Latest News

Friday, April 14, 2017

ဘာပဲဖြစ်ဖြစ် မေတ္တာပို့ပေးလိုက်မယ်

ဘာပဲဖြစ်ဖြစ် မေတ္တာပို့ပေးလိုက်မယ်

အရင်တုန်းကတော့ အတိုက်အခိုက်ရန်များတဲ့အချိန်ရောက်မှ မေတ္တာပို့ဖို့သတိရတယ်။

လူတွေအပေါ် ကိုယ်ပေးနိုင်တဲ့လက်ဆောင်ထဲမှာ အမွန်မြတ်ဆုံးနဲ့အသန့်စင်ဆုံးနဲ့အလွယ်ဆုံး လက်ဆောင်ဟာ မေတ္တာပို့တာပဲ လို့သိလာတဲ့နောက်မှာတော့ ကျွ်နမအနေနဲ့ စိတ်အားတိုင်း လူတိုင်းကိုေ မတ္တာ ပို့ဖြစ်လာခဲ့တယ်။

တကယ်တော့ မေတ္တာပို့တယ်ဆိုတာ လူတိုင်း လုပ်ဆောင်နိုင်တဲ့  အကျိုးထူးလှတဲ့လုပ်ဆောင်ချက်ကြီးပါ။ ဆင်းရဲတဲ့သူ၊ ချမ်းသာတဲ့သူ၊ ပညာ တတ်၊ပညာမဲ့မရွေး၊ လူတန်းစားမေ၇ွး ပို့လို့ရတဲ့မေတ္တာဟာ ကိုယ့်အတွက်လည်း စိတ်အေးချမ်းစေတယ်.။ အကုသိုလ်ကင်းစင်စေတယ်လေ။။မေတ္တာပို့နေတဲ့ အချိန်တွေမှာ ဒေါသ၊ လောဘနဲ့မောဟက ကိုယ့်ဆီကို ၀င်မလာနိုင်ဘူးလေ။

ဒါကို သိလာတော့ကိုယ့်ကို ရန်လိုတဲ့သူ တွေ့မှမဟုတ်တော့ဘူး၊ ကိုယ်ချစ်တဲ့သူတွေကို သတိရမှ မဟုတ်တော့ဘူး။ အမြဲတမ်း မျက်စိလေးမှိတ်ပြီး ကိုယ်ကစပြီး ကိုယ့်မိသားစု ၀င်တွေ၊ မိဘနဲ့မောင်နှမ သားချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေ အသိမိတ်ဆွေတွေ၊ ကိုယ့်ကို အားပေး ပံ့ပိုးနေတဲ့သူတွေ တစ်ဦးချင်းဆီကို မြင်ယောင်ကြည့်ပြီး မေတ္တာပို့ဖြစ်လာပါတယ်။

ခုလို အလုပ်ပိတ်ရက်တွေမှာတော့ပိုပြီး လုပ်ဖြစ်လာတယ်။ မိတ်ဆွေတို့နဲ့ကျွန်မကို အားပေးပံ့ပိုးနေတဲ့သူတွေကိုလည်း  မေတ္တာစိတ်ကို မွေးမြူပျိုးထောင်ပေးတဲ့ အလေ့အကျင့်လေး ရရှိစေချင်လို့ မျှဝေတာပါ။

တကယ်တော့ ကျွန်မကိုယ်တိုင်ကလည်း လူတိုင်းကို မေတ္တာထားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ဘူးတယ်။ မေတ္တာစိတ်လေးထားပါ၊ မေတ္တာပွားပါလားလို့ ပြောတဲ့သူ သွန်သင်တဲ့သူတွေကိုလည်း အပိုတွေဆိုတဲ့အမြင်လည်း ရှိခဲ့ဖူးပါတယ်။

ကိုယ့်အပေါ် မကောင်းတဲ့သူတွေ၊ ကိုယ့်ကို တိုက်ခိုက်တဲ့သူတွေ၊ ကိုယ့်နောက်ကျောကို ဓါးနဲ့ ထိုးတဲ့သူတွေကို ဘယ်နှဲ့လုပ်ပြီး မေတ္တာထားနိုင်ပါ့မလဲ။ သူတို့အပေါ် မုန်းတီးစိတ် မဖြစ်ရင်တောင်မှ မေတ္တာထားဖို့သူတို့ကို စာနာ နားလည်ဖို့ ခက်ခဲခဲ့တာတော့ အမှန်ပါပဲ။

ဒါကြောင့်လည် အရာရာကို မေတ္တာစိတ်လေးနဲ့စဉ်းစားဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူးလို့  ကျွန်မက တွေးခဲ့တာကိုး။ပြီးတော့မေတ္တာဆိုတာ လူတိုင်းနဲ့ မတန်ဘူးလို့လည်း ယူဆမိပါသေးတယ်။

 သူ့ကို နားလည်မပေးနိုင်သေးလို့ပဲ ဖြစ်ဖြစ်၊ သူ့အပေါ်မကြည်မလင်ဖြစ်နေတဲ့ စိတ်ရှိနေလို့ပဲ ဖြစ်ဖြစ် သူ့အပေါ်ကို ခင်မင်တဲ့စိတ်မရှိလို့ပဲ ဖြစ်ဖြစ် ကိုယ့်မှာ မေတ္တာစိတ်ဆိုတာ မပေါ်ပါဘူး။

ကိုယ်ခင်မင်တဲ့သူတွေကို မေတ္တာစိတ် ၀င်တယ်၊ ကိုယ့်သားသမီးတွေအပေါ်ကို မေတ္တာစိတ် ၀င်တယ်ဆိုတာ ထူးဆန်းလှတာ မဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့ သူတွေအပေါ် မေတ္တာစိတ် ၀င်အောင် အားထုတ်ကြိုးပမ်းရတာမှ မဟုတ်တာ။ဒါတောင်မှသူတို့အပေါ် ဒေါသစိတ်ဝင်တဲ့အခါ မေတ္တာပို့ဖို့ ခက်ပါသေးတယ်။

ဒါပေမဲ့ကို်ယ်ချစ်တဲ့သူတွေကို မေတ္တာပို့ရင်းကနေ အားလုံးကို ပို့နိုင်အောင် ဒီကနေ စပြီး လေ့ကျင့်လို့ရတယ်ဆိုတာကို သိလာမိတယ်။ ပထမဆုံး ကိုယ်ချစ်တဲ့သူတွေအပေါ် မေတ္တာထားမယ်၊ သူတို့ကြောင့်စိတ်တို၊ဒေါသထွက်ရတယ်ဆိုရင်  အဲဒီဒေါသစိတ်ကို သူတို့အပေါ် နားလည်ပေးတဲ့စိတ်၊ ကိုယ်ချင်းစာနာတဲ့စိတ်နဲ့ ပြန်တွေးပါမယ်။

အဲလို ပြန်တွေး၊ သူတို့အပေါ် နားလည်စာနာလိုက်တာနဲ့သူတို့အပေါ် ထားတဲ့ မေတ္တာစိတ် ပျက်မသွားတော့ပါဘူး။

အဲဒီလို နည်းလမ်းနဲ့ကိုယ်ချစ်တဲ့သူတွေ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ဆက်ဆံနားလည်ကြည့်ပါမယ်။ စတုန်းကတော့ ခက်နိုင်ပါတယ်။ ဒါပေမဲ့စဉ်ဆက်မပြတ် အဲဒီစိတ်လေးကို ထားနေမယ်ဆိုရင်တော့ နောက်ပိုင်းမှာ ဒေါသစိတ် ၀င်လာခဲ့ရင်လည်း ခဏပဲ စိတ်ဆိုးမိတယ်။

ဒေါသစိတ်ခဏ၀င်ပြီး သူတို့အပေါ် စာနာစိတ်နဲ့မေတ္တာစိတ်က ချက်ခြင်း နေရာဝင်ယူပေးသွားတော့ကိုယ့်အနေနဲ့ သူတို့အပေါ် အမျက်ဒေါသနဲ့ နာကြည်းသွားတာမျိုး မရှိတော့ပါဘူး။

နောက် ကိုယ့်သိတဲ့သူတွေနဲ့ကို်ယ့်ကို သိတဲ့သူ ကိုယ်မသိတဲ့သူတွေ အားလုံးကိုလည်း သတိရတိုင်း တွေးပါ၊ပါးစပ်ကလည်း ဘယ်သူ့ကိုမဆို မေတ္တာထားမယ်၊ စေတနာ ထားမယ်လို့အခါအားလျော်စွာ ရွတ်ပေးခြင်းအားဖြင့် ကိုယ့်ရဲ့သိစိတ်မှာရော၊ မသိစိတ်မှာပါ စွဲထင်စေပါတယ်။

ဒါ့အပြင် နောက်တစ်ဆင့်အနေနဲ့ကိုယ့်ကို မကြိုက်တဲ့ သူ၊ ကိုယ့်ကို မလိုလားတဲ့သူပြီးတော့ကိုယ့်ကို ရန်သူသဖွယ်သဘောထားပြီး တိုက်ခိုက်နေတဲ့သူ ။ သူတို့ကိုလည်း မျက်စိထဲမြင်လာအောင်ကြည့်ပြီး သူတို့အေးချမ်းပျော်ရွှင်နေတဲ့ပုံကို မြင်ယောင်ပြီး မေတ္တာပို့ပါတယ်။

အဲဒီလို ပို့နေရင်းနဲ့တစ်ယောက်အပေါ်တစ်ယောက် သူ့အကျိုးကို လိုလားတဲ့စိတ်ဟာ မေတ္တာစိတ်ပါလားလို့သိလာရတဲ့အခါ ရန်သူကိုလည်း မေတ္တာထားဖို့မခက်တော့ဘူး လို့ နားလည်လာမိတယ်။

ဒါ့အပြင် တစ်ချိန်တည်းမှာပဲ အချိန်ရတိုင်း
မေတ္တာပို့တဲ့နည်းလမ်းကို သုံးကြည့်ရအောင်ပါ။ ပထမဆုံး မိသားစု၊ ဒုတိယ လုပ်ငန်းခွင်က သူတွေနဲ့ အသိမိတ်ဆွေ သူငယ်ချင်းတွေကို မေတ္တာပို့ပါမယ်။ သူတို့ရဲ့မျက်နှာလေးတွေ ကို မြင်ယောင်ကြည့်ပြီး ပို့ရအောင်ပါ။

အဲဒီလိုနဲ့ တဖြည်းဖြည်း မေတ္တာစိတ်တွေများပွားလာတဲ့အခါ ကိုယ့်အပေါ် မကောင်းတဲ့သူတွေ၊ ကိုယ့်အကျိုးစီးပွားကို ဖျက်ဆီးဖို့ ကြံစည်သူတွေ၊ ကိုယ့်နောက်ကျောကို ဓါးထိုးတဲ့သူတွေ ကိုပါ မေတ္တာစိတ်ထားနိုင်လာမယ်လို့ ယုံကြည်မိပါတယ်။

ကိုယ့်မှာ မေတ္တာစိတ်ဘယ်လောက်ရှိသလဲ ဆိုတာ သေချာသိဖို့ဆိုရင်တော့ကိုယ့်ကို တိုက်ခိုက်ခဲ့ဘူးတဲ့သူ၊ ကိုယ့်ကို ပျက်ဆီးရာ ပျက်ဆီးကြောင်း ကြံစည်ဘူးတဲ့သူ ပြောရရင် ကိုယ့်ရဲ့ ရန်သူတွေအပေါ်ကို မေတ္တာထားနိုင်ရဲ့ လား ဆိုတာကို ဆန်းစစ်ကြည့်ဖို့ လိုပါသတဲ့။

ရန်သူကိုတောင် မေတ္တာ ထားနိုင်တယ်ဆိုရင်တော့… ကိုယ်ဟာ မေတ္တာတရားကြောင့် အေးချမ်းပြီလို့ ဆိုနိုင်ပါသလဲ။ရန်သူကို မေတ္တာထားနိုင်ဖို့ ဆိုတာ တကယ်တော့ မလွယ်ပါဘူး။ ဒါပေမဲ့ လေ့ကျင့်ယူရင်တော့ ရနိုင်တာပါပဲ။

ကိုယ့်ရဲ့စိတ်ထဲမှာ ဘယ်သူ့ကိုမဆို မေတ္တာထားမယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ထားပြီးသား ဆိုရင်တော့ မဖြစ်နို်င်ဘူးဆိုတာလည်း မရှိတော့ပါဘူး။

 ကျွန်မတို့အနေနဲ့ လက်ကျန်ဘ၀လေးကို အေးချမ်းစွာနဲ့ နေထိုင်ရှင်သန်သွားချင်တယ်ဆိုရင်တော့မေတ္တာစိတ် ကြီးမားတဲ့သူ ဖြစ်အောင်၊ နောက်ဆုံး ရန်သူကိုတောင် မေတ္တာထားနိုင်တဲ့ကိုယ်ဖြစ်အောင် ကြိုးစားအားထုတ်ဖို့ လိုတယ်လို့ ကျွန်မ နားလည်လက်ခံလာခဲ့ပါတယ်။

ဘယ်လိုပဲ ရှိရှိ ကိုယ်နဲ့တွေ့တဲ့သူ ၊ စကားပြောတဲ့သူ ၊ ကိုယ်နဲ့ တစ်မိုးအောက်ထဲမှာ အတူတူ နေရတဲ့သူတိုင်းကို မေတ္တာထားပြီး ဆက်ဆံမယ်လို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် ဒီကနေ့က စပြီး လေ့ကျင့်မယ်ဆို ဖြစ်နိုင်မှာပါပဲ။

မည်သူ့ကိုမဆို ပြုံးပြတာမျိုး၊  ပြီးရင် ယဉ်ကျေး သိမ်မွေ့စွာ နှုတ်ဆက်တာမျိုးနဲ့စတင်လို့ရပါတယ်။ ကိုယ့်အပေါ် သူတို့ ဘယ်လို တုန့်ပြန်မလဲ ဆိုတာ အာရုံမထားပါနဲ့၊ သူတို့ရဲ့ တုန့်ပြန်မှုအပေါ်မှာ ကိုယ်က အာရုံထားမိတယ်ဆိုရင် သူတို့ရဲ့တုန်ပြန်မှုကို လိုက်ပြီး ကိုယ့်ရဲ့မေတ္တာစိတ်ထားဖို့ ခက်ခဲသွားနိုင်တယ် မဟုတ်လား။ အဲဒါကြောင့် ကိုယ်ရဲ့ နှုတ်ဆက်မှုအပေါ်မှာပဲ အာရုံစိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။

မေတ္တာတရား ထားနိုင်သမျှ ထားဖို့ပဲစဉ်းစားပါတယ်။ မေတ္တာတရားထားခြင်းအားဖြင့် အရှုံးဆိုတာ မရှိဘူးလို့လည်း ယုံတယ်။ လောကမှာ မေတ္တရားတရားလောက်အကောင်းဆုံးဆိုတာလည်း မရှိပါဘူးလို့လက်ခံထားပါတယ်။

ဒါကြောင့် ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းရှင်သန်ဖို့ နည်းလမ်းတစ်ခုဖြစ်တဲ့ မေတ္တာထားနိုင်ခြင်းကို လေ့ကျင့်မွေးမြူရင်း ကိုယ့်ဘ၀ကိုယ် ကယ်တင်နိုင်မယ်လို့ ယုံကြည်မိပါတယ်။

ကျွန်မရဲ့မေတ္တာပို့နည်းလေးကတော့ အရင်ဆုံးကိုယ့်ကိုယ်ကို အရင်ပို့ပါတယ်။

အရှင်ဘုရား တပည့်တော်မသည် ကျွန်မကိုယ်တိုင်ပင် စိတ်၏ ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံပြီး နှလုံး စိတ်ဝမ်းအေးချမ်းပါရစေ။

တပည့်တော်မကို ချစ်သောသူများအားလုံး၊ တပည့်တော်မက ချစ်ခင်ရသော သူများအားလုံးသည်လည်း စိတ်၏ ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံပြီး နှလုံး စိတ်ဝမ်းအေးချမ်းပါရစေ။

တပည့်တော်မကို သိသောသူများအားလုံး၊ တပည့်တော်မကို မသိသော သူများအားလုံးသည်လည်း စိတ်၏ ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံပြီး နှလုံး စိတ်ဝမ်းအေးချမ်းပါရစေ။

တပည့်တော်မကို မချစ်သောသူများ၊ မနှစ်သက်သော တပည့်တော်မကို ရန်သူ သဖွယ်သဘောထားလျက်ရှိပြီး၊ တပည့်တော်မ၏ အကျိုးစီးပွားပျက်ဆီးရာ ပျက်ဆီးကြောင်း ကြံစည်ဆောင်ရွက်လျက်ရှိသော  သူများအားလုံးသည်လည်း စိတ်၏ ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံပြီး နှလုံး စိတ်ဝမ်းအေးချမ်းပါရစေ။

၃၁ ဘုံသားအားလုံးတို့သည်လည်း နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

ကျေးဇူးတင်ပါတယ်ရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment