီးတော့ ထုတ်ရတဲ့အပိုင်းတွေ ရှိတယ်။ အခုဆို ဘိုးဘွား လေးထောင့်နှစ်ရာကျော် စာရင်းရှိနေတယ်။ ဧပြီလက ဇွန်လအထိ သုံးလစာ ပေါင်းပေးဖို့ စီစဉ်မယ်။ နောက်ပိုင်းဆို ထွေအုပ်နဲ့ညှိနှိုင်းပြီးတော့ လစဉ် ပေးနိုင်အောင် ကြိုးစားမယ်”ဟု တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်က ဆိုသည်။

အဆိုပါ ထောက်ပံ့စရိတ် လစဉ်ပေးရာတွင် ဘဏ်စာအုပ်သို့ ထည့်သွင်းပေးပို့ခြင်း၊ ငွေလွှဲပြောင်းပေးပို့ခြင်းနှင့် နေအိမ်သို့ တိုက်ရိုက် သွားရောက်ရမည့် နောက်ဆက်တွဲ အခြေအနေများတွင် တိုင်းလူမှုဝန်ထမ်း ဦးစီးဌာနအောက်ရှိ ဝန်ထမ်းအင်အားဖြင့် မလုံလောက်ခြင်းကြောင့် သက်ကြီးဘိုးဘွားများ၏ လစဉ်ထောက်ပံ့စရိတ် ကျပ် တစ်သောင်းကို ရန်ကုန် တိုင်းဒေသကြီးအနေနှင့် သုံးလလျှင် တစ်ကြိမ်နှုန်း သုံးသောင်းကျပ် ပေါင်းစည်း ပေးအပ်ရန် ဝန်ကြီးဌာနထံ တင်ပြလိုက်ခြင်းဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

အဆိုပါ ထောက်ပံ့စရိတ်ပေးရန် သက်ကြီးရွယ်အို စာရင်းကောက်ယူရာတွင် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ပေါင်း ၄၅ မြို့နယ် အနက်မှ လူဦးရေ ထူထပ်သည့် လှိုင်သာယာမြို့နယ်တွင် အသက် ၉၀ နှစ်နှင့် ၁၀ဝ ကြားရှိ သက်ကြီးဘိုးဘွားများ အများဆုံး ပါဝင်ကြောင်း မြောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ရန်ကုန်ရဲ့ လူဦးရေ ပျမ်းမျှမှာ လှိုင်သာယာ အများဆုံးလည်း ရှိသလို အခု သက်ကြီးဘိုးဘွား စာရင်းမှာပါ သက်ကြီးဘိုးဘွားပေါင်း ရာချီပြီးတော့ ပါတယ်”ဟု ၎င်းက ဆိုသည်။

အစိုးရ၏ လစဉ်ထောက်ပံ့ငွေ ကျပ်တစ်သောင်းနှုန်းမှာ ပမာဏအားဖြင့် နည်းပါးနိုင်သော်လည်း ဘိုးဘွားများ၏ လှူရေးတန်းရေးတို့တွင် အထောက်အပံ့ ဖြစ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး ထောက်ပံ့စရိတ် ခံစားခွင့် ရရှိရေးအတွက် လိုအပ်သော သန်းခေါင်စာရင်း၊ မှတ်ပုံတင်မိတ္တူ၊ ရပ်ကွက် ထောက်ခံချက်တို့ဖြင့် တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးသို့ မေလ ၁ ရက်တွင် စတင် လျှောက်ထားရမည်ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

The Voice

No comments:

Post a Comment