Latest News

Tuesday, April 25, 2017

မြောက်ကိုရီးယားက စစ်တပ်တည်ထောင်မှု ၈၅ နှစ်မြောက် စစ်ရေးလေ့ကျင့်မှု အကြီးအကျယ် ပြုလုပ်

မြောက်ကိုရီးယားက စစ်တပ်တည်ထောင်မှု ၈၅ နှစ်မြောက် စစ်ရေးလေ့ကျင့်မှု အကြီးအကျယ် ပြုလုပ်

စစ်ရေးလေ့ကျင့်မှုကို နိုင်ငံအရှေ့ပိုင်း ဆိပ်ကမ်းမြို့ ဝန်ဆန်မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ရေးတင်းမာနေတဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယား

နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံက စစ်တပ်တည်ထောင်မှု ၈၅ နှစ်မြောက် အခမ်းအနားကို ယနေ့ (ဧပြီ ၂၅ ရက်) ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားက စစ်တပ်တည်ထောင်မှု နှစ်ပတ်လည်နေ့ အခမ်းအနားကို လက်နက်များပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှုနဲ့အတူ ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားအစိုးရက ပြောပါတယ်။

ထိုအတောအတွင်း အမေရိကန်ရဲ့ နျူကလီးယား စွမ်းအင်သုံး ဒုံးကျည်ပစ်လွှတ်နိုင်တဲ့ ရေငုပ်သင်္ဘော USS Michigan က တောင်ကိုရီးယားသို့ ရောက်ရှိလာခဲ့ရာ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာနေပါတယ်။

မြောက်ကိုရီးယားက စစ်တပ်တည်ထောင်မှု ၈၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၆ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု သို့မဟုတ် ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုတစ်ခု ပြုလုပ်လာနိုင်ကြောင်း ခန့်မှန်းမှုတွေလည်း ရှိခဲ့ပါတယ်။ သို့သော် ယနေ့ (ဧပြီ ၂၅ ရက်) ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာတော့ ထိုသို့ စမ်းသပ်မှုများ မတွေ့ရဘဲ စစ်ရေးလေ့ကျင့်မှုကိုသာ အကြီးအကျယ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားစစ်တပ် တည်ထောင်ခြင်း ၈၅ နှစ်ပြည့် စစ်ရေးလေ့ကျင့်မှုကို နိုင်ငံအရှေ့ပိုင်း ဆိပ်ကမ်းမြို့ ဝန်ဆန်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားသတင်းဌာန ယွန်ဟပ်ရဲ့ အဆိုအရ ယနေ့ပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်မှုဟာ ကင်မ်ဂျုံအန်လက်ထက်မှာ အကြီးမားဆုံးဖြစ်ကြောင်းလည်း သိရပါတယ်။ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုများ ဆက်တိုက်လုပ်ဆောင်နေမှု၊ အမေရိကန်က ကိုရီးယားကျွန်းဆွယ်အနီး Carl Vinson လေယာဉ်တင်စစ်သင်္ဘော ဦးဆောင်တဲ့ တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စု စေလွှတ်ခဲ့မှုတွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်နေပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စုဟာ ကိုရီးယားကျွန်းဆွယ်အနီးကို ယခုသီတင်းပတ်ကုန်ပိုင်းမှာ ရောက်ရှိလာနိုင်ပါတယ်။ မြောက်ကိုရီးယားကလည်း အမေရိကန် လေယာဉ်တင်သင်္ဘောကို တိုက်ခိုက်နှစ်မြှပ်ပစ်ရန် အသင့်ရှိကြောင်း တုံ့ပြန်ပြောဆိုထားပြီး ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားစစ်ပွဲ ဖြစ်ပွားလာနိုင်မှုအပေါ် ဒေသတွင်း စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရပါတယ်။
Source & Photo: AFP, BBC:Duwun

No comments:

Post a Comment