Latest News

Monday, April 10, 2017

အမေရိကန်ရေတပ်က လေယာဉ်တင်သင်္ဘောသစ် USS Gerald R.Ford ကို ရေချစမ်းသပ်

အမေရိကန်ရေတပ်က လေယာဉ်တင်သင်္ဘောသစ် USS Gerald R.Ford ကို ရေချစမ်းသပ်

အမေရိကန်ရေတပ်အတွက် လေယာဉ်တင် သင်္ဘောသစ်ဖြစ်သော USS Gerald R.Ford အား ဧပြီ ၈ ရက်နှောင်းပိုင်းတွင် ပင်လယ်တွင်း စမ်းသပ်စစ်ဆေးမှုများအတွက် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဒေါ်လာ ၁၂ ဒသမ ၉ ဘီလျံ အကုန်အကျခံ တည်ဆောက်ထားသော ယင်းနောက်ဆုံးပေါ် လေယာဉ်တင်သင်္ဘောသည် အဆင့်မြင့် နည်းပညာစနစ်များအတွက် ကြန့်ကြာမှုများကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရသည်။ ၂၀၀၉ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့သော ယင်း စစ်လေယာဉ်တင်သင်္ဘောအား ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် တည်ဆောက်ပြီးစီးပြီး ဒေါ်လာ ၁၀ ဒသမ ၅ ဘီလျံကုန်ကျမည်ဟု မျှော်မှန်းခဲ့သည်။

တန် ၁၀၀,၀၀၀ ရှိပြီး လေယာဉ် ၇၅ စင်း ဆိုက်ကပ်ထားနိုင်သည့် လေယာဉ်ရပ်နားရန် ငါးဧက ကျယ်ကုန်းပတ်နေရာ ပါဝင်သည့် သင်္ဘောတည်ဆောက်ရေးအတွက် သင်္ဘောတည်ဆောက်သူ ၅၀၀၀ ခန့်ပါဝင် တည်ဆောက်ခဲ့ကြရသည်။ ၁၁၀၆ ပေရှည်ပြီး ပေ ၂၅၀ မြင့်၍ တစ်နာရီ ၅၆ ကီလိုမီတာနှုန်းအထိ  ခုတ်မောင်းနိုင်ပြီး တစ်ရက်လျှင် လေကြောင်းတိုက်ခိုက်မှု ၂၂၀ ဆောင်ရွက်နိုင်သော USS Gerald R.Ford သည် ရေတပ်သင်္ဘောသား ၁၀၀၀ ကျော်ကို တင်ဆောင်၍ ဗာဂျီးနီးယားရှိ Huntington Ingalls Industries-Newport News Ship building မှ ထွက်ခွာလာခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ USS Gerald R.Ford  သည် ပင်လယ်ပြင်တွင် စမ်းသပ်ပြေးဆွဲမှု ပြီးဆုံးပါက ဗာဂျီးနီးယားရှိ ဆိပ်ကမ်းသို့ ပြန်လာမည်ဖြစ်ပြီး ရေတပ်စစ်ဆေးရေးမှူးများက ဆောင်ရွက်သည့် လက်ခံအဆင့် စမ်းသပ်မှုများကို ထပ်မံဆောင်ရွက်ရန် ပြေးဆွဲမည်ဖြစ်သည်။ လက်ရှိစီစဉ်ထားမှုအရ USS Gerald R.Ford သည် ၂၀၂၁ ခုနှစ်မတိုင်မီအထိ တိုက်ပွဲဝင်အသင့် အနေအထားသို့ ရောက်ရှိမည်မဟုတ်ဟု ဆိုသည်။

အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့်သည် မတ်လက Newsport News ရှိ သင်္ဘောကျင်းသို့ သွားရောက်ခဲ့ပြီး စစ်အသုံးစရိတ်များ လျှော့ချမည့် သူ၏အစီအစဉ်ကို ကြေညာခဲ့သည်။

USS Gerald R.Ford သည် အမေရိကန်၏ မျိုးဆက်သစ် စစ်သင်္ဘောများဖြစ်သည့် Ford Class အဆင့်တွင် ပထမဆုံးစစ်သင်္ဘောဖြစ်ပြီး Ford Class  ဖြစ်သည့် USS John F.Kennedy သည် ၂၀၂၀ ပြည့်နှစ်တွင် ရေတပ်၌ စတင်တာဝန်ထမ်းဆောင်ရန် ရည်မှန်းထားသည်။ Ford Class  စစ်သင်္ဘောများသည် ၁၉၇၅ ခုနှစ်က ရေတပ်၌ အသုံးပြုခဲ့သော Nimitz Class  နောက်ပိုင်း အဆင့်မြင့်ခဲ့သည့် ပထမဆုံးလေယာဉ်တင် သင်္ဘော ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment