Latest News

Friday, April 14, 2017

သင်္ကြန်တွင်းမှာ YBS ကားတွေကို တိုင်ကြားသူ မရှိသေး

သင်္ကြန်တွင်းမှာ YBS ကားတွေကို တိုင်ကြားသူ မရှိသေး

ဒီနေ့ သင်္ကြန်အကျနေ့အထိ သင်္ကြန်အတွင်းမှာ YBS ဘတ်စ်ကားတွေ ကားခပိုကောက်ခံတာ၊ ကားမထွက်တာ စတဲ့ကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားလာတာတွေ မရှိသေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီး၊ အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ပြောပါတယ်။

သင်္ကြန်တွင်းမှာ ယာဉ်လိုင်းအားလုံးကို ပုံမှန်ထွက်နေကျရဲ့ ၂၀ % ထွက်ကြဖို့ ပြောထားသလို ငွေပိုမကောက်ကြဖို့လည်း ညွှန်ကြားထားကာ လက်ရှိအချိန်ထိတော့ တိုင်ကြားလာမျိုးတွေ မရှိသေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူ ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ဒေါက်တာမောင်အောင် က ပြောပါတယ်။

"လိုင်းတိုင်းတော့ထွက်တယ်၊ လိုင်းတိုင်းကိုအနည်းဆုံး ၂၀ % ပေါ့လေ၊ ၁ ထောင်ဝန်းကျင်လောက်တော့ ထွက်တယ်၊  သူက ၂၀ %လောက် အနည်းဆုံးထွက်ရမယ်လို့ ပြောထားတယ်၊ ပိုမကောက်ဖို့တော့ပြောထားတယ်၊ ပိုကောက်တဲ့ဟာကို အခုဆရာတို့ဆီတော့ တိုင်တာမရှိဘူး၊ တိုင်ခဲ့လို့ရှိရင်လည်း ဆရာတို့ကတော့ အရေးယူမှာပဲ၊ ယာဉ်နံပါတ်နဲ့ အချိန်နဲ့ လိုင်းနဲ့ သေချာတိုင်ရင် ဆရာတို့အရေးယူသွားမှာပေါ့နော်။"

ဒီသင်္ကြန်အတွင်းပြေးဆွဲတဲ့ ယာဉ်လိုင်းတွေအနေနဲ့ အရင်ပုံမှန်ရက်တွေလိုမျိုး အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ထံ ပေးသွင်းရတဲ့ပိုက်ဆံ သွင်းစရာမလိုဘူးလို့လည်း ဒေါက်တာမောင်အောင် က ပြောပါ တယ်။

ပြောထားတဲ့အတိုင်း ယာဉ်လိုင်းတွေ တကယ် ထွက်/မထွက်ဆိုတာကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က လိုက်လံကြီးကြပ်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ ကစပြီး Air-Con ကားတွေဆို ၂၀၀ Air-Con တပ်ဆင်မထားတဲ့ YBS ကားတွေရဲ့ ယာဉ်စီးခတွေဆို ခရီးစဉ်အပိုင်းအလိုက် ၁၀၀ ကနေ စတင်ကောက်ခံဖို့ ပြောင်းလဲသတ်မှတ်ထားပါတယ်။

ဒါပေမဲ့ သင်္ကြန်တွင်းမှာ တချို့ကားတွေက ယာဉ်စီးခတွေကို ၅၀၀ ကျပ်အထိ ပိုကောက်နေတာတွေရှိနေတယ်ဆိုပြီး ခရီးသွားပြည်သူတွေရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ပုံမှန်ရက်တွေမှာ YBS ယာဉ်လိုင်းပေါင်း ၈၀ ကျော်ရှိပြီး တစ်ရက်ကိုယာဉ်အစီးရေ ၃ ထောင်ကျော်နဲ့ ပြေးဆွဲနေတာ ဖြစ်ပါတယ်။

RFA

No comments:

Post a Comment