Latest News

Wednesday, April 19, 2017

အစိုးရနှင့် ဆွေးနွေးရာတွင် UWSA ဦးဆောင်သည့် ကော်မတီနှင့် ဆွေးနွေရန် မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ ဆုံးဖြတ်

အစိုးရနှင့် ဆွေးနွေးရာတွင် UWSA ဦးဆောင်သည့် ကော်မတီနှင့် ဆွေးနွေရန် မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ ဆုံးဖြတ်

အစိုးရနှင့်ဆွေးနွေးရာတွင် တစ်ဖွဲ့ချင်းစီမဆွေးနွေးဘဲ ၀ လက်နက်ကိုင်အဖွဲ့ UWSA ဦးဆောင်သည့် ကော်မတီဖြင့်သာ ဆွေးနွေးရန် မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့က ဆုံးဖြတ်ကြောင်း ပန်ခမ်း(ပန်ဆန်း)အစည်း အဝေးက ဧပြီ ၁၉ရက်တွင် ကြေညာသည်။

UWSA ဌာနချုပ် ပန်ခမ်းတွင် ဧပြီ ၁၅ရက်မှ ၁၉ရက်ထိ ကျင်းပသည့် အစည်းအဝေးသို့ UWSA၊ ကချင်လက်နက်ကိုင်အဖွဲ့ KIA၊ မိုင်းလားလက်နက်ကိုင်အဖွဲ့ NDAA၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP၊ တအောင်းလက်နက်ကိုင်အဖွဲ့ TNLA၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ တက်ရောက်ပြီး ယင်းသို့ ဆုံးဖြတ်ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ အမည်ဖြင့် ကော်မတီဖွဲ့စည်းပြီး ၄င်း၏ အောက်တွင် အတွင်းရေးမှူးအဖွဲ့၊ ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ တို့၏ ဖွဲ့စည်းမှုအမည်စာရင်းများကိုလည်း အတည်ပြုခဲ့ကြောင်း ထုတ်ပြန်သည်။

နိုင်ငံရေးဆွေးနွေးမှုအပေါ် အထွေထွေမူဝါဒနှင့် ရပ်တည်ချက်ကိုလည်း အတည်ပြုခဲ့ပြီး အစိုးရနှင့် ဆွေးနွေး ညှိနှိုင်းမည့် ဘုံစာတမ်းအဖြစ် လက်နက်ကိုင်ခုနစ်ဖွဲ့က အတည်ပြုခဲ့သည်။

“ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အခြေအနေကို ဘယ်လိုအာမခံမှုတွေ ပေးဖို့လိုသလဲ။ ပြီးတော့ ပြည်ထောင်စု နိုင်ငံ စစ်စစ်မှန်မှန်ကို ကျွန်တော်တို့ ဘယ်လို အတူတည်ဆောက်ကြမလဲ။ ပြီးတော့ နှစ်ဖက် ပစ်ခက်တိုက်ခိုက်နေတဲ့ ပြည်တွင်းစစ်ကို ဘယ်လို ရပ်စဲမလဲ ဒီ အခြေခံသဘောထားတွေ ဆွေးနွေးဖို့ဖြစ်ပါတယ်” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာ့ဘုန်းကျော်က ဆိုသည်။

ဆက်လက်၍ ၄င်းက “ကျွန်တော်တို့ ပြင်ဆင်ထားတဲ့ ကော်မတီအဖွဲ့မှာ ကျန်တဲ့ အခြားတိုင်းရင်းသားအဖွဲ့တွေလည်း ပါဝင်လာမယ်ဆိုရင် ကျွန်တော်တို့ တံခါးဖွင့်ထားတယ်။ ပါဝင်ဖို့အတွက်လည်း ကျွန်တော်တို့ ချဉ်းကပ်ထားတယ်။ ဥပမာ မွန်အဖွဲ့တို့ ကရင်နီအဖွဲ့တို့ကိုလည်း ကျွန်တော်တို့ ရှင်းပြသွားဖို့ရှိပါတယ်” ဟု ဆိုသည်။

ယခုကော်မတီတွင် ပါဝင်သည့် ကချင်လက်နက်ကိုင်အဖွဲ့ KIA၊ ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP တို့အပါအ၀င် လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့တို့သည် ၀လက်နက်ကိုင်အဖွဲ့ UWSA ၏ ဦးဆောင်မှုဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လက်မှတ်မထိုးဘဲ နိုင်ငံရေးဆွေးနွေးရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကျင်းပခဲ့သော ပန်ခမ်းအစည်းအဝေး ဆုံးဖြတ်ချက်အပေါ် ယခုကဲ့သို့ ထပ်မံအတည်ပြုခဲ့ခြင်းဖြစ်သည်။

KIA နှင့် SSPP တို့သည် NCA မထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့များနှင့်စုဖွဲ့ထားသည့် UNFC အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်သည်။ UNFC လက်ရှိဥက္ကဋ္ဌ မှာ KIA ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဖြစ်သည်။ သို့ရာတွင် ပန်ခမ်းအစည်းအဝေးသို့ ဗိုလ်ချုပ်ကြီး အင်ဘန်လကိုယ်တိုင် တက်ရောက်ခဲ့ခြင်းဖြစ်သည်။

UNFC ကိုယ်စားလှယ်အဖွဲ့ DPN အနေဖြင့်ပြီးခဲ့သည့် မတ်လက အစိုးရနှင့် NCA လက်မှတ်ထိုးနိုင်ရေး ဆွေးနွေးရာ UNFC အဆိုပြုသည့် အဆိုပြုချက်အားလုံးနီးပါး မူအားဖြင့်သဘောတူညီမှုရရှိခဲ့သည်။ သို့ရာတွင် ယင်းသဘောတူညီချက်များ အတည်ပြုနိုင်ရေး ထပ်မံမဆွေးနွေးနိုင်သေးပေ။

UNFC အဖွဲ့ဝင်အဖွဲ့အစည်းတစ်ခုဖြစ်သော မွန်လက်နက်ကိုင်အဖွဲ့ NMSP အနေဖြင့် UWSA ဦးဆောင်သည့် ကော်မတီတွင် ပါဝင်မည်မဟုတ်ဘဲ NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးဆောင်ရွက်မည်ဟု NMSP ပြောရေးဆိုခွင့်ရှိသူ နိုင်ဝင်းလှက ထုတ်ဖော်ပြေကြားထားသည်။

သတင်းထောက်-အောင်ဇော်ထွန်း(7Day News)

No comments:

Post a Comment