Latest News

Friday, April 14, 2017

သင်္ကြန်လည်ပတ်သူတွေဆီက လက်နက်တွေကို ရဲတပ်ဖွဲ့ ရှာဖွေသိမ်းဆည်း

သင်္ကြန်လည်ပတ်သူတွေဆီက လက်နက်တွေကို ရဲတပ်ဖွဲ့ ရှာဖွေသိမ်းဆည်း

ရန်ကုန်သင်္ကြန်လည်ပတ်သူတွေအနေနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေ ဖြစ်တဲ့အခါ ပြင်းပြင်းထန်ထန်ထိခိုက်မှု မရှိစေရေးအတွက် သင်္ကြန်ကားတွေပေါ်မှာပါရှိတဲ့ အရက်ပုလင်းအခွံနဲ့ တုတ်၊ ဓါးလက်နက်တွေကို ရှာဖွေသိမ်းဆည်းတာတွေကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဆောင်ရွက်နေပါတယ်။

ရဲတပ်ဖွဲ့ရဲ့ဆောင်ရွက်မှုကို သင်္ကြန်လည်သူတွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုရှိတာကြောင့် အဆင်ပြေချောမွေ့မှုရှိတယ်လို့ ပြည်လမ်းက သင်္ကြန်မဏ္ဍပ်တွေကို လုံခြုံရေးစောင့်ကြပ်နေတဲ့ လှိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်လင်း ကပြောပါတယ်။

"ပုလင်းတွေသာပါသွားရင် ရိုက်နှက်ကြရင် လူ့အသက်အန္တရာယ် စိုးရိမ်ရမှုဖြစ်မှာစိုးလို့ ကျနော်တို့ ရဲတပ်ဖွဲ့က စေတနာကောင်းနဲ့ သူတို့ပျော်လည်းပျော် အန္တရာယ်ကင်းကင်းလည်း ပျော်နိုင်အောင် ကျနော်တို့က ကြွပ်ကြွပ်အိပ်တွေ အန္တရာယ်မဖြစ်စေတဲ့ဗူးတွေနဲ့ ပြောင်းထည့်ပေးတာပေါ့နော်။ မနှစ်ကလည်း ကျနော်တို့ ဒီအစဉ်လာကောင်းရှိတော့ ဒီနှစ်လည်း ဒီသင်္ကြန်လည်တဲ့ကားတွေကလည်း ပူးပေါင်းဆောင်ရွက်တာ ရှိပါတယ်။"

ဒါ့အပြင် သင်္ကြန်မဏ္ဍပ်တွေအနီးမှာ အရက်ဘီယာတွေ တရားဝင်ရောင်းချခွင့် မပေးထားတာကြောင့် ဈေးဆိုင်တွေအနေနဲ့ ရောင်းချမှုရှိ မရှိကို စစ်ဆေးပြီး သိမ်းဆည်းမှုတွေ ဆောင်ရွက်နေတယ်လို့လည်း ပြောပါ တယ်။

မဏ္ဍပ်တွေလုံခြုံရေးအတွက် မနက်ပိုင်းမဏ္ဍပ်မဖွင့်ခွင့်၊ နေလည်ထမင်းစားနားချိန်နဲ့ ညနေမဏ္ဍပ် ပိတ်သိမ်းချိန်တွေမှာ မိုင်းရှာဖွေရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ရန်ကုန်သင်္ကြန်လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား ငါးထောင်ကျော်နဲ့ လူမှုရေးအဖွဲ့အစည်းအင်အား သုံးထောင်ကျော် စုစုပေါင်းအင်အား ၈ ထောင်ကျော် ချထားဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

RFA

No comments:

Post a Comment